ပိတ်မိနေတဲ့ ခရီးသွားနဲ့ ကားတန်းတွေကို အုပ်စုလိုက် ဖြတ်သန်းခွင့်စတင်ပေး

မန္တလေးမြစ်ကြီးနားလမ်းပိုင်း ထီးချိုင့်ကသာကြားမှာ တိုက်ပွဲတွေကြောင့် ပိတ်မိနေတဲ့ ခရီးသွားနဲ့ ကားတန်းတွေကို ဒီနေ့ မေလ ၂၇ ရက်နေ့မှာ ၁၀ စီးစီ အုပ်စုလိုက် ဖြတ်သန်းခွင့် ပေးလိုက်တယ်လို့ ကားသမားတွေနဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

ကားသမားတစ်ဦးရဲ့ ပြောကြားချက်အရ မနက် ၁၀ နာရီလောက်ကစပြီး ကားတွေကို တစ်ကြိမ်လျှင် ၁၀ စီးစီ အုပ်စုလိုက် စတင်လွှတ်ပေးခဲ့ပြီး လမ်းပိုင်းအခြေအနေကို ကြည့်ကာ တဖြည်းဖြည်း ဖြတ်သန်းခွင့် ပေးနေတယ်လို့ သိရပါတယ်။

အမှန်ပဲ။ ဟုတ်၊ ကျနော်တို့ကားတွေ ပွင့်သွားပါပြီ။ ဒီနေ့မနက် ၁၀ နာရီလောက်ကနေစပြီး ၁၀ စီးချင်း လွှတ်ပေးတယ်။ ၃ နာရီလောက်ကပဲ တချို့ကားတွေ နန့်စီးအောင် ရောက်တယ်ဗျလို့ ကားသမားတစ်ဦးက KNG ကို ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၀၊ ၂၁ ရက်နေ့တွေမှာ မန္တလေးမြို့ကနေ ကချင်ပြည်နယ်ကို ဦးတည်ထွက်ခွာလာတဲ့ ခရီးသွားကားတွေဟာ ကသာ၊ အင်းတော်နဲ့ မော်လူး၊ မော်ဟန်၊ နန့်စီးအောင်တစ်ဝိုက်က တိုက်ပွဲတွေကြောင့် ထီးချိုင့်ကသာလမ်းပိုင်းနဲ့ ကသာမြို့ပေါ်တွေမှာ ခေတ္တ ခရီးတန့်ခဲ့ရတာ ဖြစ်ပါတယ်။

လက်ရှိ ကားသမားတွေအသုံးပြုနေတဲ့ မန္တလေးမြစ်ကြီးနားလမ်းပိုင်းက ထီးချိုင့်ကသာလမ်းပိုင်းကို တိုက်ပွဲကြောင့် နှစ်ဖက်တပ်တွေဘက်က လုံခြုံမှု မရှိသေးတာကြောင့်ဆိုကာ အပြန်အလှန် ဖြတ်သန်းခွင့် ပိတ်ခဲ့တာ ဖြစ်ပါတယ်။

လက်တလောမှာတော့ ကသာနဲ့ အင်းတော်မြို့ကြား တိုက်ပွဲအခြေအနေ တစ်စိတ်တစ်ပိုင်း ငြိမ်သက်လာတာကြောင့် ယာယီ ဖြတ်သန်းခွင့် ပေးထားတဲ့သဘော ဖြစ်နိုင်တယ်လို့ စစ်ကိုင်းကချင်အစပ် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။

ကသာထဲက ကားတွေကို ဖွင့်ပေးတာ။ ကသာနဲ့ အင်းတော်ကြားက လမ်းမှာ တိုက်ပွဲဖြစ်နေတာဆိုတော့ သွားမရဘူးလေ။ အခုက နည်းနည်းပြန်ငြိမ်သွားလို့ ပေးသွားတာထင်တယ်လို့ ပြောပါတယ်။

တိုက်ပွဲကြောင့် ပိတ်မိနေသူအများစုဟာ ထီးချိုင့်ကသာလမ်းပိုင်းတစ်လျှောက် တိုက်ပွဲနဲ့ လွတ်ကင်းတဲ့နေရာတွေ၊ ကသာမြို့ပေါ်က ဘုန်းကြီးကျောင်းတွေမှာ ခေတ္တခိုလှုံနေခဲ့ကြပြီး လမ်းပွင့်မယ့် အခြေအနေကို စောင့်ဆိုင်းနေခဲ့ကြတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ယာဉ်တန်းတွေကို အစုလိုက်အပြုံလိုက် တဖြည်းဖြည်း လွှတ်ပေးနေတဲ့ အခြေအနေဖြစ်ပေမယ့် ထီးချိုင့်ကသာအင်းတော်မော်လူးနန့်စီးအောင် လမ်းပိုင်းတစ်လျှောက်မှာ တိုက်ပွဲအခြေအနေ လုံးဝငြိမ်သက်သွားခြင်း မရှိသေးဘဲ လုံခြုံရေးအခြေအနေအလိုက် ကန့်သတ်မှုတွေ ဆက်ရှိနေတယ်လို့လည်း သိရပါတယ်။

ဒါကြောင့် လမ်းပိုင်းအခြေအနေဟာ အပြည့်အဝ ပြန်လည်ဖွင့်လှစ်သွားခြင်း မဟုတ်သေးဘဲ ပိတ်မိနေတဲ့ကားတွေကို အချိန်ပိုင်း၊ အစုလိုက် တဖြည်းဖြည်းစနစ်နဲ့သာ ဖြတ်သန်းနိုင်တဲ့ အခြေအနေဖြစ်တယ်လို့ သိရပါတယ်။

By – အမိုး

Show More

Leave a Reply

Back to top button