ဟုမ္မလင်းမြို့ပေါ်မှာ စစ်တပ်က အဖမ်းဆီးကြမ်းနေတယ်လို့ဆို
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့ပေါ် မှာ စစ်ကောင်စီပူးပေါင်းတပ်က နေ့ခင်းဘက်အဖမ်းဆီးကြမ်းနေတာကြောင့် လူငယ်တွေသွားရေးလာရေးအခက်အခဲဖြစ်လာနေတယ်လို့သိရပါတယ်။
ဟုမ္မလင်းမြို့ပေါ်မှာ ဒီနှစ် မေလနောက်ပိုင်းကနေစပြီး စစ်ကောင်စီတပ်၊ SNA၊ ပျူစောထီး၊ပြည်သူ့စစ်၊ ထွေအုပ်ဝန်ထမ်းတွေပေါင်းပြီး မြို့ပေါ်ရပ်ကွက်တွေမှာ CCTV ကနေကြည့်ပြီး လူငယ်တွေကိုလိုက်လံဖမ်းဆီးနေတယ်လို့ ဟုမ္မလင်းမြို့ခံ အမျိုးသမီးတစ်ဦး KNG ကိုပြောပါတယ်။
“သူတို့က CCTV ကနေကြည့်ပြီး လိုက်ဖမ်းတာရှင့် လူငယ်တွေစုစုရုံးရုံးရှိတဲ့နေရာ လူငယ်တွေသွားသွားလာလာတွေ့တဲ့နေရာတွေ့တာနဲ့သူတို့အချုပ်ကားတွေနဲ့တန်းရောက်လာပြီးလာဖမ်းတာ တစ်ခါတလေ နေ့ခင်းဆိုလည်း လှည့်ပတ်ပြီး ဖမ်းတာ လူငယ်တွေအပြင်တောင်ထွက်လိူ့မရဘူး မိန်းခလေးယောကျ်ားလေး လူငယ်ဆိုရင်အကုန်ဖမ်းတယ်”လို့ အထက် ၅၀ ကျော်အရွယ်အထက်ဖော်ပြပါအမျိုးသမီးက ပြောပါတယ်။
စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့တွေဟာ ဟုမ္မလင်းမြို့ပေါ် ရပ်ကွက်တွေမှာ မနက် ၉ နာရီကနေ မွန်းလွှဲ ၃ နာရီ၊ ည ၆ နာရီကနေ ည ၁၀ နာရီခွဲ အထိ လှည့်ပတ်လာပြီး ဖမ်းဆီးနေတယ်လို့ သူက ဆက်ပြောပါတယ်။

ဒါကြောင့် ပြီးခဲ့တဲ့တစ်ပတ်အတွင်း ဟုမ္မလင်းမြို့ပေါ်မှာ ဖမ်းဆီးခံရတဲ့ လူငယ် ၂၀ ကျော်ရှိပြီး ၅ ဦးကိုတော့ ငွေသားနဲ့ပြန်ရွေးထုတ်နိုုင်ခဲ့ကြောင်း သိရပါတယ်။
“တစ်ပတ်ထဲ ၂၀ ကျော်ပါသွားတယ် တစ်ယောက်ကိုတော့သိန်းခုနှစ်ရာနဲ့ရွေးတယ် နောက်လေးယောက်ကိုတော့ တစ်ယောက်ကို သိန်းတစ်ရာနဲ့ရွေးတယ်”လို့ နောက်ထပ်ဒေသခံအမျိိုးသားတစ်ဦးကပြောပါတယ်။

စစ်တပ်ဘက်က ပေါ်တာလိုက်ဆွဲရာမှာတော့ ကျား၊ မ မရွေး အသက် ၁၅ နှစ်ကနေ အသက် ၃၀ ဝန်းကျင်ကြားကို အဓိကလိုက်လံဖမ်းဆီးနေတာလို့သိရပါတယ်။
အခုလိုပေါ်တာလိုက်ဆွဲနေတာကြောင့် မိသားစုလုပ်ငန်းခွင်သွားတဲ့လူငယ်တွေ ပုဂ္ဂလိကဝန်ထမ်းတွေ နေ့စဥ်သွားရေးလာရေးခက်ခဲနေကြောင်း ဆိုပါတယ်။
ဟုမ္မလင်းမြို့နယ်ထဲမှာတော့ မြို့ခံလူငယ်တွေ ပေါ်တာဆွဲတဲ့ဒဏ်ကိုဆိုင်ရင်နေရသလို ကျေးရွာဘက်ကလူငယ်တွေလည်း SNA တပ်က တစ်အိိမ်တစ်ယောက် တပ်ထဲမဝင်မနေရအမိန့်ထုတ်ပြန်ထားတာကြောင့်ဒေသခံလူငယ်တွေ အခက်တွေ့နေကြောင်းသိရပါတယ်။
လက်ရှိမှာတော့ ဟုမ္မလင်း မြို့နယ်ထဲက ဟုမ္မလင်း PDF တပ်ပေါင်းစုတွေထိန်းချုပ်ထားတဲ့ ရွှေပြည်အေးမြို့ဘက်ကို စစ်ကောင်စီတပ်၊ SNA ပူးပေါင်းတပ်တွေ ထိုးစစ်ဆင်နေတာကြောင့် နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေကြောင်းသိရပါတယ်။
By – Zaw Zaw




