မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ၊ လုံးတုံကျေးရွာမှာရှိတဲ့ စစ်တပ်ရဲ့ရှေ့တန်းကာကင်းစခန်းတွေ တိုက်ခိုက်ခံရပြီးနောက် KIA နဲ့ ရှမ်းနီ SNA တပ်ဖွဲ့ကြား စစ်ရေးတင်းမာမှုတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၁၂ ၊ ၁၃ ရက်နေ့နောက်ပိုင်း မိုင်းနောင်ကျေးရွာနဲ့ တစ်ဆက်တည်းရှိတဲ့ ဖားကန့်သွားလမ်းပေါ် က လုံးတုံကျေးရွာ စစ်တပ်စခန်းနေရာကို ဦးတည်ပြီး ကချင်လွတ်လပ်ရေးတပ်မတော် KIA က ဒရုန်းလက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေလုပ်ဆောင်ခဲ့ပါတယ်။
လက်ရှိ လုံးတုံကျေးရွာပတ်လည်တစ်လျှောက် ရှမ်းနီ SNA တပ်တွေနဲ့ KIA တပ်တွေကြား အပြန်အလှန်ပစ်ခတ်မှုလုပ်ဆောင်နေတဲ့အခြေအနေနဲ့ ပတ်သက်ပြီး မိုင်းနောင်ဒေသခံအမျိုးသမီးတစ်ဦး KNG ကိုအခုလိုပြောပါတယ်။
“KIA ဘက်ကနေ တိုက်နေတာဟုတ်တယ်။ဒီတစ်ရက် နှစ်ရက်က ဒရုန်းတွေနဲ့ ပစ်လိုက်နားလိုက်နဲ့ ရှိနေတယ်။ဒီလုံးတုံထဲမှာ စစ်တပ်နဲ့ SNA တွေတပ်စွဲထားတဲ့ကုန်းနေရာတွေကို ပစ်မှတ်ထားပြီးတိုက်ခိုက်နေတာဟုတ်တယ်။ ပြီးခဲ့တဲ့ ၁၃ ရက်နေ့မှာဖြစ်တဲ့တိုက်ပွဲမှာဆိုရင် SNA တပ်တွေဘက်က သေဆုံးမှုရှိခဲ့တယ်”လို့ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၁၃၊ ၁၄ ရက်တွေမှာ KIA ရဲ့ ပစ်ခတ်တိုက်ခိုက်ခံရမှုကြောင့် လုံးတုံကျေးရွာရှိ စစ်တပ်ကုန်းနေရာကို လုံခြုံရေးရယူထားတဲ့ ကားကင်းတပ်စခန်း ၃ နေရာလောက်ကို KIA ဘက်က လက်နက်ခဲယမ်းတွေနဲ့အတူသိမ်းပိုက်ရရှိခဲ့တာဖြစ်ပါတယ်။
KIA ဘက်ကသိမ်းပိုက်ရရှိခဲ့တဲ့ ကာကင်းတပ်စခန်းနေရာတွေဟာ ဟဲပန်လမ်းခွဲနဲ့ မာန်ပုပ်နေရာတွေမှာ တပ်ချထားတဲ့ ကာကင်းနေရာတွေဖြစ်တယ်လို့သိရပါတယ်။

လက်ရှိ KIA တပ်အနေနဲ့ အင်းတော်ကြီးအရှေ့ဘက်ခြမ်း နန့်မွန်မြို့နဲ့အနီးဆုံးဖြစ်တဲ့ ဆနွန်းကုန်း၊ အင်သာဘက်ကို စစ်ရေးအသာစီးရနိုင်ဖို့ လုံးတုံစစ်တပ်စခန်းရှိတဲ့ နေရာဘက်ကို ဦးတည်ပြီး တိုက်ခိုက်လာတဲ့အခြေအနေဖြစ်တယ်လို့ သတင်းအရင်းအမြစ်တွေပြောပါတယ်။
ဒါ့အပြင် နန့်မွန်းမြို့ကနေ မမုံကိုင်၊ မိုင်းနောင် ကျေးရွာတစ်လျှောက် စစ်တပ်နဲ့ ရှမ်းနီး SNA တပ်တွေရဲ့ ထောက်ပို့လမ်းကိုပါ ထိန်းချုပ်နိုင်ဖို့အတွက် လုံးတုံစစ်တပ်စခန်းဟာ အလွန်အရေးပါတဲ့ နေရာတစ်ခုဖြစ်တယ်လို့ သိရပါတယ်။
ဒါကြောင့် လုံးတုံစစ်တပ်စခန်းကို ဦးတည်ပစ်ခတ်လာတဲ့ စစ်ရေးအခြေအနေနဲ့ ပတ်သက်ပြီး အထက်ပါ အမျိုးသမီးတစ်ဦးက အခုလိုဆက်ဆိုပါတယ်။
“ဟိုအရင်ကတည်းကနေ တိုက်ပွဲတွေဘယ်လောက်ရှိလာပေမယ့် လုံးတုံစခန်းကို တိုက်ခိုက်လာတာမျိုးမရှိခဲ့ဖူးဘူး။ အခုက KIA ဘက်က စတင်တိုက်ခိုက်လာတဲ့အခြေအနေမှာရှိလာပြီဖြစ်တဲ့အတွက် လုံးတုံစခန်းကိုရအောင်သိမ်းဖို့လုပ်လာတယ်လို့မြင်ပါတယ်။ အရင်တုန်းကဆို စစ်ကြောင်းမထိုးလာနိုင်ဖို့အတွက် လမ်းပိတ်တဲ့အဆင့်လောက်သာရှိတယ်”လို့ပြောပါတယ်။
အင်းတော်ကြီးဒေသထဲမှာရှိတဲ့ နန့်မွန်မြို့အပါ မိုင်းနောင်၊ မမုံကိုင်စတဲ့ကျေးရွာနေရာတွေဟာ ပြီးခဲ့တဲ့ ၂၀၂၅ ဇွန်လလောက်အထိ KIA ရဲ့ ထိန်းချုပ်နယ်မြေအဖြစ်ရှိနေခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် ဇူလိုင်လလောက်မှာ စစ်တပ်နဲ့ ရှမ်းနီ SNA ပြည်သူ့စစ်အဖွဲ့တွေရဲ့ထိုးစစ်ကြောင့် မိုင်းနောင်နဲ့ မမုံကိုင်ကျေးရွာနေရာကို KIA ကလက်လွတ်လိုက်ရတာဖြစ်ပါတယ်။
၂၀၂၅ ခုနှစ် ဩဂုတ်လထဲမှာပဲ လက်လွတ်နေရာတွေကို ပြန်ရဖို့ KIA ကတန်ပြန်ထိုးစစ်ဆင်ပြီး မမုံကိုင်နဲ့ မိုင်းနောင်ကျေးရွာနှစ်ခုစလုံးကို တိုက်ခိုက်ခဲ့ပါတယ်။
KIA ရဲ့ တန်ပြန်ထိုးစစ်မှာ မိုင်းနောင်နဲ့ မမုံကိုင်ကျေးရွာ နှစ်ခုစလုံးကို စစ်ရေးအရ အနိုင်ရရှိခဲ့ပေမယ့် စစ်ကောင်စီတပ်ရဲ့ လေကြောင်းအကူကြောင့် ရွာထဲမှာ အထိုင်ချနေထိုင်လို့မရဘဲ နှစ်ဖက်တပ်အပြန်အလှန်ပစ်လိုက်၊ တပ်ဆုတ်လိုက် တိုက်ပွဲဖြစ်နေတာ တစ်နှစ်ခန့်ကြာမြင့်လာပြီဖြစ်ပါတယ်။
နန့်မွန်မြို့အပါ မိုင်းနောင်၊ မမုံကိုင်ကျေးရွာတွေကို လက်မလွတ်ရေးအတွက် စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေက နန့်မွန်စစ်တပ်ကုန်းနေရာကနေ ဒေသတစ်ခုလုံးကို ထိန်းချုပ်နေတာလည်းဖြစ်ပါတယ်။
ဒါကြောင့် KIA က နန့်မွန်မြို့အပါ လက်လွတ်ထားရတဲ့ မိုင်းနောင်၊ မမုံကိုင် စတဲ့ကျေးရွာတွေကို အပြည့်အဝထိန်းချုပ်နိုင်ဖို့ လုံးတုံစစ်တပ်ကုန်းနေရာကို စစ်မျက်နှာပြင်ဖွင့်ပြီး စစ်ရေးဖော်ဆောင်လာတာလည်းဖြစ်ပါတယ်။
လုံးတုံစစ်တပ်စခန်းဟာ အင်းတော်ကြီးဒေသအတွက် စစ်ရေးအရ အရေးပါတဲ့စစ်တပ်စခန်းတစ်ခုဖြစ်သလို ဖားကန့်ကိုသွားတဲ့ ဆယ်ဇင်းလမ်း၊ ဂွေခါသွားတဲ့လမ်းမတွေအတွက် အဓိကအရေးပါတဲ့လမ်းမကြီးပေါ်မှာတည်ရှိနေတာလည်းဖြစ်ပါတယ်။
By – နော်ထွယ့်(ဟူးကောင့်)



