အမျိုးသမီးများလူ့အခွင့်အရေးချိုးဖောက်ခံရမှုကာကွယ်နိုင်ဖို့ ဖိုရမ်တစ်ခုထပ်မံဖွဲ့စည်း

ကချင်ဒေသတွင်း အမျိုးသမီးများလူ့အခွင့်အရေးချိုးဖောက်ခံရမှုကို ကာကွယ်နိုင်ဖို့နဲ့ အမျိုးသမီးတွေအချင်းချင်း ချိတ်ဆက်မှုအားကောင်းအောင် Kachin Women Forum ကို ထပ်မံဖွဲ့စည်းလိုက်ကြောင်း ထုတ်ပြန်ထားပါတယ်။

အထူးသဖြင့် ကချင်ဒေသတွင်း အမျိုးသမီးတွေ ဆုံဖြတ်ပိုင်ခွင့် အခန်းကဏ္ဍတွေမှာ ပါဝင်လာနိုင်အောင်  အမျိုးသမီးအခွင့်အရေးတွေကို ကာကွယ်နိုင်အောင် စတဲ့ရည်ရွယ်ချက်တွေနဲ့ အမျိုးသမီးခေါင်းဆောင်တွေ၊ အမျိုးသမီးအဖွဲ့အစည်းများ စုဝေးကာ Kachin Women Forum ကို နှစ်စဉ်ပြုလုပ်သွားနိုင်ဖို့ ဇွန်လ ၂၂ ရက်နေ့က ထုတ်ပြန်ချက်ထုတ်ထားတာဖြစ်ပါတယ်။

ကျမတို့ဒေသမှာက အမျိုးသမီးတွေမှာ ခက်ခဲမှုပေါင်းစုံဟုတ်တယ်။ အဲလိုကြားမှာ အမျိုးသမီးတွေ အဓမ္မပြုကျင့်ခံရတာတွေရှိတယ်၊ Gender Base Violence ဖြစ်ရပ်တွေ၊ အခြားခက်ခဲမှုများစွာရှိတာကို ဖလှယ်နိုင်ဖို့၊ အမျိုးသမီးတွေ သူ့ဟာနဲ့သူလုပ်ငန်းတွေတော့ လုပ်နေပေမယ့် ပိုပြီးချိတ်ဆက်မှုအားကောင်းအောင်၊ ကူညီဖေးမနိုင်အောင် ရည်ရွယ်တာဖြစ်တယ်။ဟု Kachin Women Forum ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလမှစတင်ပြီး ပြည်တွင်း၊ပြည်ပ ဒေသအသီးသီးမှာရှိတဲ့ အမျိုးသမီးခေါင်းဆောင်များအပါအဝင်၊ အမျိုးသမီးအဖွဲ့အစည်းများ၊ မြေပြင်မှာရှိနေသော ဒေသခံအမျိုးသမီးများလည်း ပါဝင်တဲ့ လူဦးရေ စုစုပေါင်း ၁၁၉ ဦးမှ Kachin Women Forum ဖြစ်လာဖို့ စတင်ဝိုင်းဖွဲ့ဆွေးနွေးခဲ့ကြပြီးနောက် ဇွန်လ ၂၂ ရက်နေ့မှာတော့ Kachin Women Forum ကို ထုတ်ပြန်နိုင်ခဲ့တာလို့ သိရပါတယ်။

ကချင်ဒေသတွင်း ကချင်အမျိုးသမီးများနဲ့သက်ဆိုင်သော အကြောင်းအရာတွေနဲ့ အခက်အခဲ၊ အတားအဆီး စိန်ခေါ်မှုတွေကို အချင်းချင်းဝိုင်းဖွဲ့ ဖလှယ်နိုင်ခဲ့ကြပြီး ဦးစားပေးအဖြစ် အမျိုးသမီးများချိတ်ဆက်မှုမပြတ်အလပ်အောင် လုပ်ငန်းတွေလုပ်ဆောင်သွားဖို့၊ Advocacy လုပ်ငန်းတွေကို ဝိုင်းဝန်းအားစိုက်သွားကြဖို့  Kachin Women Forum ကို တစ်နှစ်တစ်ကြိမ် လုပ်ဆောင်သွားဖို့ စတာတွေကို လုပ်ဆောင်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

PSA

Kachin Women Forum လုပ်ငန်းစဉ်တွေကို စစ်တပ်အာဏာမသိမ်းခင် ကောင်းမွန်စွာလုပ်ဆောင်ခဲ့ကြတာတွေရှိခဲ့ပေမယ့် စစ်တပ်အာဏာသိမ်းပြီးနောက် ချိတ်ဆက်မှုတွေ ပြတ်တောက်သွားမှုတွေအပြင် လုံခြုံရေးစိန်ခေါ်မှုတွေကြောင့် ရပ်တန့်သွားပြီးနောက် အခုတဖန် ပြန်လည် လည်ပတ်နိုင်ဖို့ အမျိုးသမီးများ လုပ်ဆောင်နေခြင်းဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိ ကချင်ဒေသတွင်း စစ်ဘေးရှောင်တွေလည်း ပိုမိုများပြားလာတဲ့အပြင် စစ်ဘေးရှောင်နေရတဲ့ အမျိုးသမီးတွေကို ကူညီဖေးမနိုင်ဖို့အပြင် ဒေသတွင်း အမျိုးသမီးများ မတရားခံရမှု၊ လူ့အခွင့်အရေးချိုးဖောက်ခံရမှု၊ အဓမ္မပြုကျင့်ခံရမှု ဖြစ်စဉ်တွေကို ထိန်းသိမ်းကာကွယ်ဖို့ လုပ်ငန်းတွေ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

အခုတိုက်ပွဲဖြစ်ပွားပြီးနောက် ဒေတာတွေအရ ကြည့်လိုက်မယ်ဆိုရင်လည်း အမျိုးသမီးတွေဟာ ကဏ္ဍတိုင်းမှာ ထိခိုက်နစ်နာတာတွေ များတာတွေ့ရတယ်။ ကျန်းမာရေး၊ ပညာရေး၊ ကူညီထောက်ပံ့ရေး  ရှေ့တန်းတွေမှာ စသဖြင့် ကဏ္ဍတိုင်းမှာ ဦးဆောင်နေတဲ့ အမျိုးသမီးတွေရှိတယ်။ အခုကျမတို့တိုင်းပြည်ဟာ အရင်ထက် ပိုပိုပြီးခက်ခဲနေတဲ့အနေအထားဖြစ်တာကြောင့် အချင်းချင်း ချိတ်ဆက်မှု မရှိဘူးဆိုရင် ခက်ခဲတဲ့ထဲ ပိုပြီး ခက်ခဲလာမယ်။ ထိခိုက်နစ်နာတဲ့အမျိုးသမီးတစ်ဦးက မိမိမှာ မတရားတာကြုံလာရင် ဘယ်မှာပြောပြရမယ်၊ ဘယ်လိုလုပ်ဆောင်ရမယ်ဆိုတာသိမှ ဖြေရှင်းနိုင်မှာဖြစ်တယ်။ ဒါကြောင့် ခက်ခဲပေမယ့် အချင်းချင်း ချိတ်ဆက်အားကောင်းနေဖို့ နည်းလမ်းရှာပြီး လုပ်ငန်းတွေလုပ်ဆောင်နိုင်ဖို့က အလွန်အရေးကြီးပါတယ်။ဟု သူမက ဆက်ပြောပါတယ်။

တစ်ဖက်မှာလည်း ကချင်အသိုင်းအဝိုင်းတွေထဲမှာ ရိုးရာယဉ်ကျေးမှုအဖွဲ့အစည်းနဲ့ လူ့အသိုင်းအဝိုင်းမှ အမျိုးသမီးရေးရာနဲ့ သက်ဆိုင်တာတွေကို အားပေးထောက်ခံမှု အလွန်အားနည်းနေသေးတဲ့အပြင် တစ်ဖက်တစ်လှမ်းကနေ ဖိထားတာတွေ ဆက်ရှိနေသေးတယ်လို့ အမျိုးသမီးတွေက ထောက်ပြပြောဆိုထားပါတယ်။

ကချင်ဒေသအတွင်း သဘာ၀သယံဇာတ တူးဖော်နေတဲ့ နေရာတွေနဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာတွေမှာ အဓိက အကျိုးဆက်ခံစားနေကြရတဲ့ထဲမှာ အမျိုးသမီးတွေမှာ များစွာတွေ့နေရတာဖြစ်ပါတယ်။

By – ဂျာအောက်ရာ

Show More

Leave a Reply

Back to top button