စစ်သင်္ဘောဆန်တက်လာချိန် မြစ်ကမ်းဘေးတိုက်ပွဲဖြစ်လို့ အရပ်သား ၄ ဦးသေဆုံး
မန္တလေးကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း အထက်ဘက်ကို ဆန်တက်လာနေတဲ့ စစ်ကောင်စီတပ်ရဲ့ သင်္ဘောအုပ်စု ရွှေကူမြို့နယ်ဘက်ကို ဦးတည်ဆန်လာနေချိန်မှာပဲ ရွှေကူမြို့နယ်အတွင်း ဧရာဝတီမြစ်ကမ်းဘေးက ကျွန်းတော်ကျေးရွာမှာ မနေ့က တိုက်ပွဲဖြစ်ခဲ့တယ်လို့ ကာကွယ်ရေးတပ်နဲ့နီးစပ်တဲ့ဒေသတွင်းသတင်းရင်းမြစ်တွေက KNG ကိုပြောပါတယ်။
ဩဂုတ်လ ၂၄ ရက် မနေ့ညနေပိုင်း စစ်ကောင်စီတပ်က ကျွန်းတော်ကျေးရွာဘက်ကို မြေပြင်စစ်ကြောင်းထိုးလာရာကနေ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့ပစ်ခတ်မှု ဖြစ်ခဲ့တာလို့ အဲဒီဒေသနဲ့ နီးစပ်တဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ခုလိုပြောပါတယ်။
“မနေ့က ဒီကောင်တွေ ရွှေကူထဲကနေ အဲ့ဘက်ကူးလာပြီး ရေလဲ၊ မိုးစစ်နဲ့ ကျွန်းတော်၊ သဘော်အင်း အဲ့ဘက်တွေ ထိုးလာတာရှိတယ်။ အဲ့တာနဲ့ ဟိုဘက်ကအဖွဲ့နဲ့ ခဏတာ ထိတွေ့ဖြစ်တဲ့သဘောမျိုး ဖြစ်လိမ့်မယ်”လို့ ပြောပါတယ်။
ကျွန်းတော်ကျေးရွာဟာ ဧရာဝတီမြစ်အတွင်းက ကျွန်းပေါ်မှာ တည်ရှိတဲ့ ကျေးရွာတစ်ရွာဖြစ်ပြီး ရွှေကူမြို့နဲ့ မြစ်တစ်ဖက်ကမ်းမှာ တည်ရှိပါတယ်။ ဒါ့အပြင် မနေ့ကဖြစ်တဲ့ တိုက်ပွဲအတွင်း နှစ်ဖက်တပ်တွေ ရှော့တိုက်ဒုံးနဲ့ suicide drone တွေအပါအဝင် လက်နက်မျိုးစုံ အသုံးပြုပစ်ခတ်ခဲ့တာကြောင့် အရပ်သား ၄ ဦး သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။
“ညက ကျွန်းတော်ကို စစ်ကြောင်းတက်ချိန် ပစ်ခတ်မှုဖြစ်တယ်။ ပြည်သူ ၄ ယောက်သေတယ်။ ရှော့တိုက်ဒုံးတွေရော suicide drone တွေရော အစုံပဲပစ်တာ။ စစ်ကြောင်းက မတိုးနိုင်ဘူး။ စကစဘက်က ကျဆုံးမှုများတယ်။ နောက်တော့ လေယာဉ်ရောက်လာရော ပတ်ကျဲရော”လို့ အဆိုပါ ရွှေကူမြို့ခံက ပြောပါတယ်။
တိုက်ပွဲအတွင်း သေဆုံးတဲ့ အရပ်သား ၄ ဦးမှာ အမျိုးသား ၃ ဦး၊ အမျိုးသမီးတစ်ဦးပါဝင်တယ်လို့သိရပြီး ထိခိုက်ဒဏ်ရာပြင်းထန်တာကြောင့် ရွှေကူမြို့ပေါ်ဆေးရုံပို့ခဲ့ပေမယ့် ဆေးရုံမှာပဲ ဆုံးသွားတာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။
တစ်ဖက်မှာ မဘိမ်းမြို့နယ်ကနေ ရောက်ရှိလာတဲ့ စစ်ကြောင်းနဲ့ ရွှေကူမြို့နယ်က ပူးပေါင်းစစ်ကြောင်းတွေဟာလည်း ဗန်းမော်မြို့ကို ဦးတည်နေပေမယ့် စစ်ကြောင်းမတိုးနိုင်ခဲ့ဘူးလို့ ရွှေကူမြို့ခံတစ်ဦးက ပြောပါတယ်။

ဒီတိုက်ပွဲဖြစ်နေချိန် တစ်ပြိုင်တည်းမှာပဲ ဩဂုတ်လ ၂၁ ရက်ကစပြီး မန္တလေးကနေ စစ်ကောင်စီရဲ့ သင်္ဘောအုပ်စုဟာ ကသာ၊ ရွှေကူဘက်ကို ဦးတည်ဆန်တက်လာနေတယ်လို့ သိရပါတယ်။
အဆိုပါ သင်္ဘောအုပ်စုမှာ တိုက်ခိုက်ရေးသင်္ဘော ၂ စီး၊ ကမ်းထိုးသင်္ဘော ၄ စီးနဲ့ တွဲတွန်းသင်္ဘော ၈ စီး ပါဝင်ပြီး စုစုပေါင်း သင်္ဘော ၁၅ စီးခန့် ရှိတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။
သင်္ဘောအုပ်စုဟာ မြစ်ကြောင်းအတိုင်း ဆန်တက်လာချိန် ကမ်းဘက်ကို လက်နက်ကြီးနဲ့ ပွိုင့်ဖိုက်သေနတ်တွေ အသုံးပြုပစ်ခတ်ခဲ့တယ်လို့လည်း ထီးချိုင့်ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
ဒီသတင်းကို ရေးသားနေချိန် ညနေ ၆ နာရီဝန်းကျင်အထိ စစ်သင်္ဘောအုပ်စုဟာ ကသာမြို့နယ်ကို ရောက်ရှိနေပြီဖြစ်ပြီး ရွှေကူမြို့နယ်အတွင်း ဒီကနေ့ည ကမ်းကပ်နိုင်တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ခန့်မှန်းထားပါတယ်။
“ကျမအထင်တော့ ဒီနေ့က ရွှေကူလောက်ထိတော့ ရောက်နိုင်မယ်ထင်တယ်။ သူတို့ရွှေကူမှာလည်း တိုက်ပွဲတွေ ဖြစ်နေတော့လေ။ အဲ့ဒီမှာ ကပ်မယ့်ပုံစံရှိတယ်ရှင့်”လို့ အဆိုပါ ကာကွယ်ရေးတပ်ဖွဲ့ဝင်အမျိုးသမီးက ပြောပါတယ်။
စစ်သင်္ဘောအုပ်စု ရွှေကူဘက်ကို ဆန်တက်လာနေချိန်မှာ မြစ်တစ်ဖက်ကမ်းက ကျေးရွာတွေမှာလည်း စစ်ကောင်စီတပ်က မြေပြင်စစ်ကြောင်းတွေ ထိုးလာနေတဲ့ အခြေအနေ ဖြစ်ပါတယ်။
ယခင်နှစ်တွေကလည်း ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်သင်္ဘောတွေ ဆန်တက်လာပြီးနောက် ကချင်ပြည်နယ်အတွင်း စစ်ရေးလှုပ်ရှားမှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပါတယ်။
လက်ရှိမှာတော့ စစ်သင်္ဘောအုပ်စုဟာ ကသာဘက်ကနေ ရွှေကူမြို့နယ်ဘက်ကို ဆက်လက်ဆန်တက်လာနေသလို မြစ်တစ်ဖက်ကမ်းက ကျေးရွာတွေမှာလည်း မြေပြင်စစ်ကြောင်းတွေနဲ့ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အတွက် ဧရာဝတီမြစ်ကြောင်းတစ်လျှောက်က ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်တွေကို သတိထားနေကြရပါတယ်။
By – အမိုး




