နေအိမ်ထဲအထိ တပ်သားစုဆောင်း၊ လူငယ်တွေ တိမ်းရှောင်နေရ
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသမှ SNA ပူးပေါင်းတပ်တွေက နေအိမ်ထဲအထိ ဝင်ရောက်ပြီး တပ်သားသစ်ဖမ်းဆီးစုဆောင်းနေတာကြောင့် လူငယ်နဲ့ လူလတ်ပိုင်းတွေ ဘေးလွတ်ရာကို တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိ ရှမ်းနီအမျိုးသားများတပ်မတော် SNA နဲ့ ရှမ်းနီပြည်သူ့စစ်တွေ ထိန်းချုပ်ထားတဲ့ လုံးတုံ၊ မိုင်းနောင်နဲ့ မမုံကိုင်ကျေးရွာတွေမှာ တပ်သားသစ်စုဆောင်းမှုတွေ ပိုပြီးတင်းကျပ်လာပြီး လမ်းပေါ်မှာ ဖမ်းဆီးတာအပြင် ခုနောက်ပိုင်း နေအိမ်ထဲအထိ ဝင်ရောက်ရှာဖွေဖမ်းဆီးတာတွေလုပ်လာတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
“အခြေအနေကတော့ မကောင်းဘူး၊ ပိုပိုဆိုးလာတယ်။ အရင်က လမ်းပေါ်ပဲထွက်ဆွဲတာ။ အခုက လမ်းပေါ်လူသိပ်မထွက်တော့ အိမ်ထဲအထိပါ ဝင်ဆွဲနေတယ်။ လူတွေက အရင်က နည်းနည်းနေရဲကြသေးတယ်။ အခုတော့ အိမ်ထဲတောင် နေလို့မရတော့ဘူး။ ဘယ်သူမှ မနေရဲကြဘူး၊ အကုန်ထွက်ပြေးနေရတယ်။ အင်းတော်ကြီး ဒီဘက်ခြမ်းတစ်ခုလုံးပဲ” လို့ မိုင်းနောင်ကျေးရွာနေ အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦးက KNG ကို ပြောပါတယ်။
SNA နဲ့ ရှမ်းနီပြည်သူ့စစ်တွေဟာ အင်းတော်ကြီးဒေသထဲက အမျိုးသားတွေကို အသက် ၁၅ နှစ်ကျော်ကနေ ၄၀ ဝန်းကျင်အထိ ပစ်မှတ်ထားဖမ်းနေသလို အမျိုးသမီးတွေကိုလည်း အသက် ၁၈ နှစ်ကနေ ၃၀ ဝန်းကျင်အထိ တပ်သားသစ်အဖြစ် စုဆောင်းဖမ်းဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တပ်သားသစ်စုဆောင်းမှုတွေကြောင့် မိုင်းနောင်၊ လုံးတုံနဲ့ မမုံကိုင်ကျေးရွာတွေမှာ လူငယ်နဲ့ လူလတ်ပိုင်းအရွယ်တွေ နည်းပါးလာပြီး တချို့ကျေးရွာတွေမှာ သက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေသာ ကျန်ရှိနေတယ်လို့ ဆိုပါတယ်။
“အမျိုးသမီးတွေကတော့ ၁၈ ကနေ ၂၀ ကျော်၊ ၃၀ ဝန်းကျင်တွေ ဖမ်းတယ်။ အမျိုးသားတွေကတော့ ကျန်းမာရေးကောင်းရင်ကောင်းသလို အသက် ၄၀ အထိ ဖမ်းခေါ်တာရှိတယ်။ ရွာတွေထဲမှာ အဖိုးအဘွားတွေနဲ့ ကလေးပေါက်စတွေလောက်ပဲ ကျန်တယ်။ လုပ်ငန်းခွင်ဝင်မယ့်လူတောင် မရှိတော့ ဒုက္ခရောက်နေကြတယ်” လို့ နောက်ထပ်ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။
တပ်သားသစ်စုဆောင်းမှုတွေကြောင့် မိုင်းနောင်၊ လုံးတုံနဲ့ မမုံကိုင်ကျေးရွာတွေက လူငယ်နဲ့ လူလတ်ပိုင်းတွေဟာ တောတောင်တွေထဲအပြင် မိုးညှင်း၊ မြစ်ကြီးနားနဲ့ ဖားကန့်ဘက်တွေကိုပါ တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
ဒေသခံတွေရဲ့ ပြောကြားချက်အရ ၂၀၂၅ ခုနှစ်အတွင်းမှာ ရှမ်းနီပြည်သူ့စစ်တွေက အင်းတော်ကြီးဒေသ အဝင်အထွက်နေရာတွေနဲ့ နန့်မွန်းမြို့အဝင်အထွက်တွေမှာ ဂိတ်တွေချထားပြီး ခရီးသွားလာတဲ့ လူငယ်တွေ၊ ရွှေမှော်နဲ့ တခြားလုပ်ငန်းခွင်တွေကို သွားလာတဲ့ လူငယ်တွေကို အဓိက ပစ်မှတ်ထား ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမယ့် ၀၂၆ ခုနှစ် မေလနောက်ပိုင်းကစပြီးတော့ နေအိမ်တွေအထိ ဝင်ရောက်ဖမ်းဆီးတာတွေလုပ်လာသလို ဇူလိုင်လတွင်းမှာဆို ဖမ်းဆီးမှုပိုလုပ်လာတယ်လို့ဆိုပါတယ်။
ဖမ်းဆီးခံရသူတွေထဲမှာ နာမကျန်းဖြစ်နေသူတချို့ကို ငွေကြေးပေးပြီး ပြန်လည်ရွေးယူခွင့်ပြုတာတွေ ရှိသလို ကျန်တဲ့သူတွေကိုတော့ စစ်သင်တန်းပေးပြီး ရှေ့တန်းပို့တာတွေ ရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
“ပြန်လွတ်လာတဲ့သူက ခပ်ရှားရှားပဲ၊ မရှိသလောက်ပဲ။ နန့်မွန်းကွင်းမှာလည်း သင်တန်းပေးတယ်။ မိုးညှင်းကို အများပိုင်းပို့တယ်။ ပြီးတာနဲ့ ရှေ့တန်းပို့တယ်။ အဆက်အသွယ်လည်း မရကြဘူး” လို့ နန်းမားဒေသခံတစ်ဦးက ပြောပါတယ်။
SNA ပူးပေါင်းတပ်တွေဟာ ဖမ်းဆီးရမိတဲ့ လူငယ်၊လူလတ်ပိုင်းတွေကို နန့်မွန်းစစ်သင်တန်းကျောင်းပို့ပြီး သင်တန်းဆင်းတာနဲ့ရှေ့တန်းစစ်မျက်နှာပြင်ပို့တာတွေလုပ်နေတယ်လို့ သူကဆက်ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး SNA တပ်ဖွဲ့ထံကိုKNG က မေးမြန်းဖို့ကြိုးစားပေမယ့် ဖုန်း၊အင်တာနက်လိုင်းအခက်ခဲကြောင့်ဆက်သွယ်လို့မရသေးတာလည်းဖြစ်ပါတယ်။
လက်ရှိ အင်းတော်ကြီးဒေသအတွင်း မိုင်းနောင်၊ လုံးတုံ၊ မမုံကိုင်၊ နန်းမား၊ နန့်မွန်းနဲ့ လပ်ပံကျေးရွာတွေဘက်ကို SNA၊ ရှမ်းနီပြည်သူ့စစ်နဲ့ စစ်ကောင်စီတပ်တွေက ထိန်းချုပ်ထားပြီး ညောင်ပင်၊ ညောင်းဝ၊ ဝေလှံနဲ့ နန့်ပတဲကျေးရွာဘက်တွေကိုတော့ KIA ပူးပေါင်းတပ်တွေက ထိန်းချုပ်ထားတယ်လို့ သိရပါတယ်။
အင်းတော်ကြီးဒေသမှာ ၂၀၂၅ ခုနှစ် မေလနောက်ပိုင်းကစပြီး မိုင်းနောင်၊ လုံးတုံ၊ မမုံကိုင်၊ နန့်ပတဲ၊ နန့်မီးလောင်နဲ့ ချောင်းဝကျေးရွာတစ်လျှောက် တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေပြီး လက်ရှိအချိန်အထိ နှစ်ဖက်စစ်ရေးတင်းမာနေဆဲ ဖြစ်ပါတယ်။
အင်းတော်ကြီးဒေသမှာ ရှမ်းနီပြည်သူ့စစ်အဖွဲ့တွေဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပိုမိုပေါ်ပေါက်လာခဲ့တာဖြစ်ပြီး လက်ရှိအခြေစိုက်နေတဲ့ SNA တပ်ဖွဲ့တွေထဲမှာ မိုးညှင်းမြို့နယ်အတွင်းက ဒေသခံရှမ်းနီလူမျိုးတွေ၊ ဟုမ္မလင်းနဲ့ ဗန်းမောက်ဘက်က ဝင်ရောက်လာတဲ့ SNA တပ်ဖွဲ့ဝင်တွေ ပူးပေါင်းပါဝင်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
အင်းတော်ကြီးဒေသဟာ ကချင်ပြည်နယ် မိုးညှင်းမြို့နယ်အတွင်းမှာ တည်ရှိပြီး မြန်မာနိုင်ငံရဲ့ အကြီးဆုံးရေချိုကန်ဖြစ်တဲ့ အင်းတော်ကြီးကန်ရှိပါတယ်။
ဒါ့အပြင် အင်းတော်ကြီးဒေသဟာ မိုးညှင်း–ဂွေခါးလမ်းကြောင်းအနီးမှာရှိပြီး အဲဒီလမ်းက ဖားကန့်မြို့နယ်ဘက်ကို ဆက်သွယ်ထားတာကြောင့် ဖားကန့်ကျောက်စိမ်းဒေသအတွက် ကုန်စည်၊ လောင်စာနဲ့ စက်ယန္တရားတွေ သယ်ယူပို့ဆောင်ရာမှာ အရေးပါတဲ့ လမ်းကြောင်းတစ်ခု ဖြစ်ပါတယ်။
ဒါကြောင့် အင်းတော်ကြီးဒေသကို ထိန်းချုပ်နိုင်ရေးဟာ ဒေသတွင်း လူမှုရေးနဲ့ နယ်မြေထိန်းချုပ်ရေးအပြင် ဖားကန့်ကျောက်စိမ်းဒေသနဲ့ ကုန်သွယ်ရေးလမ်းကြောင်းတွေကို ထိန်းချုပ်နိုင်ရေးအတွက်ပါ စစ်ရေးအရ အရေးပါလာတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ကစပြီး KIA နဲ့ ပူးပေါင်းတပ်တွေက အင်းတော်ကြီးဒေသရှိ စစ်ကောင်စီစခန်းတချို့ကို သိမ်းယူခဲ့ပြီး နောက်ပိုင်း SNA တပ်တွေ ဒေသအတွင်း ဝင်ရောက်အခြေချလာတာနဲ့အမျှ နယ်မြေထိန်းချုပ်ရေးအတွက် တိုက်ပွဲတွေ ဆက်တိုက်ဖြစ်လာခဲ့တယ်လို့ ဒေသခံတွေပြောပါတယ်။
By – Zaw Zaw




