ဖားကန့်မှာ မိုင်းပေါက်ကွဲရာကနေ အမျိုး သား နှစ်ဦးသေဆုံး
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဘလခမှော်ကျေးရွာနဲ့ မှော်စီစာကျေးရွာတို့မှာ မတ်လ ၁၅ ရက်နေ့တစ်ရက်တည်းမှာပဲ အမျိုးသား ၂ ဦး မိုင်းပေါက်ကွဲရာကနေ ခန္ဓာအစိတ်အပိုင်းတွေတစ်စစီပြတ်ထွက်ပြီးသေဆုံးခဲ့ရတဲ့ဖြစ်စဥ်နှစ်ခုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေ ဆီကသိရပါတယ်။
ဘလခမှော်ကျေးရွာမှာဖြစ်ပွားခဲ့တဲ့ဖြစ်စဥ်ကတော့ ကျောက်ရှာဖွေသူလို့ယူဆရတဲ့ အမျိုးသား တစ်ဦး မိုင်းနင်းမိရာမှသေဆုံးသွားခဲ့တာဖြစ်ပြီး လုံးခင်းကျေးရွာကဖြစ်စဥ်ကတော့ မိုင်းပေါက်ကွဲသံထွက်ပေါ်ပြီးတဲ့နောက် လမ်းပေါ်နဲ့မီးကြိုးတွေပေါ်အထိကို အသားစတွေပြန့်ထွက်ပြီး သေဆုံးနေတာကို ဒေသခံတွေတွေ့ရှိခဲ့ရတာဖြစ်ပါတယ်။
“နှစ်နေရာဖြစ်သွားတာပါ။ ဗလခမှော်မှာက ကျောက်ရှာရင်းနဲ့နင်းမိတဲ့လူကတစ်ယောက်ဟုတ်တယ်။မှော်စီစာနားမှာက ညပိုင်းကို မိုင်းကွဲပြီးမှာထိသွားတာတစ်ယောက်ဟုတ်တယ်။ နှစ်နေရာဖြစ်တာပါ”လို့ဖားကန့်မြို့ခံအမျိုးသားတစ်ဦးကပြောပါတယ်။
ဖားကန့်မြို့မှာ အခုလို မိုင်းနင်းမိ၊ မိုင်းပေါက်ကွဲရာကနေ သေဆုံးဒဏ်ရာရတာတွေမကြာခဏဖြစ်ပွားလေ့ရှိပြီး ဒေသခံတွေအနေနဲ့ လည်း မိုင်းအန္တရာယ်သတိပြုကြဖို့အထူးလိုအပ်ကြောင်း တော်လှန်ရေးအင်အားစုတွေဘက်ကပြောပါတယ်။

တောင်ပြိုနဲ့ ဘလခဒေသတွေကတော့ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့နေရာတွေဖြစ်သလို စစ်ရေးအခြေနေကြောင့် လူနေထိုင်မှု လည်း နည်းတယ်လို့သိရပြီး သွားလာရင်းနဲ့ မိုင်းနင်းမိတာဖြစ်နိုင်တယ်လို့လည်း ဒေသခံတွေက ခန့်မှန်းထားပါတယ်။
“တောင်ပြို ဘလခက စစ်ကောင်စီထိန်းချုပ်ထားတဲ့နေရာတွေဟုတ်တယ်။ အဲ့မှာပြည်သူတွေလည်းသိပ်မနေကြပါဘူး။ သွားသွား လာလာဖြတ်သွားဖြတ်လာလုပ်ရင်းနဲ့မိုင်းနင်းမိတဲ့သဘောလားမသိပါဘူး။ စစ်ရေးတင်းမာနေတဲ့အရပ်ဒေသတွေလို့ ပြောရမှာ ပေါ့ဗျာ။ ရမ်းသမ်းပစ်ခတ်တဲ့သဘောမျိုးတွေပါ”လို့အထက်ပါဒေသခံကပဲဆက်ပြောပါတယ်။
ဒါ့အပြင် အဲဒီဒေသမှာ စစ်ရေးတင်းမာမှုတွေ ဆက်တိုက်ရှိနေပြီး လက်နက်ကြီးပစ်တာ၊ ဒရုန်းနဲ့တိုက်ခိုက်တာတွေကလည်း နေ့တိုင်းလိုလို ဖြစ်နေဆဲလို့ ဒေသခံတွေကပြောပါတယ်။
ကမ္ဘာတစ်ဝှမ်းမှာ မြန်မာနိုင်ငံဟာ မြေမြုပ်မိုင်းနဲ့ပေါက်ကွဲစေတတ်တဲ့ စစ်ပွဲကျန်လက်နက်ပစ္စည်းတွေကြောင့် သေဆုံးဒဏ်ရာရမှု တွေအများဆုံးဖြစ်လာတယ်လို့ Landmine Monitar အဖွဲ့ရဲ့အစီရင်ခံစာအရသိရပါတယ်။
၂၀၂၁ ခုနှစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း နိုင်ငံတစ်ဝှမ်းစစ်ပွဲတွေရဲ့နောက်ဆက်တွဲအခြေနေ ဘယ်လောက်ဆိုးရွားနေသလဲဆိုတာ ကို ဒီအစီရင်ခံစာတွေကဖော်ပြနေပြီး မြေမြုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာရရှိသူ သေဆုံးသူတွေရဲ့ ၈၆ ရာခိုင်းနှုန်းဟာ ပြည်သူတွေ ဖြစ်တယ်လို့ အဆိုပါအစီရင်ခံစာမှာတွေ့ရပါတယ်။
By – Hope



