လမ်းပိတ်လို့ ကားသမားတွေ တော်လှန်ရေးအင်အားစုနဲ့ ညှိနှိုင်း

မန္တလေးမြစ်ကြီးနားလမ်းပိုင်း၊ အင်းတော်မြို့နယ်အတွင်း ကားတွေ ပုံမှန်အသုံးပြုနေတဲ့ ကွင်းလမ်းကို လမ်းပြုပြင်ဖို့ အကန့်အသတ်မရှိ ပိတ်ထားပြီး နောက်ထပ်ကွင်းလမ်းတစ်ခုကို လွှဲပြောင်းအသုံးပြုခိုင်းတာကြောင့် ကားသမားတွေ စုပေါင်းပြီး တော်လှန်ရေးအင်အားစုတွေနဲ့ သွားရောက်ညှိနှိုင်းခဲ့တယ်လို့ သိရပါတယ်။

အင်းတော်မြို့နယ်အတွင်း ပုံမှန်အသုံးပြုနေတဲ့ ကွင်းလမ်းတချို့ကို တော်လှန်ရေးအင်အားစုတွေက ကျောက်လမ်းခင်းပြီး ပြုပြင်ဖို့အတွက် ပိတ်ထားတာဖြစ်ပြီး အဲဒီလမ်းမှာ ကားတချို့ ရက် ၂၀ ဝန်းကျင်အထိ ပိတ်မိနေတယ်လို့ ကားဂိတ်မှူးတစ်ဦးက ပြောပါတယ်။

ဒီနေရာက ပိတ်နေတာကြာပြီ။ အဲဒါကို ထပ်ပြီးတော့ အကန့်အသတ်မရှိပိတ်မယ်လို့ စာထုတ်လိုက်တယ်။ ပြီးတော့ သူတို့က နောက်ထပ်ကွင်းလမ်းတစ်လမ်းကို သွားခိုင်းတယ်။ အဲဒီလမ်းက ကားတွေ ဘယ်လိုမှသွားလို့မရဘူး။ ဗွက်တွေနစ်လို့ပေါ့။ အခု ပုံမှန်သွားနေကျ အင်းတော်ကွင်းလမ်းကိုတော့ ကျောက်လမ်းခင်းမှာမို့လို့ လမ်းပြုပြင်ဖို့ ပိတ်ထားတာ။ အဲဒီမှာ ရက် ၂၀ ဝန်းကျင်လောက် ပိတ်မိနေတဲ့ကားတွေရှိတယ်လို့ ပြောပါတယ်။

လမ်းပိတ်ထားတဲ့အတွက် တော်လှန်ရေးအင်အားစုတွေဘက်က ကားသမားတွေကို အခြားကွင်းလမ်းတစ်ခုကနေ သွားလာဖို့ ညွှန်ကြားထားပေမယ့် အဲဒီလမ်းဟာ မိုးရွာသွန်းမှုကြောင့် ဗွက်ထပြီး ယာဉ်တွေ သွားလာဖို့ အခက်အခဲရှိနေတယ်လို့ ဆိုပါတယ်။

အဲဒီအခြေအနေကြောင့် ကားသမားတွေဟာ မနေ့က စုပေါင်းပြီး လမ်းပိတ်ထားမှုနဲ့ အခြားကွင်းလမ်းကို လွှဲပြောင်းအသုံးပြုခိုင်းတဲ့အခြေအနေတွေကို တော်လှန်ရေးအင်အားစုတွေဘက် သွားရောက်ညှိနှိုင်းခဲ့တာဖြစ်ပါတယ်။

ညှိနှိုင်းပြီးနောက် လမ်းပြုပြင်မှုအခြေအနေကို ကြည့်ပြီး နှစ်ရက်၊ သုံးရက်အတွင်း ပြန်လည်ပြောင်းလဲပေးမယ်လို့ နှုတ်အားဖြင့် သဘောတူခဲ့တယ်လို့ သိရပါတယ်။

ဆန္ဒပြတယ်ဆိုတာထက် လူတွေစုပြီး လိုချင်တာကို ညှိနှိုင်းဖို့ သွားပြောတဲ့သဘောပါ။ အဲဒီလိုကြောင့်လည်း သူတို့ဘက်က အပြောင်းအလဲဖြစ်သွားပါတယ်။ နှစ်ရက်၊ သုံးရက်အတွင်း ရအောင်လုပ်ပေးမယ်။ ကျောက်လမ်းခင်းပြီးတာနဲ့ ကားတွေကို ပြန်လွှတ်ပေးမယ်ဆိုပြီး နှုတ်အားဖြင့် သဘောတူပြီးသွားတယ်လို့ ကားဂိတ်မှူးက ဆက်ပြောပါတယ်။

အင်းတော်မြို့နယ်အတွင်းမှာ တိုက်ပွဲတွေနဲ့ လုံခြုံရေးအခြေအနေတွေကြောင့် အဓိကလမ်းမကြီးအစား ကွင်းလမ်းတွေကို အသုံးပြုပြီး သွားလာနေရတာဖြစ်ပါတယ်။

လက်ရှိအသုံးပြုနေရတဲ့ ကွင်းလမ်းတွေဟာ တစ်လမ်းသွားသာ အသုံးပြုနိုင်တဲ့နေရာများပြားပြီး မိုးရွာသွန်းချိန်မှာ ဗွက်ထခြင်း၊ ယာဉ်ချော်ကျခြင်းတွေကြောင့် ယာဉ်ကြောပိတ်ဆို့မှုနဲ့ ခရီးကြန့်ကြာမှုတွေ မကြာခဏရှိနေတယ်လို့ သိရပါတယ်။

By – အမိုး

Show More

Leave a Reply

Back to top button