မြစ်ထဲမျောလာတဲ့ စစ်လက်နက်ပစ္စည်း အရပ်သားတွေ ဆယ်ယူနေ၊ မြစ်အသုံးပြုသူတွေ သတိထားဖို့လိုအပ်
ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်သင်္ဘောအုပ်စု သယ်ဆောင်လာတဲ့ စစ်လက်နက်ပစ္စည်းတွေနဲ့ ဆက်စပ်ပစ္စည်းတချို့ဟာ စစ်သင်္ဘောတွေ တိုက်ခိုက်ခံရပြီးနောက် မြစ်ထဲမျောပါလာတာတွေ ရှိနေပြီး ဒေသခံတချို့က ဆယ်ယူတာတွေ လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့ကြောင့် မြစ်ကို နေ့စဉ်အသုံးပြုပြီး သွားလာနေကြတဲ့ အရပ်သားတွေအနေနဲ့ မြစ်ထဲမျောပါလာတဲ့ အမည်မသိပစ္စည်းတွေကို သတိထားဖို့ လိုအပ်လာပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း မန္တလေးကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း ကချင်ပြည်နယ် ဗန်းမော်ဘက်ကို ဆန်တက်လာတဲ့ စစ်သင်္ဘောအုပ်စုဟာ ရွှေကူမြို့နယ်နဲ့ စင်းခန်းတံတားအနီးမှာ တိုက်ခိုက်ခံရပြီး သင်္ဘောတချို့ မီးလောင်ပျက်စီးတာ၊ နစ်မြုပ်တာနဲ့ သိမ်းဆည်းခံရတာတွေ ရှိခဲ့ပါတယ်။
အဲဒီတိုက်ခိုက်မှုတွေနောက်ပိုင်းမှာ မြစ်ရေထဲ မျောပါလာတဲ့ စစ်လက်နက်ပစ္စည်းတွေနဲ့ အခြားပစ္စည်းတွေကို ဧရာဝတီမြစ်ကမ်းဘေးမှာ နေထိုင်သူတချို့က တွေ့ရှိပြီး ဆယ်ယူရရှိတာတွေ ရှိနေတယ်လို့ ဒေသခံတွေက သတင်းပေးလာတာပါ။
မြစ်ရိုးတစ်လျှောက်မှာ နေထိုင်သူတွေအတွက် ဧရာဝတီမြစ်ဟာ သွားလာရေး၊ ငါးဖမ်းလုပ်ငန်းနဲ့ နေ့စဉ်စားဝတ်နေရေးအတွက် အဓိကအသုံးပြုနေရတဲ့ မြစ်တစ်စင်း ဖြစ်ပါတယ်။ ဒါကြောင့် မြစ်ထဲမှာ မျောပါလာတဲ့ အမည်မသိပစ္စည်းတွေကို မသိဘဲ ကိုင်တွယ်တာ၊ ဆယ်ယူတာတွေဟာ အန္တရာယ် ဖြစ်စေနိုင်ပါတယ်။
စစ်ရေးသတင်းရင်းမြစ်တစ်ဦးက“အခု စစ်လက်နက်ပစ္စည်းတွေက ကျနော်တို့ မြစ်ရိုးတစ်လျှောက်ကို မျှောပါနေတာဆိုတော့ အရပ်သားတွေက နေ့စဉ်နဲ့အမျှ မြစ်ကို ကူးသန်းသွားလာနေတာ။ ဥပမာ မျှောပါနေတဲ့ပစ္စည်းတွေကို တိုက်မိတာမျိုး၊ စက်နဲ့ခုတ်မိတာ၊ ပန်ကာနဲ့ခုတ်မိတာမျိုးဆိုရင် အများကြီး ဒုက္ခရောက်သွားနိုင်တယ်။ လူတွေသေဆုံးတာ၊ မှောက်တာတွေ ဖြစ်လာနိုင်တယ်”လို့ သူ့ရဲ့ စိုးရိမ်ချက်ကို ပြောပြပါတယ်။
မြစ်ထဲမှာ မျောပါလာတဲ့ ပစ္စည်းတစ်ခုဟာ စစ်လက်နက်ပစ္စည်း ဟုတ်၊ မဟုတ်ကို အပြင်ပန်းကြည့်ရုံနဲ့ ခွဲခြားနိုင်ဖို့ မလွယ်ကူသလို ပေါက်ကွဲစေနိုင်တဲ့ ပစ္စည်းတွေ၊ လက်နက်အစိတ်အပိုင်းတွေ ဒါမှမဟုတ် အခြားအန္တရာယ်ရှိတဲ့ ပစ္စည်းတွေ ဖြစ်နိုင်တာကြောင့် မသိတဲ့ပစ္စည်းကို ကိုင်တွယ်တာ၊ ရွှေ့ပြောင်းတာတွေ မလုပ်သင့်ပါဘူး။
အထူးသဖြင့် မြစ်ထဲမှာ စက်လှေ၊ လှေတွေနဲ့ သွားလာသူတွေအနေနဲ့ မျောပါလာတဲ့ ပစ္စည်းတွေကို ရှောင်တိမ်းဖို့ လိုအပ်ပါတယ်။ ရေစီးနဲ့အတူ လိုက်ပါလာတဲ့ ပစ္စည်းတွေဟာ တစ်နေရာတည်းမှာ ရှိနေတာမဟုတ်ဘဲ ရေစီးကြောင်းအတိုင်း ဆက်လက်ရွေ့လျားနိုင်တာကြောင့် မြစ်အောက်ပိုင်းက ဒေသတွေမှာပါ အန္တရာယ် ရှိလာနိုင်ပါတယ်။
အခုလို စစ်ရေးဖြစ်စဉ်တွေနဲ့အတူ မြစ်ထဲမျောပါလာတဲ့ ပစ္စည်းတွေကို တွေ့ရှိရင်လည်း ကိုယ်တိုင် ဆယ်ယူပြီး အိမ်ကို ယူဆောင်သွားတာ၊ ရောင်းချဖို့ ဒါမှမဟုတ် အသုံးပြုဖို့ ကြိုးစားတာမျိုး မလုပ်သင့်ပါဘူး။
အမည်မသိ စစ်လက်နက်ပစ္စည်းတစ်ခုကို တွေ့ရှိတဲ့အခါ မကိုင်ပါနဲ့၊ မရွှေ့ပါနဲ့၊ မကန်ပါနဲ့၊ မစက်နဲ့မထိပါနဲ့၊ အနီးကပ်မသွားပါနဲ့ ဆိုတဲ့ အခြေခံအန္တရာယ်ကင်းရှင်းရေး စည်းမျဉ်းတွေကို လိုက်နာသင့်ပါတယ်။
အထူးသဖြင့် ကလေးငယ်တွေကိုလည်း မြစ်ကမ်း၊ လှေဆိပ်နဲ့ မြစ်ထဲမှာ တွေ့ရတဲ့ သံထည်ပစ္စည်း၊ သေတ္တာ၊ အထုပ်အပိုးနဲ့ မသိတဲ့ပစ္စည်းတွေကို မကိုင်တွယ်ဖို့ သတိပေးထားသင့်ပါတယ်။ စစ်လက်နက်ပစ္စည်းတချို့ဟာ အပြင်ပန်းအားဖြင့် အန္တရာယ်ရှိပုံ မပေါ်နိုင်ပေမယ့် ကိုင်တွယ်တာ၊ ထိခိုက်တာ ဒါမှမဟုတ် စက်ယန္တရားနဲ့ ထိမိတာတွေကြောင့် အန္တရာယ် ဖြစ်လာနိုင်ပါတယ်။
လက်ရှိမှာ ဧရာဝတီမြစ်အထက်ပိုင်းတစ်လျှောက် စစ်ရေးပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေတဲ့အပြင် စစ်သင်္ဘောတွေနဲ့ ဆက်စပ်တဲ့ တိုက်ခိုက်မှုတွေပါ ရှိထားတာကြောင့် မြစ်ကြောင်းအသုံးပြုသူတွေအနေနဲ့ ပိုမိုသတိထားဖို့ လိုအပ်နေပါတယ်။
အထူးသဖြင့် မြစ်ထဲမျောပါလာတဲ့ ပစ္စည်းတစ်ခုကို မိမိအတွက် အသုံးဝင်နိုင်တဲ့ပစ္စည်းလို့ မယူဆဘဲ အန္တရာယ်ရှိနိုင်တဲ့ ပစ္စည်းအဖြစ် သတ်မှတ်ပြီး အကွာအဝေးထားကာ သက်ဆိုင်ရာကို အကြောင်းကြားတာက ပိုမိုလုံခြုံတဲ့ နည်းလမ်း ဖြစ်ပါတယ်။
စစ်သင်္ဘောတွေ တိုက်ခိုက်ခံရပြီးနောက် မြစ်ထဲမျောပါလာတဲ့ ပစ္စည်းတွေ ဘယ်နေရာအထိ ရောက်ရှိနေသလဲဆိုတာကိုတော့ လက်ရှိအချိန်မှာ အတိအကျ မသိရသေးပါဘူး။
ဒါကြောင့် မြစ်ရိုးတစ်လျှောက်က စက်လှေ၊ လှေသမားတွေနဲ့ ဒေသခံတွေအနေနဲ့ မျောပါလာတဲ့ အမည်မသိပစ္စည်းတွေကို တွေ့ရှိပါက မထိ၊ မရွှေ့၊ မဆယ်ယူဘဲ အခြားသူတွေကိုလည်း အနီးမကပ်စေဘဲ သက်ဆိုင်ရာထံ အကြောင်းကြားဖို့ အရေးကြီးပါတယ်။
By – အမိုး




