မော်ဖောင်းနဲ့ အကျဲရွာတစ်လျှောက် ရာမပြဿနာ ပိုဆိုးရွား

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်က အကျဲ၊ မော်ဖောင်း၊ ရှဒေါင်နဲ့ ဂတ်ရှယန်ကျေးရွာတစ်လျှောက်မှာ ရာမရောင်းဝယ်သုံးစွဲမှု ပြဿနာ အလွန်ဆိုးရွားလာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရာမရောင်းဝယ်သုံးစွဲသူတွေထဲမှာ အသက် ၁၂ နှစ်ကနေ ၅၀၊ ၆၀ ကျော်အထိရှိပြီး အခြေခံလူတန်းစားတွေ အများဆုံးပါဝင်တယ်လို့ သိရပါတယ်။

ရှဒေါင်ရွာဒေသခံအမျိုးသားတစ်ဦးက အခုမူးယစ်ဆေးက အဓိက ကချင်တွေရှိတဲ့နေရာဒေသတွေမှာ အရမ်းပျံ့နှံ့လာတယ်။ အသေးအမွှားလေးတွေရောင်းတာက ဆယ်ကျော်သက်တွေ ဖြစ်နေပြီ။ ၁၂၊ ၁၃၊ ၁၄ နှစ်အရွယ်တွေဆို စရောင်းလာကြပြီ။ ဒိုင်ကြီးတွေက နောက်ကွယ်မှာရှိနေပြီး ဒိုင်ကြီးတွေကိုတော့ မဖမ်းနိုင်ဘူးလို့ ပြောပါတယ်။

ဒီကျေးရွာတွေမှာ အာဏာမသိမ်းခင်နှစ်တွေဆို PAT JASAN ဘိန်းတိုက်ဖျက်ရေးအဖွဲ့တွေရဲ့ တိုက်ဖျက်နှိမ်နင်းမှုတွေကြောင့် ရာမအပါ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှုတွေ သိသိသာသာ ကင်းစင်ခဲ့ပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်း တစ်နှစ်ထက်တစ်နှစ် ပိုဆိုးလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တချို့ကျေးရွာတွေမှာ ရာမရောင်းတဲ့နေရာတွေက ရောင်းချသူတွေဟာ ဓားနဲ့ သေနတ်လို လက်နက်တွေ ကိုင်ဆောင်ထားတာ တွေ့ရတယ်လို့လည်း အကျဲရွာဒေသခံအမျိုးသားတစ်ဦးတွေက ပြောပါတယ်။

အရင်တုန်းက ဘိန်းဖြတ်ပြီး ပြန်သုံးတဲ့သူတွေ ပြောပြပုံအရဆိုရင် အဲလိုခင်းပြီး ရောင်းတာတဲ့ ဓားမြှောင်တွေလည်း တစ်ခါတည်းပါတော့ သွားမလုပ်နဲ့၊ ဓားနဲ့ထိုးခံရမယ့်ပုံစံပဲ။လို့ အဲဒီဒေသခံက ဆက်ပြောပါတယ်။

မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး ဖမ်းဆီးခံရသူအများစုက သာမန်ရောင်းဝယ်သူတွေ ဖြစ်နေပြီး တကယ့်ဒိုင်ကြီးတွေကတော့ ရဲတွေနဲ့ သဘောတူညီမှုတွေ ရှိထားတာကြောင့် ဖမ်းဆီးခံရတာ မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

မူးယစ်ဆေးဝါးကို လက်ဝယ်တွေ့ရှိတာ ဒါမှမဟုတ် ရောင်းချတာဖြစ်ပြီး ၃ ဂရမ်အောက်ဆိုရင် ပုဒ်မ ၁၆()နဲ့ တရားစွဲဆိုနိုင်ပြီး ထောင်ဒဏ် ၅ နှစ်ကနေ ၁၀ နှစ်အထိ ချမှတ်နိုင်ပါတယ်။

၃ ဂရမ်ထက်များရင်တော့ ထောင်ဒဏ် ၁၀ နှစ်ကနေ နှစ်အကန့်အသတ်မရှိ ထောင်ဒဏ်အထိ ချမှတ်နိုင်တယ်လို့ အတွေ့အကြုံ ၁၅ နှစ်ကျော်ရှိတဲ့ အမည်မဖော်လိုသူ ရှေ့နေတစ်ဦးက ရှင်းပြပါတယ်။

ဒါ့အပြင် မူးယစ်ဆေးသုံးစွဲသူတွေကို ဖမ်းဆီးရမိရင် အရင်က ဥပဒေပုဒ်မ ၁၅ အရ ထောင်ဒဏ် ၃ နှစ်ကနေ ၅ နှစ်အထိ ချမှတ်နိုင်တယ်လို့ သတ်မှတ်ထားပေမယ့် ၂၀၁၈ ခုနှစ် ပြင်ဆင်ချက်မှာ ပုဒ်မ ၁၅ ကို ဖျက်သိမ်းခဲ့တာကြောင့် သုံးစွဲသူတွေကို လူမှုရေးပြစ်ဒဏ်တချို့နဲ့ ဆေးကုသမှု၊ ပြန်လည်ထူထောင်ရေးလမ်းကြောင်းတွေကနေ ကိုင်တွယ်ဖို့ သတ်မှတ်ထားတယ်လို့ အဲဒီရှေ့နေက ပြောပါတယ်။

မူးယစ်ဆေးဝါး ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချတာတွေမှာလည်း မူးယစ်ဆေးပမာဏ၊ ပြည်တွင်း၊ ပြည်ပ ဖြန့်ဖြူးတဲ့အတိုင်းအတာ စတဲ့အခြေအနေတွေပေါ်မူတည်ပြီး ပြစ်ဒဏ် ပိုမိုမြင့်တက်နိုင်တယ်လို့ သူက ရှင်းပြပါတယ်။

ကချင်ပြည်နယ်မှာ စစ်တပ်အာဏာမသိမ်းခင်က ကချင်တိုင်းရင်းသားတွေ ဖွဲ့စည်းထားတဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ PAT JASAN ရှိခဲ့ပြီး မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှုတွေကို တိုက်ဖျက်တာအပြင် မူးယစ်ဆေးစွဲနေသူတွေကို ဘိန်းဖြတ်စခန်းတွေကနေတစ်ဆင့် ဆေးကုသပေးတာနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကိုလည်း လုပ်ဆောင်ခဲ့ပါတယ်။

အာဏာသိမ်းပြီးနောက်မှာတော့ စစ်တပ်က လူအုပ်စုဖွဲ့လှုပ်ရှားတာတွေကို တားမြစ်တာကြောင့် PAT JASAN အနေနဲ့ အရင်လို မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူတွေကို လိုက်လံဖမ်းဆီးဖို့ ပိုခက်ခဲလာတယ်လို့ PAT JASAN မှာ ပါဝင်လှုပ်ရှားခဲ့ဖူးတဲ့ အဖွဲ့ဝင်ဟောင်းတစ်ဦးက ပြောပါတယ်။

နိုင်ငံရေးမကောင်းတော့တဲ့အတွက် PAT JASAN နဲ့ပတ်သက်တဲ့ လှုပ်ရှားမှုတွေတော့ လုံးဝမရှိတော့ဘူး။ ဒါကြောင့် ထိုးတာတွေဘာတွေက ပိုများလာတာပေါ့။ ဒါပေမယ့် အရင်တုန်းကလို ပရမ်းပတာတော့ မဖြစ်တော့ဘူးလို့ သူက ပြောပါတယ်။

တစ်ဖက်မှာလည်း UNODC က ၂၀၂၆ ခုနှစ် ဇွန်လ ၂၆ ရက်မှာ ထုတ်ပြန်တဲ့ World Drug Report 2026 အရ မြန်မာနိုင်ငံဟာ ကမ္ဘာမှာ တရားမဝင်ဘိန်း အများဆုံးထုတ်လုပ်တဲ့နိုင်ငံအဖြစ် ဆက်လက်ရှိနေပြီး ဘိန်းစိုက်ပျိုးထုတ်လုပ်မှုဟာ ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်မှာ အဓိက စုစည်းနေဆဲဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

World Drug Report 2026 ဟာ ၂၀၂၄ ခုနှစ် အောက်တိုဘာလကနေ ၂၀၂၅ ခုနှစ် မတ်လအထိရှိတဲ့ ၂၀၂၄/၂၅ ဘိန်းစိုက်ပျိုးရာသီအတွင်း ကောက်ယူထားတဲ့ အချက်အလက်တွေကို အခြေခံထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံဟာ ပြီးခဲ့တဲ့ တစ်နှစ်အတွင်း နိုင်ငံတကာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး တာဝန်တွေကို ထိထိရောက်ရောက် လိုက်နာဖို့ သိသာတဲ့ ကြိုးပမ်းမှုတွေ မရှိခဲ့ဘူးလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က စက်တင်ဘာလ ၁၉ ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။

ဒီသတ်မှတ်ချက်ကို ၂၀၂၇ ဘဏ္ဍာနှစ်အတွက် မူးယစ်ဆေးဝါး ထုတ်လုပ်မှုနဲ့ ဖြတ်သန်းသယ်ဆောင်မှု အဓိကနိုင်ငံစာရင်းတွေကို ထုတ်ပြန်ရာမှာ ဖော်ပြထားတာဖြစ်ပြီး မြန်မာနိုင်ငံအပြင် အာဖဂန်နစ္စတန်၊ ဘိုလီးဗီးယားနဲ့ ကိုလံဘီယာတို့ကိုလည်း ပြီးခဲ့တဲ့ ၁၂ လအတွင်း မူးယစ်ဆေးတိုက်ဖျက်ရေး တာဝန်တွေကို ထိထိရောက်ရောက် မလိုက်နာခဲ့တဲ့ နိုင်ငံတွေအဖြစ် သီးခြားသတ်မှတ်ထားပါတယ်။

By – Hope

Show More

Leave a Reply

Back to top button