အုပ်ချုပ်ရေးမှူးကို ရိုက်နှက်ဖမ်းဆီးခဲ့တဲ့ ပြည်သူ့စစ်ခေါင်းဆောင် အရေးယူခံထားရ

ကချင်ပြည်နယ် မိုးကောင်းမြို့၊ ကျွန်းတောရပ်ကွက် အုပ်ချုပ်ရေးမှူးကို ရိုက်နှက်ဖမ်းဆီးခဲ့တဲ့ ပြည်သူ့စစ်ခေါင်းဆောင် တင်မိုးကို သက်ဆိုင်ရာက ဖမ်းဆီးအရေးယူထားတယ်လို့ မိုးကောင်းမြို့ခံ ပြည်သူတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၈ ရက်နေ့က ကျွန်းတောရပ်ကွက် အုပ်ချုပ်ရေးမှူးနေရာအတွက် ပြည်သူ့စစ်ခေါင်းဆောင် တင်မိုးရဲ့အမျိုးသမီးဖြစ်သူနဲ့ အသက် ၅၈ နှစ်အရွယ် ဦးစိန်ကျော်လှိုင်တို့ ယှဉ်ပြိုင်ခဲ့ပြီး ပြည်သူ့စစ်ခေါင်းဆောင်ရဲ့ အမျိုးသမီးဖြစ်သူ ရှုံးနိမ့်ခဲ့ပါတယ်။

အဲဒီနောက် ပြည်သူ့စစ်ခေါင်းဆောင် တင်မိုးဟာ ရပ်ကွက်အုပ်ချုပ်ရေးမှူးနေရာအတွက် အနိုင်ရရှိခဲ့တဲ့ ဦးစိန်ကျော်လှိုင်ကို ဖမ်းဆီးရိုက်နှက်တာတွေ ပြုလုပ်ခဲ့တဲ့အတွက် ရပ်ကွက်နေပြည်သူတွေက တိုင်ကြားမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ဒါကြောင့် သက်ဆိုင်ရာကနေ ပြည်သူ့စစ်ခေါင်းဆောင် တင်မိုးနဲ့ သူ့ရဲ့အမျိုးသမီးကို ပြီးခဲ့တဲ့ ဇွန်လ ပထမပတ်မှာပဲ ဖမ်းဆီးသွားခဲ့တယ်လို့ သိရပါတယ်။

ဒါပေမယ့် သိပ်မကြာခင်မှာ သူ့ရဲ့အမျိုးသမီးကို ပြန်လွှတ်ပေးခဲ့ပြီးနောက် ပြည်သူ့စစ်ခေါင်းဆောင် တင်မိုးကိုတော့ ရိုက်နှက်မှုအပြင် တခြားအမှုပေါင်းများစွာနဲ့ တရားစွဲဆိုထားပြီး မိုးညှင်းအချုပ်ထောင်မှာ လက်ရှိ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ မိုးကောင်းမြို့ခံတစ်ဦးက ပြောပါတယ်။

ကျွန်တော်ကြားတာတော့ အများကြီးပဲ။ ဓားပြမှုတွေရော၊ တခြားဟာတွေရော ပါမှာပေါ့။ ပစ္စည်းတွေရော အကုန်သိမ်းလိုက်ပြီတဲ့။ ဥက္ကဌတိုင်တာတော့ မဟုတ်ဘူး။ ကျွန်တော်တို့ ရပ်ကွက်ပြည်သူတွေက ဝိုင်းတိုင်ကြတာပေါ့။ ပြီးတော့ လိုင်းပေါ်မှာရော တအားပျံ့သွားတော့ လာဖမ်းသွားကြတာလို့ ဆိုပါတယ်။

လက်ရှိမှာတော့ တရားစွဲဆိုထားတဲ့ အဆင့်သာရှိသေးပြီး ပြစ်ဒဏ်ချမှတ်ထားတာ မရှိသေးဘူးလို့ သိရပါတယ်။

အုပ်ချုပ်ရေးမှူးနေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ပြည်သူ့စစ်ခေါင်းဆောင် ဦးတင်မိုးရဲ့ အမျိုးသမီးဖြစ်သူ ဒေါ်ထွေးထွေးဆိုသူဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်မှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA က ဖမ်းဆီးခဲ့ဖူးသူလည်း ဖြစ်ပါတယ်။

KIA လက်အောက်က လွတ်မြောက်လာပြီးနောက် ဒေသအတွင်း ပြည်သူ့စစ်အဖွဲ့အတွက် လုပ်ငန်းလုပ်ကိုင်ပေးသူတစ်ဦးလည်း ဖြစ်တယ်လို့ မိုးကောင်းဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် ပြည်သူ့စစ်ခေါင်းဆောင် ဦးတင်မိုးရဲ့အဖွဲ့ကိုတော့၂ မိုင် ပြည်သူ့စစ်လို့လည်း ခေါ်ကြတာဖြစ်ပြီး အဖွဲ့တည်ထောင်ထားတာ ၃ နှစ်ကျော်လောက် ရှိပြီး မိုးကောင်းမြို့၊ ဖိုးချစ်ကုန်းရပ်ကွက်မှာ စခန်းချထားတာဖြစ်ပြီး အင်အားတစ်ရာဝန်းကျင်ရှိတဲ့ အဖွဲ့တစ်ခုလည်း ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် လက်ရှိမှာတော့ သူ့ရဲ့ ပြည်သူ့စစ်စခန်းက လက်နက်တွေကို စစ်ကောင်စီဘက်က အားလုံးသိမ်းဆည်းသွားပြီး အဲဒီနေရာမှာ စစ်ကောင်စီတပ်က နေရာဝင်ယူထားတယ်လို့ သိရပါတယ်။

By – Hope

Show More

Leave a Reply

Back to top button