ဥရုချောင်းပျက်စီးမှုနဲ့ ဖားကန့်ရဲ့ရေဘေးအန္တရာယ်

“အခုလို ဆိုးရွားတဲ့ ရေကြီးမှုတွေ နှစ်စဉ်ဆက်တိုက်ဖြစ်လာရတာက ဥရုချောင်းနဘေး ရွှေမျောတိုက်ချတာတွေ၊ ကျောက်တူးတာတွေလည်းပါတာပေါ့"

တစ်ချိန်က မြန်မာနိုင်ငံရဲ့ ကျောက်စိမ်းမြို့တော်လို့ လူသိများတဲ့ ဖားကန့်ဟာ ခုတော့ မိုးရာသီရောက်တိုင်း ရေဘေးအန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ ဒေသတစ်ခု ဖြစ်လာနေပါတယ်။

မိုးအဆက်မပြတ်ရွာသွန်းပြီး ဥရုချောင်းရေ မြင့်တက်လာတိုင်း ဖားကန့်မြို့ပေါ်ရပ်ကွက်တွေနဲ့ ချောင်းနဲ့နီးတဲ့ ကျေးရွာတွေ ရေနစ်မြှုပ်လာတာဟာ နှစ်စဉ်ရင်ဆိုင်နေရတဲ့ ပြဿနာတစ်ခုလို ဖြစ်လာနေတာကိုမြင်တွေ့ရပါတယ်။

တစ်နှစ်ထက်တစ်နှစ် ပိုဆိုးလာတဲ့ ရေဘေးဒဏ်ရဲ့ နောက်ကွယ်မှာတော့ နှစ်ပေါင်းများစွာသယံဇာတတူးဖော်မှုတွေကြောင့် ရေလမ်းကြောင်းတွေ ပြောင်းလဲပျက်စီးလာတာက အဓိကအကြောင်းရင်းတစ်ခုဖြစ်တယ်လို့ ဖားကန့်ပြည်သူတွက ပြောပါတယ်။

ဖားကန့်ဒေသမှာ ရေကြီးရေလျှံမှုတွေဟာ ၂၀၁၄ ခုနှစ်နဲ့ ၂၀၁၅ ခုနှစ်ဝန်းကျင်ကစပြီး သိသိသာသာ ပြင်းထန်လာခဲ့သလို အခုနောက်ပိုင်းမှာတော့ နှစ်စဉ်ကြုံတွေ့နေရတဲ့ ရေဘေးအန္တရာယ်တစ်ခုလို ဖြစ်လာနေပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၁၉ ရက်နေ့က ဖြစ်ခဲ့တဲ့ ရေကြီးမှုမှာဆိုရင် ဖားကန့်မြို့ပေါ် ရပ်ကွက်  ခုအပြင် ဥရုချောင်းနဲ့ ထိစပ်နေတဲ့ မှော်ဝမ်း၊ ဆောင်းချိန်၊ နမ္မဖြစ်နဲ့ မှော်ဆီစာကျေးရွာတွေထိ ရေဝင်ရောက်ခဲ့တာကြောင့် ပြည်သူတွေဟာ ရက်သတ္တပတ်နီးပါး ရေဘေးဒဏ် ခံစားခဲ့ရပါတယ်။

ဒီရေကြီးမှုဟာ စစ်တပ်အာဏာသိမ်းပြီးနောက် ဖားကန့်ဒေသမှာ ဒုတိယအကြိမ် စံချိန်တင်ရေကြီးမှုအဖြစ် မှတ်တမ်းဝင်ခဲ့တယ်လို့  ဖားကန့်မှာနေထိုင်သူတွေပြောပါတယ်။

အဲဒီမတိုင်ခင် ပထမဆုံးအကြိမ်အဖြစ် ၂၀၂၄ ခုနှစ် ဇူလိုင်လမှာ စံချိန်တင်ရေကြီးခဲ့ပြီး ဖားကန့်မြို့တစ်ခုလုံးနီးပါး ရေနစ်မြှုပ်ကာ လမ်း၊ တံတားနဲ့ လူနေအိမ်တွေ ထိခိုက်ပျက်စီးခဲ့တဲ့ ရေဘေးတစ်ခု ဖြစ်ခဲ့ပါတယ်။

အခုလို တစ်နှစ်ပြီးတစ်နှစ် ရေဘေးဒဏ် ပိုမိုပြင်းထန်လာတာနဲ့အတူ ဥရုချောင်းရှင်းလင်းရေးကို ပုံမှန်လုပ်ဆောင်နိုင်ခြင်းမရှိတော့တာနဲ့ သယံဇာတတူးဖော်မှုတွေကြောင့် ရေလမ်းကြောင်းတွေ ပြောင်းလဲပျက်စီးလာတာဟာ ရေကြီးမှုတွေ ပိုမိုဆိုးရွားလာစေတဲ့ အကြောင်းရင်းတွေဖြစ်တယ်လို့ ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

အခုလို ဆိုးရွားတဲ့ ရေကြီးမှုတွေ နှစ်စဉ်ဆက်တိုက်ဖြစ်လာတာက ဥရုချောင်းနဘေး ရွှေမျောတိုက်ချတာတွေ၊ ကျောက်တူးတာတွေလည်းပါတယ်။ သယံဇာတအလွန်အကျွံတူးဖော်တော့ ချောင်းလက်တက်တွေ တိမ်ကောလာတယ်။ ရေလမ်းကြောင်းတွေပြောင်းပြီး ပျက်စီးလာတာ။ မိုးရွာချတာနဲ့ ချောင်းကတိမ်ကောပြီး မြင့်သွားတယ်ဆိုတော့ တစ်ခါတည်းလျှံထွက်လာတဲ့သဘောပါ

ဖားကန့်ဒေသရဲ့ အသက်သွေးကြောဖြစ်တဲ့ ဥရုချောင်းမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ရေးပဋိပက္ခတွေကြောင့် ချောင်းရှင်းလင်းရေးလုပ်ငန်းတွေကို ပုံမှန်မလုပ်နိုင်တော့တာ ခုဆိုရင် ၅  နှစ်ဝန်းကျင်ရှိလာပြီဖြစ်ပါတယ်။

နေအိမ်အတွင်းအထိ ရေနစ်မြှုပ်သွားတဲ့အခြေအနေအထိကြုံတွေ့ခဲ့ရ

ခုလို ဥရုချောင်းချောင်းရှင်းလင်းရေးတွေ ရပ်တန့်သွားတဲ့အပြင် အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ ဥရုချောင်းအတွင်းထိ စက်ယန္တရားကြီးတွေ အသုံးပြုပြီး ရွှေတူးဖော်မှုတွေ ပိုများလာခဲ့တယ်လို့ သိရပါတယ်။

အထူးသဖြင့် ၂၀၂၅ ခုနှစ်ကစပြီး KIA ထိန်းချုပ်နယ်မြေအတွင်းရှိ မှော်ဘုံ၊ ဆန်ခါ စတဲ့ ကျေးရွာတစ်လျှောက် ဥရုချောင်းလက်တက်နေရာတွေမှာ စက်ယန္တရားကြီးတွေ အသုံးပြုပြီး ရွှေတူးဖော်မှုတွေ တိုးလာခဲ့တယ်လို့ ဆိုပါတယ်။

ဥရုချောင်းမြစ်ကြောင်းတစ်လျှောက် ရွှေတူးဖော်မှုတွေကြောင့် စွန့်ပစ်မြေစာတွေဖြစ်တဲ့ ရွှံ့စေးနဲ့ နုန်းမြေတွေ စုပုံလာပြီး ရေလမ်းကြောင်းတွေ ပိတ်ဆို့ပြောင်းလဲလာတာလို့ ဖားကန့်ဒေသခံတွေက ပြောပါတယ်။

ဒါကြောင့် မိုးတွင်းကာလမှာ ချောင်းရေမြင့်တက်လာတဲ့အခါ အရင်က ရေမဝင်ခဲ့တဲ့ နေရာတွေထိ ရေစီးကြောင်း ပြောင်းလဲဝင်ရောက်လာပြီး မြို့ပေါ်ရပ်ကွက်နဲ့ ကျေးရွာတွေ ရေနစ်မြှုပ်လာတာလို့ ဆိုပါတယ်။

ဥရုချောင်းရဲ့ ရေလမ်းကြောင်းတွေ ပျက်စီးလာတာဟာ လက်ရှိရေကြီးရေလျှံမှုတွေမှာ အဓိကပြဿနာတစ်ခုဖြစ်လာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖားကန့် KBC ကချင်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းဝင်းရှေ့

ယခင်အာဏာမသိမ်းခင်ကာလအထိ ဥရုချောင်းတစ်လျှောက်မှာ ရွှေတူးဖော်မှုတွေရှိခဲ့ပေမယ့် ချောင်းနဲ့ ကမ်းပါးကနေ ပေ ၃၀၀ နဲ့ ၅၀၀ ဝန်းကျင်အကွာမှာသာ တစ်နိုင်တစ်ပိုင် လုပ်ကိုင်ကြတာများပြီး ရေလမ်းကြောင်းအပေါ် ထိခိုက်မှုနည်းခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ၂၀၂၅ ခုနှစ်နောက်ပိုင်းမှာတော့ ဥရုချောင်းစီးဆင်းရာ ကမ်းပါးကပ်ယက်နေရာတွေမှာ စက်ယန္တရားကြီးတွေ အသုံးပြုပြီး ရွှေတူးဖော်မှုတွေ ပိုမိုများလာခဲ့တာကြောင့် ပြည်သူတစ်ချို့ကန့်ကွက်မှုတွေ ရှိခဲ့ပါတယ်။

ဥရုချောင်းရေကြီးမှုကို လျှော့ချဖို့ လိုအပ်တဲ့ ချောင်းရှင်းလင်းရေးလုပ်ငန်းတွေကို စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဆက်လက်လုပ်ကိုင်နိုင်ခြင်းမရှိတော့တဲ့အပြင် ချောင်းအတွင်းအထိ ရွှေတူးဖော်မှုတွေ ရှိလာတာကြောင့် ဖားကန့်ရေကြီးရေလျှံမှု ပြဿနာ ပိုမိုဆိုးရွားလာတယ်လို့ ဖားကန့်မှာနေထိုင်သူတွေ ပြောပါတယ်။

အများပြည်သူသွားလာတဲ့လမ်းမကြီးပေါ်မှာ ရေကြီးရေလျှံဖြစ်

စစ်တပ်အာဏာမသိမ်းခင် ယခင်အစိုးရလက်ထက်တွေမှာတော့ ဥရုချောင်းရေကြီးမှု လျှော့ချနိုင်ဖို့ နိုင်ငံတော်ဘတ်ဂျက်အသုံးပြုပြီး နှစ်စဉ် ချောင်းရှင်းလင်းရေးလုပ်ငန်းတွေ ဆောင်ရွက်ခဲ့တယ်လို့ ဖားကန့်ဒေသခံတွေက ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇၂၀၁၈ ခုနှစ်အတွင်းမှာ ဥရုချောင်းအတွင်း ပေ ၁၇,၀၀၀ နဲ့ ချောင်းလက်တက် ၁၃ ခုမှာ ပေ ,၇၅၀ ရှင်းလင်းခဲ့ပြီး ကျပ် ၇၄၀၀ သန်း အသုံးပြုပြီး ချောင်းရှင်းလင်းရေးလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဒါပေမယ့် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖားကန့်ဒေသအတွင်း တိုက်ပွဲတွေ ဆက်တိုက်ရှိလာတာကြောင့် ချောင်းရှင်းလင်းရေးလုပ်ငန်းတွေ ပုံမှန်ဆောင်ရွက်နိုင်ခြင်း မရှိတော့ဘူးလို့ ဖားကန့်မှာနေထိုင်တဲ့အမျိုးသားတစ်ဦး ပြောပါတယ်။

အဓိကတော့ ဒီနှစ်မှာ ချောင်းရှင်းလင်းရေးကို ကောင်းကောင်းမလုပ်နိုင်ပါဘူး။ စစ်ကောင်စီတပ်နဲ့ KIA တိုက်ပွဲတွေဖြစ်တယ်။ စစ်ကြောင်းတွေတက်လာတဲ့အခါမှာ ကုမ္ပဏီတွေမီးရှို့ခံရတယ်။ ချောင်းရှင်းလင်းရေး လုပ်ရမယ့်အချိန်တွေမှာ မလုပ်နိုင်ဘူး။ လုံးဝမလုပ်နိုင်တော့တာက ၂၀၂၅ နှစ်စပိုင်းကနေဟုတ်တယ်။ အခု ၂၀၂၆ ထဲမှာလည်း မလုပ်နိုင်ခဲ့ဘူး။ အမှန်ဆို နှစ်တိုင်း ဧပြီနဲ့ မေလတွေမှာက အချိန်ယူပြီး ချောင်းရှင်းလင်းရေးလုပ်ကြတာဟုတ်တယ်

ယခုနှစ် မိုးတွင်းကာလမဝင်ခင် KIA ထိန်းချုပ်ထားတဲ့နယ်မြေထဲက နမ့်မှော်အထက်ပိုင်းမှာ ဥရုချောင်းရှင်းလင်းရေးဆိုပြီး ရေလမ်းကြောင်းကမ်းရိုးတွေမှာ ဘောင်ရိုက်တင်တဲ့အနေအထားလောက်လုပ်ဆောင်ခဲ့ပေမယ့် ထရောက်မှုမရှိခဲ့ဖူးလို့ သိရပါတယ်။

ဥရုချောင်းကို ထိရောက်စွာ ရှင်းလင်းဖို့ဆိုရင် ချောင်းစီးဆင်းရာ တစ်လျှောက်လုံးကို အချိန်ယူပြီး လုပ်ဆောင်ရမှာဖြစ်သလို ဖားကန့်အထက်ပိုင်းရှိ တာမခံ၊ ဆယ်ဇင်း၊ ဟောင်ပါးနဲ့ ဥရုချောင်းထဲ စီးဝင်တဲ့ ဟုမ္မလင်းနယ်မြေအထိပါ ထည့်သွင်းရှင်းလင်းဖို့ လိုအပ်တယ်လို့ ဖားကန့်မှာနေထိုင်သူတွေ ပြောပါတယ်။

 နှစ်ခန့် ဥရုချောင်းရှင်းလင်းရေး မလုပ်နိုင်တော့တဲ့နောက်ပိုင်း ဖားကန့်အထက်ပိုင်းရှိ တာမခံ၊ ဆယ်ဇင်းနဲ့ ဟောင်ပါးတစ်လျှောက်မှာ ရွှေတူးဖော်မှုတွေကြောင့် သဲနဲ့ မြေစာတွေ စုပုံလာပြီး သဲသောင်ပြင်တွေဟာ တောင်ကုန်းပုံစံအထိ မြင့်တက်လာတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

လူနေအိမ်ထဲအထိ ရေဝင်ရောက်ခဲ့တဲ့မြင်ကွင်း

ဥရုချောင်းဟာ ချင်းတွင်းမြစ်ရဲ့ အဓိကမြစ်လက်တက်ကြီးတစ်ခုဖြစ်ပြီး ဖားကန့်မြို့နယ် ကံစီး (Ginsi) ဒေသကနေ မြစ်ဖျားခံကာ လုံးခင်းနဲ့ ဖားကန့်ရတနာနယ်မြေတစ်လျှောက် မိုင်ပေါင်း ၅၄ မိုင်ခန့် စီးဆင်းနေတဲ့ ချောင်းတစ်ခုဖြစ်ပါတယ်။

ဒါကြောင့် ဥရုချောင်းရဲ့ ရေလမ်းကြောင်းပျက်စီးမှုဟာ ဖားကန့်ဒေသအတွင်းသာမက အောက်ပိုင်းဒေသတွေအထိ သက်ရောက်နိုင်တဲ့ ပြဿနာတစ်ခုဖြစ်လာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖားကန့်ရေကြီးမှုနောက်ကွယ်က နောက်ထပ်အကြောင်းရင်းတစ်ခုကတော့ နှစ်ပေါင်းများစွာ ဆက်တိုက်လုပ်ကိုင်ခဲ့တဲ့ ကျောက်စိမ်းတူးဖော်မှုတွေနဲ့ ဆက်စပ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

လွန်ခဲ့တဲ့ ၂၀၀၃ ခုနှစ်ဝန်းကျင်အထိ ဖားကန့်ဒေသမှာ သတ်မှတ်ဖော်ထုတ်လုပ်ကွက်တွေအဖြစ် ကျောက်စိမ်းတူးဖော်ခွင့်ပေးခဲ့ပြီး ၂၀၀၄ ခုနှစ်နောက်ပိုင်းမှာ လုံးခင်း၊ ဖားကန့်ရတနာမြေအဖြစ် သတ်မှတ်ခဲ့ပါတယ်။

၂၀၀၇ ခုနှစ်နောက်ပိုင်းမှာတော့ လုပ်ကွက်အသစ်တွေ ထပ်မံချထားခြင်းမရှိတော့ပေမယ့် နိုင်ငံတော်နဲ့ အကျိုးတူလုပ်ကွက်တွေ တိုးချဲ့လုပ်ကိုင်ခွင့်ပေးခဲ့ပြီး ကျောက်စိမ်းတူးဖော်မှုတွေ ဆက်လက်ကျယ်ပြန့်လာခဲ့ပါတယ်။

ကျောက်စိမ်းတူးဖော်မှုတွေကြောင့် မြေစာပုံတွေ၊ ရေလမ်းကြောင်းပြောင်းလဲမှုတွေ ဖြစ်လာခဲ့ပေမယ့် တူးဖော်ပြီးတဲ့နေရာတွေကို စနစ်တကျ ပြန်လည်ပြုပြင်တာနဲ့ ထိန်းချုပ်မှု အားနည်းခဲ့တာကြောင့် သဘာဝဘေးအန္တရာယ်တွေ ပိုမိုကြုံတွေ့လာရတယ်လို့ ဖားကန့်မှာနေထိုင်တဲ့အမျိုးသမီးတစ်ဦး ပြောပါတယ်။

ရေလမ်းကြောင်းပတ်ပတ်လည်နေရာတွေမှာ ကျောက်တူးတယ် ရွှေတူးတယ်။ ရေလမ်းကြောင်းတွေကို ဟိုဘက်လွှဲလိုက် ဒီဘက်လွှဲလိုက်နဲ့ စည်းမဲ့ကမ်းမဲ့ လုပ်ဆောင်ခဲ့တယ်။ တစ်ချို့ရေလမ်းကြောင်းတွေကို ပိတ်ဆို့လိုက်တယ်။ ရေလမ်းကြောင်းတွေမှာလည်း ရွံ့၊ နုန်းမြေတွေမြင့်သွားတယ်။ အဲ့ဒါကို ထိထိရောက်ရောက် ရှင်းလင်းဆောင်ရွက်တာကမရှိဘူး။ ဒါကြောင့် ရေလမ်းတွေက မြင့်လာပြီး လမ်းကြောင်းတွေ ကျော်တက်သွားတာတွေဖြစ်လာတယ်။ ဒီအခြေအနေတွေကို မြင်တွေ့ရပါတယ်

ဖားကန့်မှာ ဇူလိုင်လ ၁၉ ရက်ကနေ တစ်ပတ်ခန့်အကြာ ရေကြီးပြီးနောက်မြင်ကွင်း

ဖားကန့်ဒေသမှာ ယခင်က ကျောက်စိမ်းတူးဖော်မှုကို အဓိကလုပ်ကိုင်ခဲ့ပေမယ့် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ ရွှေတူးဖော်မှုတွေပါ ပိုမိုများပြားလာခဲ့ပါတယ်။

၂၀၂၆ ခုနှစ်အတွင်းမှာပင် တစ်လကျော်အတွင်း ဖားကန့်မြို့နယ်မှာ ရေကြီးရေလျှံမှု  ကြိမ်ထက်မနည်း ဖြစ်ခဲ့ပြီး ဇူလိုင် ၁၉ ရက် ရေကြီးမှုကတော့ အဆိုးဆုံးဖြစ်ခဲ့ပါတယ်။

ဒီရေကြီးမှုမှာ လူ  ဦး သေဆုံးခဲ့သလို မှော်ဝမ်း၊ ဆောင်းချိန်နဲ့ သာယာကုန်းကျေးရွာတွေမှာ သွပ်မိုးအိမ်  လုံးထက်မနည်း ရေထဲမျောပါ ပျက်စီးခဲ့ပါတယ်။

ဒါ့အပြင် ဖားကန့်မြို့နယ်အတွင်း နှစ်ရှည်အသုံးပြုနေတဲ့ လမ်းပိုင်းတချို့လည်း ပျက်စီးသွားတာကြောင့် ဒေသခံတွေရဲ့ သွားလာရေး အခက်အခဲတွေ ဆက်ရှိနေပါတယ်။

၂၀၂၄ ခုနှစ် ပထမအကြိမ် စံချိန်တင်ရေကြီးမှုမှာလည်း လုံးခင်းကျေးရွာအုပ်စုအတွင်း အိမ်ထောင်စု ၆၀ ကျော် အိမ်ခြေမဲ့ဖြစ်ခဲ့ပြီး လမ်းတံတားပျက်စီးမှုတွေ အများဆုံး ကြုံခဲ့ရပါတယ်။

အခုလို ရေကြီးရေလျှံမှုတွေ နှစ်စဉ်ပိုမိုဆိုးရွားလာနေတဲ့အတွက် ဖားကန့်ဒေသဟာ လက်ရှိအခြေအနေထက် ပိုမိုပြင်းထန်တဲ့ ရေဘေးအန္တရာယ်တွေနဲ့ ရင်ဆိုင်လာရနိုင်တယ်လို့ ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

ဖားကန့်ဒေသမှာ နှစ်စဉ်ဖြစ်ပေါ်နေတဲ့ ရေကြီးရေလျှံမှုတွေဟာ မိုးရေချိန်မြင့်တက်မှုတစ်ခုတည်းကြောင့်မဟုတ်ဘဲ နှစ်ပေါင်းများစွာ ဆက်တိုက်လုပ်ကိုင်ခဲ့တဲ့ ကျောက်စိမ်းနဲ့ ရွှေတူးဖော်မှုတွေကြောင့် ရေလမ်းကြောင်းတွေ ပြောင်းလဲပျက်စီးလာတာက အဓိကအကြောင်းရင်းတွေဖြစ်တယ်လို့ ပြည်သူတွေ ထောက်ပြနေကြတာဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Leave a Reply

Back to top button