တနိုင်းမှာ ဘာသာရေးအကြောင်းပြပြီး လောင်းကစားဝိုင်းရက်ရှည်ခွင့်ပြုထား
ကချင်ပြည်နယ်၊ တနိုင်းမြို့၊ ဆမ်ဆရပ်ကွက်မှာ ကဆုန်လပြည့်နေ့ကိုအကြောင်းပြပြီး လောင်းကစားဝိုင်းကို ရက်ရှည်ဖွင့်နေတာကို တားမြစ်ပေးဖို့ မြို့ခံတွေပြောပါတယ်။
အဲဒီ ဇာတ်ပွဲနှင့် လောင်းကစားဝိုင်းကို တနိုင်းထွေအုပ်၊ ရဲ၊ စရဖ၊ ပြည်သူ့စစ်တပ်ဖွဲ့တို့က လိုင်းကြေးယူပြိီး အဓိကခွင့်ပြုပေးတာဖြစ်ပြီး ဧပြီ (၃၀) ရက်နေ့မှ မေလ (၁၀) ရက်နေ့ အထိ ဆင်ဆရပ်က်မှာရှိတဲ့ ဇေယျသီရိ ဘုန်းကြီးကျောင်းမှာဖွင့်လှစ်နေတယ်လို့ ဒေသခံတစ်ဦးပြောပါတယ်။
“အဓိက ကတော့ ဘာသာရေးအကြောင်းပြပြီး ဘုန်းကြီးကျောင်းရန်ပုံငွေရှာတာတကယ်ရန်ပုံငွေ ရှာမယ်ဆို အလှူခံမဏ္ဍပ်ဖွင့် (ဒါမှမဟုတ်) တရားပွဲ ကျင်းပတယ်ဆို အားလုံးလက်ခံတယ်။ အခုတော့ လောင်းကစားဝိုင်းတွေ နဲ့ ဇာတ်ပွဲတွေနဲ့ ဘာကောင်းကျိုးမှ မရှိဘူး”လို့ ပြောပါတယ်။
တနိုင်းဒေသခံတွေပြောတာက ဗုဒ္ဓဘာသာဝင်တို့ရဲ့ နေ့ထူးနေ့မြတ် တစ်ရက်ဖြစ်တဲ့ ကဆုန်လပြည့်နေ့ ညောင်ရေသွန်းပွဲ မှာ တရားပွဲ၊ ပဉန်းပွဲလုပ်ရမယ့်အစား ဇာတ်ပွဲနှင့် လောင်းကစားဝိုင်းတွေကို အဓိကထည့်သွင်းပြီးရန်ပုံငွေရှာဖို့လုပ်နေတာကြောင့် တားမြစ်ပေးဖို့ တနိုင်းမြို့ခံတွေတောင်းဆိုနေတာဖြစ်ပါတယ်။
ဒါ့အပြင် ဒီလိုရက်ရှည်လောင်းကစားဝိုင်းနဲ့ဇာတ်ပွဲတွေကြောင့် မြို့တွင်း၊ခိုးဆိုးလုယက်မှု ပိုဆိုးလာမှာကိုလည်းစိုးရိမ်နေကြပါတယ်။
“ဟိုတလောကဘဲ ဆွဲကြိုးလုခံရတဲ့ ဖြစ်စဉ် ပထမဆုံး တနိုင်းမှာ ဖြစ်ဖူးပြီ ခုကနိုင်ငံရေးကမကောင်းတဲ့ထဲ လောင်းကစားဝိုင်းကဖွင့် လူတွေကရမလားသွားဆော့ ပျက်စီးသထက်ပျက်စီးနေကြပြီ။ ဒါကိုလည်းတမင်လုပ်နေတာလားထင်ရတယ် စစ်တပ်က”လို့ နောက်ထပ် မြို့ခံအမျိုးသားတစ်ဦးဆက်ပြောပါတယ်။
လတ်တလော ဒီဇာတ်ပွဲနှင့် လောင်းကစားဝိုင်းတွေကို ပွဲကန်ထရိုက်ယူထားသူတွေဟာ ကိုသက်နိုင်၊ ကိုဟန်ရွှင်(ခ) ကိုပဉ္ဇတို့ ၃ ဦးတို့ဖြစ်တယ်လို့ မြို့ခံတွေပြောပါတယ်။
ကချင်ပြည်နယ် အတွင်း မြို့နယ်တွေမှာ ည မထွက်ရ (၁၄၄) ဒေသန္တရ အမိန့် ထုတ်ပြန်ထားတဲ့စစ်ကောင်စီတပ်ဟာ ခုလိုရက်ရှည်ဇာတ်ပွဲတွေကိုခွင့်ပြုပေးနေတဲ့အပေါ် ဝေဖန်မှုတွေမြင့်တက်နေတာလည်းဖြစ်ပါတယ်။
By – Zami




