NUG နဲ့ တရုတ်ကြား ထိတွေ့ဆက်ဆံမှုတွေ ရှိနေဟု ဒုဝန်ကြီးပြော
တရုတ်နိုင်ငံနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကြား ထိတွေ့ဆက်ဆံမှုတွေဟာ လူအများမြင်တွေ့နိုင်တဲ့ အဆင့်မှာ မရှိပေမယ့် အလွှာလိုက်ရှိနေတယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီး David Gum Awng က ပြောပါတယ်။
ဒါပေမယ့် တရုတ်နဲ့ ဆက်ဆံရေးနဲ့ပတ်သက်တဲ့ အကြောင်းအရာအများစုကို လူသိရှင်ကြား ထုတ်ဖော်ပြောဆိုဖို့ အကန့်အသတ်တွေရှိတယ်လို့ သူက ဆိုပါတယ်။
စက်တင်ဘာလအတွင်း People’s Goal – ပြည်သူ့ပန်းတိုင်က စီစဉ်တဲ့ “ပြောင်းလဲလာသော ကမ္ဘာ့ချိန်ခွင်လျှာနှင့် မြန်မာနိုင်ငံ၏ သံတမန်ရေးရပ်တည်ချက်” အတွေးအခေါ်ဆွေးနွေးပွဲမှာ David Gum Awng က အခုလို ပြောခဲ့တာ ဖြစ်ပါတယ်။
တရုတ်နဲ့ပတ်သက်ပြီး NUG ဘက်မှာ ထိတွေ့ဆက်ဆံမှု လုံးဝမရှိဘူးလို့ လူအများက ထင်မြင်နေကြပေမယ့် အဲဒီအမြင်ဟာ မှန်ကန်မှုမရှိဘူးလို့ သူက ဆိုပါတယ်။
“တရုတ်နဲ့ပတ်သက်ပြီးတော့ ကျနော်တို့မှာ လုံးဝအုတ်သုံ လစ်ဟင်းလစ်ဟာနေတာ မဟုတ်ဘူးဆိုတာကိုတော့ ရှင်းပြချင်တယ်” လို့ David Gum Awng က ပြောပါတယ်။
တရုတ်နဲ့ ဆက်ဆံရာမှာ NUG အနေနဲ့ ဆက်သွယ်နိုင်တဲ့ အဆင့်၊ ဆက်သွယ်တဲ့ နည်းလမ်းနဲ့ လူသိရှင်ကြား ထုတ်ပြန်နိုင်တဲ့ အတိုင်းအတာတွေဟာ အမေရိကန်နဲ့ အနောက်နိုင်ငံတွေကို ဆက်ဆံတဲ့ပုံစံနဲ့ မတူဘူးလို့ သူက ရှင်းပြပါတယ်။
အာဆီယံ၊ အမေရိကန်နဲ့ အနောက်နိုင်ငံတွေနဲ့ NUG ရဲ့ ထိတွေ့ဆက်ဆံမှုတွေကို လူအများမြင်နိုင်သလို နိုင်ငံခြားရေးဆိုင်ရာ ထုတ်ပြန်ချက်တွေကိုလည်း လူသိရှင်ကြား ထုတ်ပြန်နိုင်ပေမယ့် တရုတ်နဲ့ ဆက်ဆံရေးမှာတော့ အဲဒီလို ထုတ်ဖော်ပြောဆိုနိုင်ခြင်း မရှိဘူးလို့ ဆိုပါတယ်။
တရုတ်နဲ့ ပတ်သက်လာရင် NUG နဲ့ တော်လှန်ရေးအင်အားစုတွေအနေနဲ့ မကျော်လွန်ရမယ့် “Red Line” တွေရှိသလို လူသိရှင်ကြား ပြောဆိုနိုင်တဲ့ အတိုင်းအတာမှာလည်း ကန့်သတ်ချက်တွေ များပြားတယ်လို့ David Gum Awng က ပြောပါတယ်။
တစ်ဖက်မှာတော့ တရုတ်အစိုးရဟာ နေပြည်တော်မှာ အာဏာကို ဆက်လက်ထိန်းချုပ်ထားတဲ့ စစ်အုပ်စု ရှင်သန်နိုင်ရေးကို ထောက်ပံ့ပေးနေပြီး အာဆီယံနဲ့ ဆက်ဆံနိုင်ရေးအတွက်လည်း ကူညီနေတယ်လို့ David Gum Awng က သူ့အမြင်အဖြစ် ပြောပါတယ်။
ဒါ့အပြင် တရုတ်နဲ့ နယ်စပ်တစ်လျှောက်မှာရှိတဲ့ လက်နက်ကိုင်အင်အားစုတွေနဲ့လည်း တရုတ်ရဲ့ အကျိုးစီးပွားအပေါ် မူတည်ပြီး ထိတွေ့ဆက်ဆံမှုတွေ ရှိနေတယ်လို့ သူက ဆိုပါတယ်။
“တရုတ်နဲ့ပတ်သက်လာရင် ကျနော်တို့ ထိတွေ့ရတဲ့ဥစ္စာတွေက Level လိုက်ရှိတယ်။ အလွှာလိုက်မှာရှိတယ်။ ဒါပေမဲ့ အဲဒါနဲ့ပတ်သက်ရင် ကျနော်တို့က အများစု ထုတ်ပြောလို့မရတဲ့ အနေအထားတွေရှိတယ်” လို့ David Gum Awng က ပြောပါတယ်။
လက်ရှိမှာ တရုတ်နဲ့ မြန်မာစစ်အစိုးရကြား အဆင့်မြင့်ဆက်ဆံရေးတွေ ဆက်ရှိနေပြီး ၂၀၂၆ ခုနှစ် ဇွန်လ ၁၅ ရက်ကနေ ၁၉ ရက်အထိ အာဏာသိမ်း သမ္မတမင်းအောင်လှိုင် တရုတ်နိုင်ငံကို သွားရောက်ခဲ့ပါတယ်။
အဲဒီခရီးစဉ်အတွင်း နှစ်နိုင်ငံကြား နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေးနဲ့ အခြေခံအဆောက်အအုံဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ ဆက်တိုးမြှင့်ဖို့ သဘောတူခဲ့ပါတယ်။
စက်တင်ဘာ ၁၅ ရက်ကနေ ၁၇ ရက်အထိ တရုတ်နိုင်ငံမှာ ကျင်းပတဲ့ ၁၃ ကြိမ်မြောက် Beijing Xiangshan Forum ကို မြန်မာကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးထွန်းအောင် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပါတယ်။
အဲဒီခရီးစဉ်အတွင်း တရုတ်ကာကွယ်ရေးဝန်ကြီးနဲ့ မြန်မာ–တရုတ် ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု၊ နယ်စပ်ဒေသ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်။
NUG ဘက်ကလည်း ဇွန်လမှာ ထုတ်ပြန်တဲ့ ကြေညာချက်တစ်စောင်မှာ အိမ်နီးချင်းနိုင်ငံတွေနဲ့ နိုင်ငံတကာမိတ်ဖက်တွေရဲ့ မြန်မာ့အရေးဆိုင်ရာ ဆက်ဆံမှုတွေကို အပြန်အလှန်လေးစားမှုအပေါ် အခြေခံပြီး ဆက်ဆံလိုကြောင်း ဖော်ပြထားပါတယ်။
By – အမိုး




