ရွှေကူမှာတိုက်ပွဲတွေ ဆက်ဖြစ်နေ

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်အတွင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တွေက ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်ရဲ့ ရှေ့တန်းစခန်းတစ်ခုကို သိမ်းပိုက်ပြီးနောက် နှစ်ဖက်တပ်တို့ထိတွေ့တိုက်ပွဲတွေ ဆက်လက်ဖြစ်နေပြီး စစ်တပ်က လေကြောင်း အသုံးပြုတာနဲ့ ရိက္ခာဖြည့်တင်းတာတွေဆက်လုပ်နေတယ်လို့ ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

ရွှေကူဒေသအတွင်း လက်ရှိစစ်ရေးအခြေအနေကို သိရှိတဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကတော့ ရွှေဘုန်းမြင့်ဘက်ကို KIA ပူးပေါင်းတပ်တွေ ထိန်းချုပ်ထားနိုင်ပေမယ့် အနီးဝန်းကျင်မှာ တိုက်ပွဲနဲ့ပစ်ခတ်မှုတွေ ဆက်ရှိနေတယ်လို့ KNG ကို ပြောပါတယ်။

ရွှေကူကတော့ ရွှေဘုန်းမြင့်ဘက်သိမ်းပြီးတော့ တစ်ဖက်နဲ့တစ်ဖက် ပစ်ခတ်မှုတွေကတော့ရှိနေတယ်။ အသံတွေလည်း ကြားနေရတယ်။ စစ်တပ်ဘက်ကတော့ Y-8 နဲ့ ရိက္ခာတွေချတာရှိတယ်။ လေကြောင်းတိုက်ခိုက်မှုကလည်း ညတွေ အချိန်မတော်တွေမှာ တိုက်ခိုက်တာတွေကတော့ရှိတယ်လို့ ပြောပါတယ်။

ရွှေဘုန်းမြင့်ကျေးရွာဟာ ရွှေကူမြို့နဲ့ ငအိုးကျေးရွာကြားမှာရှိပြီး မန္တလေးဗန်းမော်လမ်းကြောင်းပေါ်မှာ တည်ရှိတာဖြစ်ပါတယ်။

အဲ့ဒီနေရာမှာရှိတဲ့ စစ်တပ်ရဲ့ ရှေ့တန်းခြေကုတ်စခန်းကို KIA ပူးပေါင်းတပ်တွေက ဇူလိုင် ၃၁ ရက်မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တယ် လို့ KIO ဘက်က ပြောထားပါတယ်။

အဲ့ဒီ စခန်းမှာ စစ်တပ်ရဲ့ တပ်ဖွဲ့ဝင် ၃၀ ကျော် ချထားပြီး ရွှေကူမြို့ဘက်ကို စစ်ကြောင်းထိုးဖို့အတွက် တစ်လနီးပါး အသုံးပြုခဲ့တဲ့ ရှေ့တန်းခြေကုတ်စခန်းတစ်ခုဖြစ်တယ်လို့ KIO က ဆိုထားပါတယ်။

အဲဒီစခန်း သိမ်းပိုက်ခံရပြီးနောက် ရွှေကူမြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်တွေကြား ထိတွေ့တိုက်ပွဲတွေ ဆက်လက်ဖြစ်နေသလို ရိက္ခာထောက်ပံ့တာတွေလည်းရှိတယ်လို့ ဒေသတွင်းစစ်ရေးအခြေအနေကို သိရှိသူတွေကပြောပါ တယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတွေမှာပဲ ရိက္ခာတွေချတာ။ လေကြောင်းတိုက်ခိုက်တာကတော့ ပြီးခဲ့တဲ့ တစ်ရက်နှစ်ရက်ကို ဂျက်ဖိုက်တာတွေ ညသန်းခေါင်ကြီး သွားလာတာတွေရှိတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်က ပြောပါတယ်။

အဲ့ဒီရက်ပိုင်းတွေကလည်း ရွှေဘုန်းမြင့်ကျေးရွာအတွင်း တိုက်ပွဲတွေ သုံးရက်ဆက်တိုက် ဖြစ်ပွားခဲ့ပြီး ပေါက်ကွဲမှုတစ်ခုကြောင့် အရပ်သားတစ်ဦးသေဆုံးခဲ့ရသလို သံဃာတစ်ပါးလည်း ဒဏ်ရာရရှိပြီးနောက် ပျံလွန်တော်မူခဲ့တယ်လို့ ဒေသခံတွေက KNG ကို ပြောထားပါတယ်။

လက်ရှိအခြေအနေမှာ ရွှေဘုန်းမြင့်ဘက်ကို KIA ပူးပေါင်းတပ်တွေက ထိန်းချုပ်ထားနိုင်ပေမယ့် ရွှေကူမြို့နယ်အတွင်းက တခြားစစ်ရေးလမ်းကြောင်းတွေမှာလည်း ထိတွေ့တိုက်ပွဲတွေ ရှိနေဆဲဖြစ်တယ်လို့ အထက်ပါ ကာကွယ်ရေးတပ်ဖွဲ့ဝင်က ပြောပါတယ်။

အရင်က တိုက်ပွဲဖြစ်နေတဲ့ နေရာတွေပေါ့။ ရွှေကူကနေ ဗန်းမော်ဘက်ကို ထွက်တဲ့တကြောပေါ့။ အဲဒီဘက်မှာတော့ ထိတွေ့မှု တွေက မကြာမကြာကို ဖြစ်နေတာ။ ဒါပေမဲ့ အဲဒီဘက်ကို စစ်တပ်က မကျော်နိုင်ဘူးပေါ့ဗျာ။ ဒါကြောင့် အဲဒီဘက်တွေမှာလည်း ထိတွေ့တိုက်ပွဲတွေ မကြာမကြာဖြစ်တယ်။ ပြီးတော့ ငအိုးဘက်ကနေ ထွက်တဲ့ ၁၀၉ မိုင် ဘက်တကြောတွေမှာလည်း ထိတွေ့မှု က ရှိတယ်လို့ ပြောပါတယ်။

ရွှေကူမြို့နယ်အတွင်း စစ်တပ်တွေက ဇွန်လဆန်းပိုင်းကတည်းက ထိုးစစ်ဆင်လာတာဖြစ်ပြီး ရွှေဘုန်းမြင့်စခန်းကို သိမ်းပိုက်ခံရပြီး နောက်မှာလည်း ရွှေကူ၊ ဗန်းမော်နဲ့ စင်းခန်းဘက်ကို ဆက်လက်စစ်ကြောင်းထိုးနိုင်ရေး ကြိုးပမ်းနေတယ်လို့ KIO ဘက်က ပြောထားပါတယ်။

လက်တလော စစ်ရေးလှုပ်ရှားမှုတွေအတွင်း စစ်တပ်ဘက်က လေကြောင်းပစ်ကူအသုံးပြုမှုတွေ ဆက်ရှိနေသလို မကြာသေးခင် ရက်ပိုင်းအတွင်း ညအချိန်တွေမှာလည်း လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတယ်လို့ ဒေသခံနဲ့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

လက်ရှိမှာ ရွှေဘုန်းမြင့်ကျေးရွာနဲ့ ရွှေကူဗန်းမော်လမ်းကြောင်းတစ်လျှောက် စစ်ရေးတင်းမာနေဆဲဖြစ်ပြီး နှစ်ဖက်တပ်တွေရဲ့ ထိတွေ့တိုက်ပွဲနဲ့ စစ်တပ်ဘက်က လေကြောင်းလှုပ်ရှားမှုတွေ ဆက်ရှိနေသေးတယ်လို့ သိရပါတယ်။

By – အမိုး

Show More

Leave a Reply

Back to top button