အလံဖြူထောင်ခဲ့တဲ့ စစ်သင်္ဘောနဲ့အတူ တပ်မိသားစုနဲ့ဝန်ထမ်းတွေ လိုက်ပါလာတယ်လို့ဆို

ရွှေကူမြို့ကနေ ဗန်းမော်ဘက်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာချိန် တိုက်ခိုက်ခံရပြီး အလံဖြူထောင် လက်နက်ချ လာတဲ့ စစ်သင်္ဘောပေါ်မှာ တပ်မိသားစုဝင်တွေအပြင် ဗန်းမော်နယ်ခံတွေ၊ စစ်တပ်နဲ့ နီးစပ်သူတွေ၊ ဝန်ထမ်း၊ ရဲနဲ့ စစ်သားတွေ၊ သူတို့မိသားစုဝင်တွေနဲ့ ဗန်းမော်ကို ပြန်ဝင်မယ့် စစ်ရှောင် တချို့ပါဝင်တယ်လို့ ဗန်းမော်ဒေသက တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက အတည်ပြုပါတယ်။

စစ်သင်္ဘော အုပ်စုဟာ ရွှေကူမြို့ ဧရာဝတီမြစ်ကမ်းဆိပ်မှာ ၅ ရက်ကြာရပ်နားပြီးတဲ့နောက် ယမန်နေ့ကပဲ ဗန်းမော်ဘက် ဆက်လက်ဆန်တက်ချိန် စင်းခန်းတံတားအနီးတစ်ဝှိုက်မှာ တော်လှန်ရေးတပ်ဖွဲ့ တွေရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရတာပါ။

အဲ့ဒီနောက် စစ်သင်္ဘောပေါ် လိုက်ပါလာသူတချို့ အလံဖြူထောင်ပြီး လက်နက်ချလာပြီး အဲ့ဒီလက်နက်ချတဲ့ထဲမှာ ဗန်းမော်မှာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရား ပြန်လည်လည်ပတ်နိုင်ရေးအတွက် လိုအပ်တဲ့ လူအင်အားတွေကိုပါပါဝင်လာခဲ့တာလို့ သိရ ပါတယ်။

တပ်မိသားစုနဲ့ပြီးရင် ဗန်းမော်နယ်ခံ၊ စစ်တပ်နဲ့နီးစပ်တဲ့သူတွေပါတယ်ဗျ။ စစ်တပ်က ဒီတခါ အပိုင်တွက်ထားတာလို့ ပြောနေလို့ရတယ်။ သူတို့ စစ်တပ်အုပ်ချုပ်ရေး လည်ပတ်ဖို့ ဝန်ထမ်း၊ ရဲ၊ စစ်သားနဲ့ သူတို့မိသားစုတချို့နဲ့ ပြီးရင် ဗန်းမော် ပြန်ဝင်မယ်ဆိုတဲ့ စစ်ရှောင်တချို့ပါတယ်။ အဲ့လိုတော့ သိထားရတယ်လို့ သူက ပြောပါတယ်။

ရုပ်သံမှတ်တမ်းနဲ့ပတ်သက်ပြီး စစ်သင်္ဘောပေါ် လိုက်ပါလာသူတွေထဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ မိသားစုဝင်တွေ ပါဝင်တယ် ဆိုတာကိုတော့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေမယ့် ဗန်းမော်ဒေသက တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့ ပြောဆိုချက်အရ တပ်မိသားစုဝင်တွေ လိုက်ပါလာတယ်ဆိုတဲ့ အချက်ကို သိရတာပါ။

KNG က ရရှိထားတဲ့ ရုပ်သံမှတ်တမ်းတွေနဲ့ လူမှုကွန်ယက်ပေါ်မှာပြန့်နှံ့လာတဲ့ ရုပ်သံတွေထဲမှာလည်း လက်နက်ချထားတဲ့ အမျိုးသားတချို့အပြင် အမျိုးသမီးနဲ့ ကလေးငယ်တွေကို တွေ့ရပါတယ်။

အဲဒီသင်္ဘောအုပ်စုဟာ ဩဂုတ် ၂၁ ရက်မှာ မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းကနေ စတင်ထွက်ခွာလာပြီး သပိတ်ကျင်း၊ တကောင်း၊ ထီးချိုင့်၊ ကသာတို့ကို ဖြတ်သန်းကာ ဩဂုတ် ၂၈ ရက်မှာ ရွှေကူမြို့ကို ရောက်ရှိခဲ့တာပါ။

လက်ရှိမှာတော့ တိုက်ခိုက်ခံရပြီးနောက် စစ်သင်္ဘောအုပ်စုထဲက သင်္ဘောတချို့ ပျက်စီးသွားပေမယ့် ကျန်ရှိနေတဲ့ သင်္ဘောတွေက ဗန်းမော်ဘက်ကို ဆက်လက်တက်နိုင်ခြေ ရှိနေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

လောလောဆယ် ကျန်နေတဲ့ အစီးရေ ၇ စီးလောက်ရှိသေးတယ်လို့လည်း ကြားတယ်။ ဒါတွေကတော့ ဗန်းမော်ဝင်နိုင်ခြေ များတယ်လို့ ဗန်းမော်ဒေသက တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

တစ်ဖက်မှာ စစ်သင်္ဘောတွေ ရွှေကူမြို့ကနေ ဗန်းမော်ကို ဦးတည်ဆန်တက်နေတဲ့စစ်သင်္ဘောအုပ်စုထဲမှာ ဘယ်သင်္ဘော အမျိုးအစားတွေဆန်တက်သွားတယ်ဆိုတာမသိရသေးသလို ပစ်ခတ်ခံရလို့ပျက်စီးသွားတဲ့စစ်သင်္ဘောတွေဟာလည်း ဘယ်လို အမျိုးအစားတွေဆိုတာအတည်မပြုနိုင်သေးပါဘူး။

အဆိုပါ စစ်သင်္ဘောအုပ်စုဟာ မန္တလေး ဂေါဝိန်ဆိပ်ကမ်းကနေ ဩဂုတ် ၂၁ ရက်မှာ စတင်ထွက်ခွာလာတာဖြစ်ပြီး စစ်ရေးသုံးရေ ယာဉ်တွေနဲ့အတူ ကုန်တင်ကုန်ချနဲ့ တွဲတွန်းရေယာဉ်တွေ ပါဝင်ကာ စုစုပေါင်း ရေယာဉ် ၁၅ စီးခန့် ရှိတယ်လို့ အစောပိုင်းသတင်း တွေအရ သိရပါတယ်။

ဩဂုတ် ၂၈ ရက်မှာ ရွှေကူကို ရောက်ရှိခဲ့ပြီးနောက် သင်္ဘောတချို့က ဆိပ်ကမ်းမှာ ကုန်ပစ္စည်းတွေ ချခဲ့ပြီး အဲ့ဒီနောက်ပိုင်းမှာ စစ်သင်္ဘောအုပ်စုဟာ ဗန်းမော်ဘက်ကို ဆက်တက်ဖို့ ကြိုးပမ်းခဲ့တာ ဖြစ်ပါတယ်။

By – အမိုး

Show More

Leave a Reply

Back to top button