ပူတာအိုမှာ နွားတွေအနာဖြစ်ပြီး သေဆုံးမှုရှိနေ

ကချင်ပြည်နယ် ပူတာအိုမြို့ပေါ်နဲ့ မြို့အနီးကျေးရွာတွေမှာ ဒီရက်ပိုင်း နွားတွေအနာဖြစ်ပြီးသေဆုံးမှုရှိနေတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။

ပြီးခဲ့တဲ့ မတ်လကစပြီး ပူတာအိုမြို့ပေါ်ရပ်ကွက်တွေနဲ့မြို့နဲ့နီးတဲ့ ခင်ဖန်၊ ဂျူဗလီ၊လမယ်ဂါဂျီစတဲ့ရွာတွေဘက်မှာ နွားတွေသေဆုံးမှုဆက်တိုက်ဖြစ်နေကြောင်း ပူတာအိုမြို့ခံအမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။

ပြီးခဲ့တဲ့တစ်ပတ်လောက်ပဲရှိအုံးမယ် ကုန်ပေါ်(ကောင်ကထောင်ရပ်ကွက်)မှာတစ်ကောင်သေတယ် နောက်ပြီး ခင်ဖန်ဘက်မှာလည်းတစ်ကောင်သေနေတယ်တဲ့ ဟိုရက်လည်းသုတ္တန်ဘက်ကထင်တယ် တစ်ကောင်သေတယ် နွားနာဖြစ်လို့သေတာလားဘာကြောင့်လဲတော့မသိဘူးလို့ အသက် ၅၀ ကျော်အရွယ် မြို့ခံအမျိုးသားတစ်ဦးကပြောပါတယ်။

ဒေသခံတွေပြောပြချက်အရ ပူတာအိုမြို့ပေါ်က ကောင်ကထောင်နဲ့ သုတ္တန်ရပ်ကွက်တွေမှာနွားတွေသေဆုံးမှုရှိနေသလို ခင်ဖန်၊ဂျှူဗလီဘက်တွေမှာလည်းနွားတွေသေဆုံးနေကြောင်းသိရပြီး ဒီရက်ပိုင်းအတွင်း ၅ ကောင်ထက်မနည်းသေဆုံးတာရှိတယ်လို့သိရပါတယ်။

“သေနေတဲ့နွားတွေက အနာတွေရှိနေတယ်တချို့သေနေတဲ့နွားတွေဆိုရင် အမှီးတွေကပြတ်နေတာ အနာဖြစ်လို့ ဗိုက်မှာတွေလည်းအနာဖြစ်တယ် အစာမစားနိုင်ကြဘူးပိန်ချုံးပြီးသေနေတာမျိုးရှိတယ်လို့ အထက်ဖော်ပြပါအမျိူးသားကဆက်ပြောပါတယ်။

အခုလိုနွားတွေဆက်တိုက်သေဆုံးမှုဖြစ်နေတာကြောင့် မြို့ပေါ်က တချို့စားသောက်ဆိုင်တွေမှာ အမဲသား တင်မရောင်းတာတွေလည်းရှိနေကြောင်းသိရပါတယ်။

PSA

ဒါ့အပြင်တစ်ချို့ နွားပိုင်ရှင်တွေက အနာဖြစ်နေတဲ့နွားတွေကိုသတ်ပြီး ပုံမှန်သတ်မှတ်စျေးတွေလျော့ပြီးရပိကွက်ထဲလိုက်လံရောင်းချတာတွေရှိနေကြောင်းဒေသခံတွေဆိုပါတယ်။

ပုံမှန်အမဲသားတစ်ပိဿက လေးသောင်း ခုံမှာရောင်းစျေး ခုရက်ပိုင်းမှာနွားနာတွေထင်တယ် ည ညဆိုလာရောင်းတာရှိတယ်တစ်ပိဿ နှစ်သောင်း၊ နှစ်သောင်းခွဲနဲ့ခိုးရောင်းတာရှိတယ်လို့ နောက်ထပ် ဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။

ပူတာအိုဒေသမှာ ယခင်က နွားတွေအခုလိုဆိုးဆိုးဝါးဝါးသေဆုံးတာမျိုး မရှိသလောက်နည်းပါးခဲ့ပေမယ့် ယခု မြစ်ချောင်းအင်းအိုင်တွေမှာ ရွှေတူးဖော်မှုတွေ ကြီးကြီးမားမားလုပ်ဆောင်လာတဲ့နောက်ပိုင်း နွားသေဆုံးတာတွေနှစ်စဥ်ဆိုးဆိုးဝါးဝါးကြုံတွေ့နေရကြောင်းသိရပါတယ်။

လူပြောများနေတာတော့ရွှေတူးလို့ များလားပေါ့ရွှေခါတဲ့ပြဓားတွေက ချောင်းထဲပဲစိမ့်ဝင်တာကို အဲ့ချောင်းတွေက နွားတွေသောက်တယ်လေး အဲ့ကြောင့်များဖြစ်မလားလို့တော့တွေးနေကြတယ်။ အရင်ဆိုရင်နှစ် နှစ်သုံးနှစ်မှတစ်ခါနွားနာဖြစ်တာရှိတယ်။ ဒါပေမယ့်အခုလိုအများကြီးတော့မသေပါဘူးရှားတယ်။ အခုက မြို့ပတ်ပတ်လည်ရွှေတွေတူးလာတဲ့နောက်ပိုင်းနွားတွေက နှစ်တိုင်းလိုလိုသေနေတာလို့ ဒေသခံတစ်ဦးကပြောပါတယ်။

လက်ရှိ ပူတာအိုမြို့လယ်ခေါင်က နမ့်ထွမ်ချောင်းနဲ့ ဆန်ခေါင်ချောင်း၊ မကျော့ဝါချောင်းအပြင် ကျေးရွာအနီးဖြတ်သန်းစီးစင်းနေတဲ့ချောင်းတွေဟာ ဒေသခံနွားတွေ ရေဆင်းသောက်လေ့ရှိပြီးအဲ့ဒီချောင်းတွေရဲ့ အထက်မှာ ရွှေအလွန်အကျွံတူးဖော်မှူတွေရှိနေကြောင်းသိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်နောက်ပိုင်းကနေစပြီး ပူတာအိုဒေသမှာ နှစ်စဥ် တစ်နှစ်ကို အနွားအကောင်ရေ ၃၀ ထက်မနည်း အမည်မသိတဲ့အနာတွေဖြစ်ပြီး သေဆုံးတာတွေရှိနေကြောင်းသိရပါတယ်။

By – Zaw Zaw

Show More

Leave a Reply

Back to top button