ရဲဌာနအပြောင်းအလဲနောက် မိုးကောင်းမှာ မူးယစ်ဆေးဝါးရောင်းဝယ်မှု လျော့ကျလာ

ကချင်ပြည်နယ် မိုးကောင်းမြို့မှာ ရဲဌာနအတွင်း အပြောင်းအလဲလုပ်ပြီးတဲ့နောက် မူးယစ်ဆေးဝါး ရောင်းဝယ်မှုတွေ လျော့ကျသွားတယ်လို့ မြို့ခံပြည်သူတွေဆီက သိရပါတယ်။

မိုးကောင်းမြို့မှာ မူးယစ်ဆေးဝါးတွေကို ပေါ်တင်ရောင်းဝယ်နေသူတွေဆီက ငွေကြေးရယူခဲ့တယ်ဆိုတဲ့ မိုးကောင်းရဲဌာနက စခန်းမှူး ဝင်းမင်းသိန်းအပါအဝင် အဖွဲ့ဝင်တွေအားလုံးကို သက်ဆိုင်ရာကနေ ပြီးခဲ့တဲ့ မေလကုန်လောက်မှာ ပြောင်းရွှေ့ပေးခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက် မိုးကောင်းမြို့က မူးယစ်ဆေးဝါးဒိုင်တချို့ မြစ်ကြီးနားမြို့ဘက်ကို ထွက်ပြေးသွားခဲ့သလို လမ်းမပေါ်မှာလည်း မူးယစ်ဆေးဝါး ရောင်းဝယ်တာတွေ သိပ်မတွေ့ရတော့ဘူးလို့ မိုးကောင်းမြို့ခံတစ်ဦးက ပြောပါတယ်။

အခုက ဝန်ထမ်းအသစ်တွေ ပြောင်းသွားတော့ မူးယစ်ဆေးဝါးရောင်းတာက သိပ်မရှိတော့ဘူး။ လာဘ်စားလား၊ ယူလားဆိုတော့ ယူတယ်။ ဒါပေမယ့် သိုသိုသိပ်သိပ်ပဲ ဖြစ်သွားတယ်။ အခုနောက်ပိုင်းဆို တော်တော်ငြိမ်သွားတယ်။ ခိုးတာတွေလည်း သိပ်မကြားရတော့ဘူးလို့ ဆိုပါတယ်။

မူးယစ်ဆေးဝါး ရောင်းဝယ်သူတချို့ ရှိနေသေးပေမယ့် လမ်းပေါ်မှာ ပေါ်တင်ရောင်းဝယ်တာတွေ မတွေ့ရတော့သလို မူးယစ်ဆေးဝါး ရောင်းဝယ်မှုတွေ သိသိသာသာ လျော့နည်းလာတာလည်း ၂ လကျော်ရှိပြီလို့ သိရပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့နှစ်တွေမှာတော့ မိုးကောင်း ဈေးကုန်းရပ်ကွက်နဲ့ ရွာသစ်ရပ်ကွက်အစပ်မှာ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှုတွေ တော်တော်ဆိုးရွားခဲ့ပေမယ့် မိုးကောင်းရဲတပ်ဖွဲ့က ထိထိရောက်ရောက် ဖမ်းဆီးအရေးယူတာ မရှိဘဲ တစ်ခါတစ်ရံ သတင်းတွေထွက်လာမှ ရောင်းချတဲ့ဒိုင်တွေကို မဖမ်းဘဲ သုံးစွဲသူတွေကိုသာ ဟန်ပြဖမ်းဆီးလေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါအပြင် အဖမ်းအဆီးလုပ်တော့မယ့်အချိန်တိုင်း မူးယစ်ဆေးဝါးဒိုင်တွေကို ခဏတဖြုတ် ရှောင်ပုန်းခိုင်းတာမျိုးတွေ လုပ်လေ့ရှိတယ်လို့လည်း ဆိုပါတယ်။

ဒါကြောင့် ဒေသခံတွေက တိုင်ကြားမှုတွေ ပြုလုပ်ခဲ့သလို မူးယစ်ဆေးဝါးဒိုင်တွေကို ရှောင်ပြေးခိုင်းလိုက်တယ်ဆိုတဲ့ သတင်းတွေဟာ ဆိုရှယ်မီဒီယာပေါ်မှာလည်း ထွက်ပေါ်လာပါတယ်။

အဲဒီလို မူးယစ်ဆေးဝါးဒိုင်တွေကို ရှောင်ပြေးခိုင်းလိုက်တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပြီးနောက် ပြည်နယ်အဆင့် အထက်လူကြီးတွေက မေလ ၂၆ ရက်နေ့မှာ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့မစခန်းမှူးနဲ့ နယ်ထိန်းခေါင်းဆောင်တွေအပြင် အခြားအဆင့်ရှိတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို လာရောက်စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက် မေလ ၂၉ ရက်နေ့မှာတော့ ရဲဒုတပ်ကြပ် သောင်းဟိန်းစိုးနဲ့ ရဲတပ်သား မျိုးဝင်းထူးတို့အပါအဝင် ခန့်မှန်းခြေ အယောက် ၃၀ နီးပါးအတွက် ပြောင်းရွှေ့မိန့် ကျလာတယ်လို့ သိရပါတယ်။

ဒါအပြင် စခန်းမှူး ဝင်းမင်းသိန်းရဲ့ နာမည်ပါဝင်ပေမယ့် ပြောင်းရွှေ့မခံရအောင် အထက်လူကြီးတွေကို လာဘ်ထိုးခဲ့တယ်လို့ ဆိုပေမယ့် နောက်ဆုံးမှာတော့ မြစ်ကြီးနားမြို့ကို ပြောင်းရွှေ့ခံလိုက်ရတယ်လို့ သိရပါတယ်။

By – Hope

Show More

Leave a Reply

Back to top button