ပူတာအိုမှာ စည်းကမ်းမဲ့နွားတွေ ဖမ်းဆီးခံရ၊ ငွေနဲ့ပြန်ရွေးရ
ကချင်ပြည်နယ် ပူတာအိုမြို့မှာ စည်းကမ်းမဲ့လွတ်ထားတဲ့ နွားတွေကို ဖမ်းဆီးထိန်းသိမ်းထားပြီး နွားပိုင်ရှင်တွေက ငွေပေးပြီး ပြန်ရွေးယူနေရသလို လာမရွေးတဲ့နွားတွေကို လေလံတင်ရောင်းချသွားမယ်လို့ သိရပါတယ်။
ပူတာအိုမြို့ပေါ်မှာ စက်တင်ဘာလ ၁ ရက်နေ့ကစပြီး စည်ပင်သာယာအဖွဲ့၊ ထွေအုပ်၊ ရဲနဲ့ စစ်ကောင်စီအပါအဝင် ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေ ပူးပေါင်းပြီး စည်းကမ်းမဲ့လွတ်ထားတဲ့ နွားတွေကို လိုက်လံဖမ်းဆီးထိန်းသိမ်းထားကာ နွားပိုင်ရှင်တွေကို ငွေပေးပြီး ပြန်ရွေးယူခိုင်းနေကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက KNG ကို ပြောပါတယ်။
“ရပ်ကွက်တိုင်းလိုလိုမှာ နွားဖမ်းထားတဲ့ခြံတွေလုပ်ထားတယ်။ အဲ့နွားတွေဖမ်းထားတဲ့ခြံတွေမှာ ကိုယ့်နွားပါမပါ သွားကြည့်ရတယ်။ ပါရင် ပိုက်ဆံနဲ့ပြန်ရွေးခိုင်းတယ်။ တစ်ကောင်ကို တစ်သောင်းနဲ့ရွေးရတယ်” လို့ ကောင်ကထောင်ရပ်ကွက်နေ အမျိုးသားတစ်ဦးက KNG ကို ပြောပါတယ်။
ဒါ့အပြင် ဖမ်းဆီးထားတဲ့နွားကို တစ်ညကျော်သွားရင် ထပ်ဆောင်းဒဏ်ငွေ ကျပ်တစ်သောင်း ပေးဆောင်ရကြောင်းလည်း သိရပါတယ်။
“ဒီနေ့ဖမ်းပြီး ဒီနေ့ရွေးရင် တစ်သောင်းပါ။ ဒါပေမယ့် ဒီနေ့ဖမ်းမိတဲ့နွားတွေ ဒီနေ့မရွေးဘဲ တစ်ညကျော်သွားရင်တော့ တစ်သောင်းထပ်ပေးရတယ်။ နောက်တစ်ညထပ်ကျော်ရင် နောက်ထပ်တစ်သောင်းက ပြန်ပေးရမှာ” လို့ အထက်ဖော်ပြပါအမျိုးသမီးက ဆက်ပြောပါတယ်။
ဒါ့အပြင် ၇ ရက်ပြည့်ပြီးတဲ့အထိ လာမရွေးတဲ့နွားတွေကို လေလံတင်ရောင်းချသွားမှာဖြစ်တယ်လို့ ဌာနဆိုင်ရာတွေက စည်းကမ်းထုတ်ထားကြောင်း သိရပါတယ်။
မြို့ခံတွေပြောပြချက်အရ မြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့ ကောင်ကထောင်၊ လေယာဉ်ကွင်း၊ လုံးစွတ်၊ သုတ္တန်၊ မြို့မနဲ့ ဟိုခိုစတဲ့ ရပ်ကွက်တွေမှာ နွားတွေကို ဖမ်းဆီးထိန်းသိမ်းထားတဲ့ နွားခြံတွေ ပြုလုပ်ထားပြီး နွားပိုင်ရှင်တွေက ကိုယ့်ရပ်ကွက်အလိုက် နွားခြံတွေမှာ သွားရောက်ကြည့်ရှုရကြောင်း သိရပါတယ်။
အခုလို နွားတွေကို ဖမ်းဆီးထိန်းသိမ်းမှု မလုပ်ခင်မှာ နွားပိုင်ရှင်တွေကို ခရစ်ယာန်ဘုရားကျောင်းတွေနဲ့ အုပ်/ကျေးအုပ်ချုပ်ရေးမှူးရုံးတွေကနေတစ်ဆင့် ကြိုတင်အသိပေးအကြောင်းကြားထားကြောင်းလည်း သိရပါတယ်။
“ဒီအစီအစဉ်ကို မလုပ်ခင် ကြိုတင်အသိပေးထားပြီးသားဟုတ်တယ်။ ကိုယ့်နွားကို သေချာထိန်းသိမ်းဖို့ပေါ့။ အခုဖမ်းထားတဲ့နွားတွေက လမ်းပေါ်၊ ရပ်ကွက်တွေမှာ ဒီတိုင်းလွတ်ထားတဲ့နွားတွေကို ဖမ်းတာပါ။ စည်းကမ်းမရှိဘူး နွားမွေးထားတဲ့သူတွေက” လို့ မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောပါတယ်။
ဌာနဆိုင်ရာတွေနဲ့ ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေရဲ့ လက်ရှိလုပ်ဆောင်နေတဲ့အစီအစဉ်အပေါ် မြို့ခံအမျိုးသားတစ်ဦးကလည်း အခုလို သုံးသပ်ပြောဆိုထားပါတယ်။
“ဒါမျိုးလုပ်သင့်နေတာ ကြာပြီ။ ပူတာအိုမှာ နွားတွေက အထိန်းအကွပ်မရှိဘူး၊ စည်းမဲ့ကမ်းမဲ့လွတ်ထားတာ။ မြို့တွင်းလမ်းမကြီးတွေက လူသွားလမ်းလား၊ နွားသွားလမ်းလားတောင် မသေချာဘူး။ လမ်းတွေပေါ် နွားတွေပဲ ပြည့်ကျပ်နေတာ။ မြို့အင်္ဂါလည်း ပျက်စီးတယ်၊ မြင်မကောင်းဘူး။ ဒါမျိုးလုပ်ပေးသင့်တယ်” လို့ မြို့ခံအမျိုးသားတစ်ဦးက ပြောပါတယ်။
ပူတာအိုမြို့ပေါ်မှာ ယခင်ကတည်းက နွားတွေကို စည်းကမ်းမဲ့လွတ်ထားပြီး မြို့တွင်းလမ်းမကြီးတွေနဲ့ ရပ်ကွက်လမ်းတွေမှာ နွားတွေကျက်စားတာ၊ လမ်းမပေါ်ထွက်အိပ်တာတွေကြောင့် မြို့တွင်းသွားလာနေတဲ့ ပြည်သူတွေအတွက် သွားလာရေးအနှောင့်အယှက် ဖြစ်စေတာကြောင့် နွားတွေကို သိမ်းဆည်းထိန်းသိမ်းပေးဖို့ ဒေသခံတွေက ယခင်ကတည်းက မကြာခဏ တောင်းဆိုခဲ့ကြောင်း သိရပါတယ်။
By – Zaw Zaw




