ရွှေကူမှာ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်ရှိနေ၊ ရွာ ၃ ရွာ ဗုံးကြဲခံနေရ

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်အတွင်းမှာ ဩဂုတ် ၂၀ ရက်အထိ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်ရှိနေပြီး ဆင်တပ်၊ ရေလဲနဲ့ ကျောက်တလုံးကျေးရွာတွေကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒီနေ့ မနက် ၁၀ နာရီဝန်းကျင်မှာ ဂျက်ဖိုက်တာနဲ့ ဆင်တပ်ကျေးရွာကို ဗုံး ၂ လုံး၊ ရေလဲကျေးရွာကို ၁ လုံးနဲ့ ကျောက်တလုံးကျေးရွာကို ၁ လုံး ကြဲချခဲ့တယ်လို့ ရွှေကူမြို့ခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

ဒီမနက် ၁၀ နာရီလောက် ဂျက်ဖိုက်တာနဲ့ ဆင်တပ်ရွာမှာ ၂ လုံး၊ ရေလဲမှာ ၁ လုံး၊ ကျောက်တလုံးရွာမှာ ၁ လုံး လာချတယ်။ ထိခိုက်သေဆုံးတာတွေကတော့ စုံစမ်းနေဆဲပါ။ အခုတလော မိုးကလည်း ဆက်တိုက်ရွာနေတော့ မိုးသံနဲ့ လက်နက်ကြီး၊ လေကြောင်းသံတွေက မကွဲဘူး။ နေ့တိုင်းတော့ လေကြောင်းလာနေတယ်လို့ပြောပါတယ်။

ဒီနေ့ လေကြောင်းတိုက်ခိုက်မှုမှာ ဂျက်ဖိုက်တာ ၂ စီး အသုံးပြုခဲ့ပြီး ရွှေကူမြို့ရဲ့ တစ်ဖက်ကမ်းမှာရှိတဲ့ ဆင်တပ်ကျေးရွာတစ်ဝိုက်ကို လာရောက်တိုက်ခိုက်ခဲ့တာလို့ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ နီးစပ်သူ နောက်ထပ်အမျိုးသားတစ်ဦးက ပြောပါတယ်။

ဒီနေ့ ဂျက်ဖိုက်တာနှစ်စီးနဲ့ ကြဲနေတာ။ ဆင်တပ်ရွာတစ်လျှောက်၊ ရွှေကူမြို့ရဲ့ တစ်ဖက်ကမ်းပေါ့။ သူတို့က ကြဲရင် ဆေးရုံတို့၊ ဘုန်းကြီးကျောင်းတို့ကို ဦးစားပေးကြဲတယ်လို့၎င်းက ပြောပါတယ်။

လက်ရှိမှာတော့ ဒီနေ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ထိခိုက်သေဆုံးသူ ရှိ၊ မရှိကို KNG အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ရွှေကူမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုတွေဟာ အခုရက်ပိုင်းအတွင်း ဆက်တိုက်ရှိနေခဲ့တာဖြစ်ပြီး ဩဂုတ် ၁၈ ရက်ကလည်း မြို့ကုန်းကျေးရွာကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ဒေသခံတွေနဲ့ ဗန်းမော်ဘက်က စစ်ရှောင်ပြည်သူတွေ ဆေးကုသမှုခံယူနေတဲ့ မြို့ကုန်းကျေးရွာဆေးရုံကို ဂျက်ဖိုက်တာနဲ့ နှစ်ကြိမ် ဗုံးကြဲခဲ့တာကြောင့် ဆေးရုံနဲ့ ဆေးပစ္စည်းတွေ ထိခိုက်ပျက်စီးခဲ့ပေမယ့် လူထိခိုက်သေဆုံးမှုတော့ မရှိခဲ့ဘူးလို့ သိရပါတယ်။

မြို့ကုန်းကျေးရွာဟာ ရွှေကူမြို့ရဲ့ အရှေ့မြောက်ဘက်မှာ တည်ရှိပြီး ဗန်းမော်မြို့ဘက်ကနေ ထွက်ပြေးလာတဲ့ စစ်ရှောင်ပြည်သူတွေ ခိုလှုံနေတဲ့ ကျေးရွာတွေထဲက တစ်ရွာဖြစ်တယ်လို့ သိရပါတယ်။

ရွှေကူမြို့နယ်အတွင်းမှာ KIA ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲတွေရှိနေပြီး အခုရက်ပိုင်းအတွင်း လေကြောင်းတိုက်ခိုက်မှုတွေအပြင် လက်နက်ကြီးနဲ့ ဒရုန်းအသုံးပြုပစ်ခတ်မှုတွေလည်း ရှိနေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။

By – အမိုး

Show More

Leave a Reply

Back to top button