သတင်း

ဖမ်းဆီးခံရတဲ့ အယ်ဒီတာ ကိုတာလင်းမောင်ပြန်လွတ်လာ

ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာမှာ ဖမ်းဆီးခံလိုက်ရတဲ့ Uru News သတင်းဌာနအယ်ဒီတာ ကိုတာလင်းမောင်ပြန်လည်လွတ်မြောက်လာပြီလို့သိရပါတယ်။

ကိုတာလင်းမောင်ကို မတ်လ ၁၇ ရက်နေ့ ညနေပိုင်း ၅ နာရီဝန်းကျင်မှာ သူငယ်ချင်းတစ်ယောက်နဲ့ ဆိုင်းတောင်ကျေးရွာဘက်သွားရင်း လမ်းခုလပ်တစ်နေရာမှာ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ဒီညနေ ပြန်လွတ်လာတာဖြစ်ပါတယ်။

ပြန်လွတ်လာပါပြီ။ အခုညနေ ၅ နာရီခွဲလောက်မှာလို့ ကိုတာလင်းမောင်က KNG ကိုအတည်ပြုပြောဆိုပါတယ်။

ဖားကန့်ဒေသအတွင်း ဖြစ်ပျက်နေတဲ့သတင်းအခြေအနေတွေကို တင်ပြပေးနေတဲ့ ဖားကန့်အခြေစိုက် Uru News  သတင်းဌာနရဲ့အယ်ဒီတာတစ်ဦး ခုလိုဖမ်းဆီးခံရတာကြောင့် အမြန်ပြန်လွတ်ပေးဖို့ ဖားကန့်ပြည်သူတစ်ချို့က လူမှုကွန်ယက်စာမျက်နှာပေါ်တွေမှာ ရေးသားဖော်ပြနေတာမြင်တွေ့ရပါတယ်။

ဒါ့အပြင် အခုလို ဖားကန့်သတင်းထောက်တစ်ဦး ဖမ်းဆီးခံရတဲ့အပေါ်မှာ ဖာကန့်တော်လှန်ရေးတပ်ဖွဲ့ဝင် တာဝန်ရှိသူတစ်ဦးက ခုလိုအကြံပြုထားပါတယ်။

ကိုတာလင်းမောင်ဖမ်းဆီးခံရတဲ့အပေါ်ပြောရရင် သူက သတင်းပိုင်းကိုဆောင်ရွက်နေတဲ့သူဖြစ်တယ်။ ပြီးရင် တော်လှန်ရေးဘက်ကို ရပ်တည်ပြီး KIO/KIA KPDF တွေနဲ့ လက်တွဲနေသူဖြစ်တယ်။ တော်လှန်ရေးမှာလည်း အားသွန်ခွန်စိုက်လုပ်တယ်။ ပြောချင်တာက ပြဿနာတစ်စုံတစ်ရာကြုံခဲ့ရင် လက်နက်ကိုင်အဖွဲ့အစည်းပဲဖြစ်ဖြစ်၊ ဘယ်အဖွဲ့အစည်းပဲဖြစ်ဖြစ်၊ ဖမ်းဆီးခေါ်ဆောင်ရိုက်နက်တာတွေမလုပ်ပဲနဲ့ လေးလေးစားစား ခေါ်ယူတာကောင်းတယ်။ အားလုံးအတွက်ပုံရိပ်လည်းမကောင်းဘူးလို့ပြောပါတယ်။

သတင်းအရင်းအမြစ်တွေရဲ့ပြောဆိုချက်အရ ကိုတာလင်းမောင်ကို KIA ကဖမ်းဆီးသွားတာဖြစ်တယ်လို့ သိရပြီး ဒီကနေ့ ညနေပိုင်း ၅ နာရီခွဲအချိန် မှော်အစွန်ဖျား မြေစာပုံတစ်ခုမှာလာရောက်ချသွားတယ်လို့ သိရပါတယ်။

ကိုတာလင်းမောင်ဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်မှာလည်း ကချင်လွတ်လပ်ရေးတပ်မတော် KIA အဖွဲ့က ပထမအကြိမ်ဖမ်းဆီးခဲ့ရပြီး တစ်လကျော်အကြာ ပြန်လွှတ်လာတာဖြစ်ပါတယ်။

ယခုတစ်ကြိမ်ဖမ်းဆီးခံရတာနဲ့ ပတ်သက်ပြီး ဒေသအတွင်း စုဆောင်းရေးနဲ့ ပတ်သက်ပြီး ကိုတာလင်းမောင်က သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ရေးသားပြောဆိုမှုတွေကြောင့် ဖမ်းဆီးတာဖြစ်နိုင်တယ်လို့ သုံးသပ်ပြောဆိုနေကြပါတယ်။

ကိုတာလင်းမောင်ဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် CDM လုပ်ကာ အလွတ်တန်းသတင်းထောက်အဖြစ်ရပ်တည်‌နေသလို ဖားကန့်ဒေသအခြေစိုက် Uru Daily News – ဥရုနေ့စဉ်သတင်းဌာနရဲ့ အယ်ဒီတာတစ်ဦးလည်းဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button