မြစ်ကြီးနားမှာ လုယက်မှုဆက်တိုက်ဖြစ်နေ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ခိုးဆိုးလုယက်မှုတွေ ဆက်တိုက်ဖြစ်နေပြီး အရင်ကထက် ပိုဆိုးလာတယ်လို့ မြို့ခံတွေက ပြောပါတယ်။
“နေ့တိုင်းလိုလိုကြားနေရတယ် မြင်နေရတယ် ခိုးတာ၊လုတာ၊ဓါးပြတိုက်တာ မြစ်ကြီးနားမြိုတွက် ပုံမှန်လိုတောင်ဖြစ်နေပြီ”လို့ ရမ့်ပူရပ်ကွက်နေ အမျိုးသမီးတစ်ဦးပြောပါတယ်။
KNG စုံစမ်းသိရှိထားချက်အရ မေလအတွင်းမှာပဲ ခိုးဆိုးလုယက်မှု ၁၂ ကြိမ်ထက်မနည်း ရှိလာပြီဖြစ်ပါတယ်။
ဖြစ်စဉ်တွေမှာ မေလ ၁၁ ရက် ည ၇ နာရီဝန်းကျင် မလိဇွပ်ဆေးရုံလမ်းကြား အာစီဘုရားကျောင်းရှေ့မှာ ဘတ်ထရီဆိုင်ကယ်စီးလာတဲ့ အသက် ၄၀ ကျော်အရွယ် အမျိုးသားတစ်ဦးကို အမျိုးသား ၄ ဦးက ဝိုင်းရိုက်ပြီး ဆိုင်ကယ်နဲ့ ဖုန်းလုယူသွားတဲ့ဖြစ်စဉ်ရှိခဲ့ပါတယ်။
နောက်တစ်နေ့ မေလ ၁၂ ရက်မှာလည်း မြို့သစ်ကြီးရပ်ကွက် TOP စက်သုံးဆီဆိုင်အနီးမှာ လုယက်မှု ထပ်ဖြစ်ခဲ့ပြီး ရပ်ကွက်နေပြည်သူတွေ ဝိုင်းဝန်းဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်
အလားတူ မေလ ၁၃ ရက်နေ့မှာလည်း ဂျန်မိုင်ကောင်းရပ်ကွက် ဖူးဆယ်ကွင်းဟောင်းအနီးမှာ အမျိုးသမီးတစ်ဦး ဖုန်းနဲ့ ပိုက်ဆံအိတ် လုယက်ခံခဲ့ရပါတယ်။
ဒါ့အပြင် မေလ ၁၆ ရက်နေ့မှာလည်း တပ်ကုန်း(တောင်)ရပ်ကွက် Home School ကျူရှင်အနီးမှာ လူငယ်အမျိုးသားတစ်ဦး ဓားနဲ့ခုတ်ခံရပြီး ဆိုင်ကယ်လုယက်ခံခဲ့ရပါတယ်
မေလ ၁၈ ရက် တစ်ရက်တည်းမှာပဲ စံပြရပ်ကွက်က နေအိမ်တစ်ခုမှာ ကားခိုးခံရတဲ့ဖြစ်စဉ်၊ တပ်ကုန်းရပ်ကွက်မှာ ဆိုင်ကယ်လုယက်မှုနဲ့ စီတာပူရပ်ကွက်ဘက် နေအိမ်တစ်ခုမှာ ရွှေခိုးခံရတဲ့ဖြစ်စဉ်တွေ ဆက်တိုက်ဖြစ်ခဲ့ပါတယ်။
မေလ ၁၉ ရက်နေ့မှာတော့ ဂျန်မိုင်ကောင်စစ်ရှောင်စခန်း အဝင်လမ်းကြားမှာ အမျိုးသမီး ၂ ဦး ဆိုင်ကယ်လုယက်ခံခဲ့ရသလို အေးမြသာယာရပ်ကွက်ဘက်မှာလည်း အမျိုးသမီးတစ်ဦး ဘတ်ထရီဆိုင်ကယ်လုခံရပေမယ့် ဆိုင်ကယ်တော့ ပါမသွားခဲ့ဘူးလို့ သိရပါတယ်။
နောက်ထပ် မေလ ၂၀ ရက်နေ့မှာ ရွှေလမ်း ကားကြီးကွင်းအနီး December Hotel နောက်လမ်းကြားမှာ ဆိုင်ကယ်စီးလာတဲ့ အမျိုးသမီးတစ်ဦးရဲ့ ဖုန်းကို နောက်ကနေ အရှိန်နဲ့လိုက်ဆွဲလုပြေးသွားခဲ့သလို ဂေါက်ကွင်းနားမှာလည်း လုယက်မှုတစ်ခု ထပ်ဖြစ်ခဲ့ပါတယ်။
မေလ ၂၄ ရက်နေ့မှာလည်း ရွှေလမ်းမ ဇွပ်ရာဆာဖျယ်ဆိုင်အနီး အမျိုးသမီးတစ်ဦးဆီက ဖုန်းလုယက်ခံရမှု ဖြစ်ပွားခဲ့ပြီး ပလန(၅)နဲ့ ရွှေစက်အဆက် ကွန်ကရစ်တံတားနားမှာတော့ လီဆူနှစ်ခြင်းအသင်းတော်က သင်းအုပ်
ဆရာလင်မယားနဲ့ သင်းထောက်တစ်ဦးတို့ကို အမျိုးသား ၃ ဦးက သေနတ်ကိုင်ပြီး ဖုန်း၊ ဆိုင်ကယ်နဲ့ အလှူငွေတွေ လုယက်သွားခဲ့ပါတယ်။
အခုလို ခိုးဆိုးလုယက်မှုတွေ ဆက်တိုက်ဖြစ်နေတာကြောင့် သွားလာရတာတောင် စိုးရိမ်နေရတယ်လို့ မြစ်ကြီးနားက လူငယ်အမျိုးသမီးတစ်ဦးက ပြောပါတယ်။
“ဒီလထဲ ခဏခဏဖြစ်နေတာ ဟုတ်တယ်။ အခုဆို ဆိုင်ကယ်နဲ့လာရင်တောင် စိတ်မချရတော့ဘူး။ ကိုယ်သွားနေတဲ့အချိန် ဘေးနား ဆိုင်ကယ်တစ်စီးကပ်လာရင် လှည့်ကြည့်နေရတဲ့အထိ ဖြစ်နေတယ်” လို့ သူက ပြောပါတယ်။
မြို့ခံတချို့ကတော့ စစ်ကောင်စီဘက်က ဧပြီ ၂၀ ရက်နေ့မှာ “၁၀၀ စီမံကိန်း” ကြေညာပြီးနောက်ပိုင်း မြစ်ကြီးနားမှာ လုံခြုံရေးပိုင်း ပိုဆိုးလာတယ်လို့ ပြောဆိုနေကြပါတယ်။
အဲဒီစီမံကိန်းမှာ ငြိမ်းချမ်းရေး၊ စီးပွားရေးပြန်လည်ထူထောင်ရေး၊ ပညာရေးနဲ့ ပြည်သူ့ဝန်ဆောင်မှုတွေ တိုးမြှင့်လုပ်ဆောင်မယ်လို့ စစ်ကောင်စီဘက်က ကြေညာထားပါတယ်။
ဒါပေမယ့် မြို့ခံအမျိုးသားတစ်ဦးကတော့ “အခုက နေရာတိုင်းလိုလို ဖြစ်နေတယ်။ သူခိုးတွေကလည်း အဖွဲ့လိုက် လုပ်ရဲကိုင်ရဲရှိလာတယ်။ အရင်ထက် ပိုကြောက်ဖို့ကောင်းလာတယ်” လို့ သုံးသပ်ပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၁၀ ရက်နေ့ကလည်း မြို့မရပ်ကွက် ရွှေဖြူဟိုတယ်ရှေ့မှာ အသက် ၃၀ ဝန်းကျင်အရွယ် အမျိုးသားတစ်ဦး ဓားထိုးသတ်ဖြတ်ခံခဲ့ရသလို ဧပြီ ၆ ရက်နေ့မှာလည်း အေးမြသာယာရပ်ကွက် သင်္ဂြိုင်းကုန်းသွားလမ်းအနီးမှာ လည်ပင်းလှီးခံထားရပြီး ဝမ်းဗိုက်ဓားထိုးဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အသက် ၁၉ နှစ်အရွယ် လူငယ်တစ်ဦးရဲ့ ရုပ်အလောင်းကို ဆာလာအိတ်နဲ့ စွန့်ပစ်ထားတာ တွေ့ခဲ့ရပါတယ်။
အလားတူ မတ်လ ၇ ရက်နေ့ကလည်း အေးမြသာယာရပ်ကွက် သံလမ်းကူးအနီးမှာ သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အမျိုးသားတစ်ဦးရဲ့ ရုပ်အလောင်း တွေ့ရှိခဲ့ပါတယ်။
မြစ်ကြီးနားမြို့မှာ ခိုးဆိုးလုယက်မှုတွေတင်မက သတ်ဖြတ်မှုတွေပါ ဆက်တိုက်ဖြစ်ပွားနေပြီး မူးယစ်ဆေးဝါးရောင်းဝယ်မှုနဲ့ လောင်းကစားဝိုင်းတွေကို သက်ဆိုင်ရာအာဏာပိုင်တွေက ထိထိရောက်ရောက် မတားဆီးနိုင်တဲ့အပေါ် မြို့ခံတွေကြား ဝေဖန်မှုတွေလည်း မြင့်တက်နေပါတယ်။
By – Hope




