ရွှေကူနယ်အတွင်း KIO တားမြစ်ထားတဲ့နေရာမှာရွှေတူးဖော်မှုဆက်ရှိနေ
ကချင်ပြည်နယ် ရွှေကူမြို့နယ်ထဲမှာ ရွှေတူးဖော်မှုတွေကိုတားမြစ်ကြောင်း KIO အမိန့်စာထုတ်ထားပေမယ့် မြို့ပေါ်ရပ်ကွက်ဧရိယာထဲမှာ ရွှေတူးဖော်မှုတွေဆက်ရှိနေတယ်လို့ ဒေသခံတွေပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ KIO က ရွှေကူနယ်တွင်းရွှေတူးဖော်မှုနဲ့ပတ်သက်ပြီး အမိန့်စာတစ်စောင်ထုတ်ပြန်ခဲ့ပါတယ်။
အမိန့်ကြေညာချက်ထဲမှာ အဓိကဖော်ပြထားတာက ရွှေကူမြို့ပေါ် ရပ်ကွက်၁၊ ရပ်ကွက် ၂၊ရပ်ကွက် ၃၊ရပ်ကွက် ၄ စတဲ့ရပ်ကွက်တွေအပါအဝင် မြို့ကူမြို့နယ်ထဲက ဧရာဝတီမြစ်ကြောင်းတစ်လျှောက်မှာ ရွှေတူးဖော်မှုတွေကို တားမြစ်တယ်လို့ ဆိုထားပါတယ်။
ဒါပေမယ့် ဖေဖော်ဝါရီလ နောက်ဆုံးအပတ်ကစပြီး စစ်ကောင်စီတပ်က ရွှေတူးဖော်မှုကို ပြန်လည်ခွင့်ပြုလိုက်တယ်လို့ ရွှေကူဒေသခံအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။
“ပြန်လုပ်နေကြပြီဗျ မြို့ခံတွေထဲကတစ်ချို့စုန်းပြူးတွေနဲ့လုပ်ငန်းရှင်တွေလုပ်ကြတာဗျ ရွှေကူ ရပ်ကွက် ၁၊၂၊၃၊၄ ပါအခုလုပ်နေတာက”လို့အသက် ၅၀ ကျော်အရွယ် အထက်ဖော်ပြပါအမျိုးသားကပြောပါတယ်။
လက်ရှိတူးဖော်နေတဲ့လုပ်ငန်းရှင်တွေထဲမှာ ရွှေကူမြို့ထဲက မြို့ခံလုပ်ငန်းရှင်တွေ၊စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေနဲ့ဗန်းမော်ဘက်ကလုပ်ငန်းရှင်တွေ အများဆုံးပါဝင်တယ်လို့ သိရပါတယ်။

“စကစနဲ့ပေါင်းနေတဲ့အဖွဲ့တွေပါ့ စစ်တပ်နဲ့အပေးအယူတည့်ပြီးလုပ်နေကြတာ ရွှေကူအထိုင်တပ်ကခွင့်ပြုပေးလို့လေးသူတို့ဆီအခွန်ဆောင်ပြီးတူးတာဟုတ်တယ်”လို့ နောက်ထပ်ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။
ဒီရွှေတူးဖော်မှုကို မြို့ပေါ် ရပ်ကွက် ၁၊၂၊၃၊၄ နယ်မြေ ဧရာဝတီမြစ်ကြောင်းလျှောက်မှာ ရွှေမော်တော်တွေ၊သံခွန်စက်လှေတွေနဲ့တူးဖော်နေပြီး ခန့်မှန်း အစီး ၃၀ ထက်မနည်းရှိတယ်လို့သိရပါတယ်။
အခုလိုမြစ်ကမ်းဘေးရွှေတူးဖော်မှုကြောင့်မြစ်ကြောင်းပျက်စီးတာ၊ ပတ်ဝန်းကျင်ထိခိုက်ပျက်စီးတာတွေကြောင့် ဒေသခံတွေကန့်ကွက်မှုရှိနေပေမယ့် ထိရောက်မှုမရှိဘူးလို့ ဒေသခံတွေပြောပါတယ်။
“ရွှေတူးတော့မြစ်ရေကနှောက်တယ် တစ်ချို့ဒီကပဲသုံးရေသုံးကြတာ အခုသုံးလို့မရတော့ဘူး နောက်ပိုင်းမိုးတွင်းတွေမှာဆိုရင် မိုးရေလွှမ်းနိုင်တယ် ထိထိရောက်ရောက်တားဆီးသင့်တယ်”လို့အထက်ဖော်ပြပါအသက် ၅၀ ကျော်အရွယ်အမျိုးသားကဆက်ပြောပါတယ်။
ရွှေကူမြို့ဟာ ဧရာဝတီမြစ်ကမ်းဘေးမှာတည်ရှိတဲ့မြို့ဖြစ်တာကြောင့် မြစ်ကမ်းဘေးမှာရှိတဲ့ ဒေသခံတစ်ချို့ကတော့ မြစ်ရေအသုံးပြုသူတွေရှိတယ်လို့ သိရပါတယ်။
ဒါပေမယ့် ရွှေတူးဖော်မှုစတင်လာနေ့ကစပြီး ရေတွေနှောက်နေပြီး သုံးဖို့အဆင်မပြေတာတွေကြုံတွေ့နေရတယ်လို့ ဒေသခံတွေပြောပါတယ်။
အဲ့ဒီရွှေတူးဖော်မှုတွေကို ၂၀၂၅ ခုနှစ်ကတည်းကလုပ်ဆောင်နေတာဖြစ်ပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက KIOရဲ့ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရွှေတူးဖော်မှုတားမြစ်လိုက်ကြောင်း အမိန့်စာကြောင့် ရက်ပိုင်းနားခဲ့ပေမယ့် ဖေဖော်ဝါရီ လကုန်းပိုင်းလောက်မှာပဲ ပြန်လည်တူးဖော်နေတာလို့သိရပါတယ်။
အခုလိုမြို့ပေါ်ရွက်ကွက်ဧရိယာမှာရွှေတူးဖော်မှုကြောင့်မြို့ခံတွေသုံးရေခက်ခဲတဲ့အပြင် ဆက်လက်ဆက်တူးဖော်နေမယ်ဆိုရင် မြစ်ကမ်းဘေးအနီးရှိ စိုက်ခင်းတွေ၊အိမ်ယာတွေထိခိုက်လာမှာဒေသခံတွေစိုးရိမ်နေကြောင်းသိရပါတယ်။
ရွှေကူမြို့နယ်ထဲမှာတော့ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရွှေတူးဖော်မှုဟာ စစ်အာဏာသိမ်းနောက်ပိုင်း ၂၀၂၃၊၂၀၂၄ ခုနှစ်တွေကတည်းကဖြစ်ပါတယ်။
သို့ပေမယ့် ၂၀၂၄၊၂၀၂၅ ခုနှစ်တွေမှာတော့ ဗန်းမော်မြို့နယ်အစပ်ရွှေကူနယ်ထဲက နောင်မိုကနေစပြီး စစ်ကိုင်းအစပ် ဘိုကုန်းကျေးရွာအထိရွှေကူတစ်မြို့နယ်လုံးနီးပါးက ဧရာဝတီမြစ်ကြောင်းတစ်လျှောက်လုံးမှာစက်လှေ၊ သံခွန်တွေအသုံးပြုပြီးရွှေအလွန်အကျွံတူးဖော်နေတာကြောင့် ရွာပေါင်း ၂၀ နီးပါးလောက်က လယ်ယာစိုက်ခင်းတွေပျက်စီးခဲ့ရပါတယ်။
ဒါကြောင့် KIO က ရွှေကူမြို့နယ်အတွင်း ဧရာဝတီမြစ်ကြီးတစ်လျှောက်ရွှေတူးဖော်မှုတွေကို ၂၀၂၆ ခုနှစ် မတ်လ ၆ ရက်နေ့ကနေစပြီးတားမြစ်လိုက်ကြောင်း အမိန့်စာထုတ်ခဲ့ပေမယ့် မြို့ဧရိယာမှာတော့ တချို့လုပ်ငန်းရှင်တွေက စစ်ကောင်စီနဲ့ပေါင်းပြီးအခုလိုတူးဖော်နေတာဖြစ်ပါတယ်။
ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တစ်ကြောကို ဖြတ်သန်းစီးဆင်းနေတဲ့ ဧရာဝတီမြစ်ကြောင်းပေါ် ရွှေတူးဖော်မှုတွေဟာတစ်နှစ်ထက် တစ်နှစ် ပိုမိုတိုးလာပြီး မြစ်ကမ်းနံဘေးအပြင် တစ်ချို့ဆိုမြစ်အလယ်ထိ ရွှေဖောင်စက်ကြီးတွေနဲ့တူးဖော်လာနေကြတယ်လို့ ဒေသခံတွေ ပြောပါတယ်။
သမိုင်းနောက်ခံအရ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်မှာ ရွှေတူးဖော်မှုကို ယခင်က လက်လုပ်လက်စား၊အသေးစားတူးဖော်ကြပေမယ့် နောက်ပိုင်းမှာ စက်ပစ္စည်းအသုံးပြုပြီး တူးဖော်မှုတွေ ကျယ်ပြန့်လာခဲ့တာကြောင့် မြစ်ရေမည်းသွားတာ၊ မြစ်ကြောင်းပြောင်းလဲတာ၊ ကမ်းပါးပျက်စီးတာတွေ ဖြစ်လာနေတယ်လို့ ဒေသခံတွေ ပြောပါတယ်။
By – Zaw Zaw



