SNA တပ်သားသစ်စုဆောင်းရာမှာ ရွေ့လျားစျေးသည်တွေပါ ဖမ်းဆီးလာတယ်လို့ဆို

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသမှာ ရှမ်းနီအမျိုးသားများတပ်မတော် (SNA) ရဲ့ တပ်သားသစ်စုဆောင်းမှုတွေကြောင့် ဆိုင်ကယ်၊ သုံးဘီးနဲ့ လှည့်လည်ဈေးရောင်းနေကြတဲ့ ရွှေ့လျားစျေးသည်တွေ အခက်တွေ့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အင်းတော်ကြီးဒေသမှာ SNA တပ်ဖွဲ့တွေက တပ်သားသစ်စုဆောင်းဖို့ လူငယ်နဲ့ လူလတ်ပိုင်းအရွယ် အမျိုးသား၊ အမျိုးသမီးတွေကို ပစ်မှတ်ထား ဖမ်းဆီးနေတဲ့အပြင် ဆိုင်ကယ်၊ သုံးဘီးနဲ့ တွန်းလှည်းတွေသုံးပြီး လှည့်လည်ဈေးရောင်းနေတဲ့ ဈေးသည်တွေကိုပါ ဖမ်းဆီးလာတယ်လို့ မိုင်းနောင်ကျေးရွာနေ အမျိုးသားတစ်ဦးက KNG ကို ပြောပါတယ်။

တစ်နေ့ထက်တစ်နေ့ သောင်းကျန်းနေတာပဲ။ ဟိုတလောက ဆိုင်ကယ်၊ သုံးဘီးဈေးသည်တွေပါ မကျန်ဖမ်းတော့ အကုန်သိမ်းပြီး ပြန်လာကြပြီ။ အခုဆို မနိုင်မနင်းနဲ့ မိန်းမကြီးတွေ၊ ဒုက္ခိတတွေလောက်ပဲ ဈေးသွားရောင်းကြတော့တာ။ တချို့က ဒါလုပ်မှ စားရတော့ မလုပ်လို့လည်း မရဘူးလေလို့ သူက ပြောပါတယ်။

SNA တပ်ဖွဲ့တွေဟာ မိုးညှင်းနဲ့ ဟိုပင်မြို့ပေါ်ကနေ အင်းတော်ကြီးကန်ပတ်လည်ရှိ မိုင်းနောင်၊ လုံးတုံ၊ မမုံကိုင် စတဲ့ကျေးရွာတွေဘက်ကို သုံးဘီးနဲ့ ကားအသေးတွေသုံးပြီး ဈေးပတ်ရောင်းနေသူတွေကို ဩဂုတ်လကတည်းက ခပ်စိပ်စိပ် ဖမ်းဆီးလာတာလို့ သိရပါတယ်။

ဒါ့အပြင် ကျေးရွာတစ်ရွာဝင် တစ်ရွာထွက်ပြီး ဆိုင်ကယ်၊ သုံးဘီးနဲ့ တွန်းလှည်းတွေသုံးကာ ကုန်စိမ်းလှည့်လည်ရောင်းနေသူတွေကိုပါ ပစ်မှတ်ထား ဖမ်းဆီးလာတာကြောင့် တစ်နေ့လုပ်တစ်နေ့စားရတဲ့ အခြေခံလူတန်းစားမိသားစုတွေ စားဝတ်နေရေး ပိုခက်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သူတို့ဆွဲချင်တဲ့သူကို ဆွဲချလိုက်တာပဲ။ အခုတော့ မသန်မစွမ်းနဲ့ အသက်ကြီးတွေပဲ သွားရောင်းရဲကြတယ်။ မိုးညှင်းကနေ လာရောင်းတဲ့သူတွေလည်း အကုန်သိမ်းပြန်ကြပြီ။ တစ်သက်လုံး ကုန်စိမ်းရောင်းစားလာတဲ့သူတွေကတော့ ဒုက္ခရောက်ကုန်တာပေါ့။ တချို့ မတတ်နိုင်တဲ့သူတွေက လွတ်နိုင်တဲ့ မိန်းမကြီးတွေ၊ ဒုက္ခိတတွေကိုယ်တိုင် မတတ်နိုင်လို့သာ သွားရောင်းနေကြရတဲ့ အခြေအနေဖြစ်နေတယ် လို့ နောက်ထပ်ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

SNA တပ်ဖွဲ့က အသက် ၃၀ ကနေ ၄၀ ကျော်အရွယ် ဈေးသည်တွေကိုပါ ခပ်စိပ်စိပ် ဖမ်းဆီးလာတာကြောင့် စားဝတ်နေရေး ခက်ခဲနေတဲ့ မိသားစုတွေဟာ အသက် ၆၀ ဝန်းကျင်သက်ကြီးပိုင်းတွေကိုယ်တိုင် ဈေးထွက်ရောင်းနေရတဲ့အခြေအနေ ရှိလာတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

လက်ရှိ SNA နဲ့ ရှမ်းနီပြည်သူ့စစ်တွေ ထိန်းချုပ်ထားတဲ့ လုံးတုံ၊ မိုင်းနောင်နဲ့ မမုံကိုင် စတဲ့ကျေးရွာတွေမှာ ယခင်က လမ်းပေါ်ထွက်လာတဲ့ လူငယ်နဲ့ လူလတ်ပိုင်းအရွယ်တွေကို အဓိက ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။

ခုလို ဖမ်းဆီးမှုတွေကြောင့် လူငယ်နဲ့ လူလတ်ပိုင်းအရွယ်တွေ ဘေးလွတ်ရာကို တိမ်းရှောင်သွားကြပြီးနောက် အသက် ၄၀ ဝန်းကျင်နဲစျေးသည်တွေကိုပါ ခုလိုဖမ်းဆီးတာတွေ ရှိလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်အာဏာမသိမ်းခင်က အင်းတော်ကြီးဒေသကို စစ်ကောင်စီတပ်ကသာ ထိန်းချုပ်ထားခဲ့ပေမယ့် စစ်အာဏာသိမ်းပြီးနောက် မိုးညှင်းနဲ့ ဗန်းမောက်ဘက်က ဝင်လာတဲ့ SNA တပ်ဖွဲ့တွေအပြင် ဒေသခံလူငယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ရှမ်းနီပြည်သူ့စစ်အဖွဲ့တွေပါ ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။

By – Zaw Zaw

Show More

Leave a Reply

Back to top button