မြစ်ကြီးနားမှာ စည်ပင်အရာရှိတစ်ဦး ရိုက်နှက်ခံရပြီး သေဆုံး

ကချင်ပြည်နယ် မြစ်ကြီးနားမြို့၊ လယ်ကုန်းရပ်ကွက် ပေါ်ဦးအုပ်စု နယ်မြေ (၁၃) မှာ စည်ပင်ဝန်ထမ်းအရာရှိတစ်ဦး ဦးခေါင်းရိုက်နှက်ဒဏ်ရာတွေနဲ့ သေဆုံးနေတယ်လို့ မျက်မြင်တွေ့ရှိသူတွေထံက သိရပါတယ်။
အသက် ၄၆ နှစ်အရွယ် အမျိုးသားကို ဩဂုတ်လ ၅ ရက် မနက်ပိုင်းမှာ သူနေထိုင်တဲ့ နေအိမ်အတွင်း ရိုက်နှက်ဒဏ်ရာတွေနဲ့ သေဆုံးနေတာ တွေ့ရှိခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ခေါင်းတွေလည်း ကြေမွသွားတယ်တဲ့။ တုတ်နဲ့ ရိုက်ခံထားရတဲ့ပုံစံမျိုး ဖြစ်နေတယ်လို့ ပြောကြတယ်။ နားရွက်မှာလည်း နည်းနည်းဒဏ်ရာရထားပြီး လက်မောင်းအောက် လက်ဖျံရိုးက ညိုမည်းဆွဲနေတယ်” လို့ မျက်မြင်တွေ့ရှိသူက ပြောပါတယ်။
သေဆုံးသူရဲ့ နေအိမ်မှာ အလုပ်သမားတွေ ရှိပေမယ့် အလုပ်သမားတွေ အိပ်တဲ့နေရာနဲ့ သေဆုံးသူ အိပ်တဲ့နေရာက ဝေးတဲ့အပြင် သူ့ဇနီးကလည်း မိဘအိမ်မှာ သွားအိပ်နေတာကြောင့် ရိုက်နှက်ခံရတဲ့အချိန်ကို ဘယ်သူမှ မသိလိုက်ကြဘူးလို့ ဆိုပါတယ်။
ဧည့်သည်တစ်ဦး ရောက်လာချိန်မှာ အလုပ်သမားတွေက သေဆုံးသူကို သွားနိုးဖို့အတွက် အခန်းထဲဝင်ကြည့်ရာကနေ ရိုက်နှက်ဒဏ်ရာတွေနဲ့ သေဆုံးနေတာကို တွေ့ရှိခဲ့တာလို့ သိရပါတယ်။
လက်ရှိမှာတော့ အမျိုးသားကို ဘယ်သူက ဘာကြောင့် ရိုက်နှက်သတ်ဖြတ်ခဲ့တယ်ဆိုတာ မသိရသေးဘဲ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ဆက်လက်စုံစမ်းနေတယ်လို့ သိရပါတယ်။
မြစ်ကြီးနားမြို့မှာ ယခုနှစ်အတွင်း လူသတ်မှုနဲ့ သေဆုံးမှုတွေ ဆက်တိုက်တွေ့လာရပါတယ်။ မတ်လ ၇ ရက်ကလည်း အေးမြသာယာရပ်ကွက် သံလမ်းကူးအနီးမှာ အသက် ၂၅ နှစ်ကနေ ၃၀ ဝန်းကျင်အရွယ် အမျိုးသားတစ်ဦး ဗိုက်နဲ့တင်ပါးမှာ သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ ရုပ်အလောင်းကို တွေ့ရှိခဲ့ပါတယ်။
ဧပြီလအတွင်းမှာလည်း အေးမြသာယာရပ်ကွက်မှာ လည်ပင်းနဲ့ ဝမ်းဗိုက်မှာ ဓားဒဏ်ရာတွေရထားတဲ့ အမျိုးသားတစ်ဦးရဲ့ ရုပ်အလောင်းကို ဆာလာအိတ်ထဲထည့်ပြီး စွန့်ပစ်ထားတာ တွေ့ခဲ့ရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်အတွင်းမှာလည်း မြစ်ကြီးနားမြို့မှာ သေနတ်နဲ့ပစ်သတ်ခံရမှု၊ ဓားနဲ့သတ်ဖြတ်ခံရမှုတွေ ဆက်တိုက်ရှိခဲ့ပြီး ခိုးဆိုးလုယက်မှုတွေလည်း များပြားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
By – Hope



