မြေရှားလုပ်ကွက်တစ်ခုမှာ မြေပြိုပြီး လုပ်သားနှစ်ဦးသေဆုံး
ကချင်လွတ်လပ်ရေးတပ်မတော် KIA ထိန်းချုပ်ရာဒေသ ပန်ဝါနဲ့ ဖရဲကြားက မြေရှားသတ္တု လုပ်ကွက်တစ်ခုမှာ မြေပြိုကျမှုဖြစ်ပြီး တရုတ်နိုင်ငံသားတစ်ဦးအပါအဝင် နှစ်ဦးအသက်သေဆုံးခဲ့တယ်လို့သိရပါတယ်။
မေလ ၂၄ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်လောက်မှာ ပေ ၂၀၀ ကျော်လောက်မြင့်တဲ့ မြေပြိုကျမှုဖြစ်ခဲ့ကြောင်း မြေရှားသတ္တုဆိုက်မှာ ရှိနေတဲ့ပြည်သူတစ်ဦးက ပြောပါတယ်။
“တစ်ဦးက မီးတွေဆင်ပေးတဲ့ သူဖြစ်တယ်။ နောက်တစ်ဦးက သတ္တုကျင်းမှာ ရေထည့်ရင်ဘေးကနေ ရေလမ်းဖောက်ပေးတဲ့ ဘေးကျင်းဆရာဖြစ်တယ်။ နှစ်ယောက်စလုံးက ဘက်ဟိုးနဲ့မြေတူးဆွနေတဲ့ အနီးမှာပဲ အလုပ်လုပ်နေကြတာဟုတ်တယ်။ မြေပြိုလာတော့ပါသွားတာ”လို့ပြောပါတယ်။
သေဆုံးသူ နှစ်ဦးမှာ တစ်ဦးက မီးဆရာဖြစ်ပြီး တစ်ဦးက ဘေးကျင်းဆရာတစ်ဦးဖြစ်တယ်လို့ ပြောပါတယ်။
ယခုရက်ပိုင်းအတွင်း မိုးရွာသွန်းမှုများပြီး သတ္တုတွင်းထဲရေများလာတာကြောင့် မြေပြိုမှုသွားတာဖြစ်တယ်လို့ ဆက်ပြီးသိရပါတယ်။
ပန်ဝါဒေသမှာ ပြီးခဲ့တဲ့ ဧပြီလကနေ မေလအထိ သတ္တုဆိုက်လုပ်ကွက်အတွင်း မြေပြိုမှုကြောင့် လစဉ်နီးပါး လူသေဆုံးမှုတွေခပ်စိပ်စိပ်ဖြစ်လာနေပါတယ်။
နောက်ပြီး KIA ထိန်ချူပ်ရာဒေသဖြစ်တဲ့ လန်ဆယ်မှာလည်း ရွှေတူးဖော်မှုတွေကြောင့် မြေပြိုမှုဖြစ်ပြီး ဧပြီလအတွင်းမှာပဲ သေဆုံးသူ ၂ ဦးရှိလာပြီလို့ ပန်ဝါဒေသခံတွေပြောပါတယ်။
By – နော်ထွယ့်(ဟူးကောင့်)




