မြစ်ကြီးနားမှာ အမှိုက်သိမ်းကားမလာလို့ လမ်းဘေးမှာအမှိုက်ပိုများလာ
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ် ရပ်ကွက်တချို့မှာ အမှိုက်သိမ်းကား ပုံမှန်မလာတဲ့အတွက် အိမ်သုံးအမှိုက်တွေကို လမ်းဘေးနဲ့ လူသွားလူလာနည်းတဲ့ နေရာတွေမှာ စည်းကမ်းမဲ့ စွန့်ပစ်တာတွေ ပိုများလာနေတယ်လို့ မြို့ခံတွေက KNG ကို ပြောပါတယ်။
မြစ်ကြီးနားမြို့နယ် စည်ပင်သာယာရေးအဖွဲ့က မြို့ပေါ်ရပ်ကွက်တချို့မှာ အမှိုက်သိမ်းကား တစ်ပတ်မှာ နှစ်ရက်လောက်လာနေပေမယ့် တချို့ရပ်ကွက်တွေမှာတော့ လုံးဝမလာဘူးလို့ ရမ်ပူရပ်ကွက်နေထိုင်သူအမျိုးသားတစ်ဦး ပြောပါတယ်။
“အမှိုက်သိမ်းကားက ပုံမှန်မလာတော့ အိမ်မှာ အမှိုက်တွေ စုပုံနေတယ်။ သုံးဘီးငှားပြီး သွားပစ်ရင်လည်း ပိုက်ဆံပေးရတယ်။ အဲဒီလို မလုပ်နိုင်တဲ့သူတွေကတော့ နီးစပ်ရာနေရာမှာပဲ ပစ်ကြရတာရှိတယ်။ အမှိုက်ကို ပုံမှန်သိမ်းပေးရင် ဒီလိုလမ်းဘေးမှာ အမှိုက်ပုံတွေ ဖြစ်လာမှာမဟုတ်ဘူး” လို့ ရမ်ပူရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောပါတယ်။
ဒါကြောင့် အမှိုက်သိမ်းကား မရောက်တဲ့ ရပ်ကွက်တွေမှာ ပြည်သူတွေက ကိုယ်ထူကိုယ်ထစနစ်နဲ့ ငွေကြေးတတ်နိုင်သူတွေက သုံးဘီးယာဉ်ငှားပြီး အမှိုက်သွားပစ်ကြတယ်လို့ သိရပါတယ်။
ဒါပေမယ့် ငွေကြေးမတတ်နိုင်သူတချို့ကတော့ အနီးအနားမှာ တွေ့တဲ့နေရာတွေမှာ အမှိုက်စွန့်ပစ်နေရတာကြောင့် ရပ်ကွက်လမ်းဘေးတွေမှာ အမှိုက်ပိုများလာနေတာလို့ ဆိုပါတယ်။
လက်ရှိမှာ မြစ်ကြီးနားမြို့ စည်ပင်သာယာရေးအဖွဲ့ဟာ မြို့ပေါ် ပြည်ထောင်စုလမ်းမကြီးတွေမှာ အမှိုက်ကို နေ့စဉ်သိမ်းပေးနေပြီး အမှိုက်သိမ်းဝန်ထမ်းတွေကိုလည်း မြို့သန့်ရှင်းရေးအတွက် ၂၄ နာရီ တာဝန်ပေးထားတယ်လို့ သိရပါတယ်။
ဒါပေမယ့် လမ်းမကြီးတွေနဲ့ ဝေးတဲ့ ရပ်ကွက်တွေနဲ့ ချောင်ကျတဲ့နေရာတွေမှာတော့ အမှိုက်သိမ်းကား မရောက်တာတွေ ရှိနေဆဲလို့ မြို့ခံတွေက ပြောပါတယ်။
ကချင်ပြည်နယ်ရဲ့မြို့တော် မြစ်ကြီးနားမြို့မှာ ရပ်ကွက် ၂၈ ခုရှိပြီး အမှိုက်ကားမလာတဲ့ရပ်ကွက်တွေဟာ ရမ်ပူ၊ ကြက်ပေါင်ခြံ၊ လယ်ကုန်း၊ ရွှေညောင်ပင်၊ ကျွန်းပင်သာ၊ အေးစေတီနဲ့ မြို့သစ်ကြီး စတဲ့ ရပ်ကွက်တွေအများဆုံးဖြစ်တယ်လို့ ပြည်သူတွေပြောပါတယ်။
ဒါကြောင့် သက်ဆိုင်တဲ့စည်ပင်ဌာနအနေနဲ့ အမှိုက်တွေကို ပုံမှန်သိမ်းပေးဖို့လိုအပ်နေပြီး ပုံမှန်မသိမ်းနိုင်ရင် အနံ့အသက်ဆိုးတွေ၊ ခြင်နဲ့ ပိုးမွှားတွေ ပေါများလာနိုင်သလို မိုးရွာချိန်မှာ ရေမြောင်းတွေ ပိတ်ဆို့နိုင်တာကြောင့် ရပ်ကွက်တွင်း ချောင်ကျတဲ့နေရာတွေအထိ အမှိုက်သိမ်းကား ပုံမှန်လွှတ်ပေးဖို့ မြို့ခံတွေက တောင်းဆိုနေကြပါတယ်။
By – Zami



