ဖမ်းဆီးခံရတဲ့ လူငယ်တွေထဲက ၉ ဦး ပြန်လွှတ်ပေး

ကချင်ပြည်နယ်၊ ပူတာအိုနဲ့ မချမ်းဘော့မြို့နယ်တွေမှာ ပေါ်တာဆွဲဖမ်းဆီးခံထားရတဲ့ လူငယ် ၂၀၀ နီးပါးထဲက ဆေးသမား ၉ ဦးကို ပြန်လွှတ်ပေးထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်နဲ့ ဦးတန်ဂူးတန် ဦးဆောင်တဲ့ ရဝမ်ပြည်သူ့စစ် ပူးပေါင်းတပ်တွေဟာ စက်တင်ဘာ ၁၀ ရက်ကစပြီး ပူတာအိုနဲ့ မချမ်းဘော့မြို့ပေါ် ရပ်ကွက်တွေ၊ ကျေးရွာတွေနဲ့ ရွှေမှော်တွေထဲက လူငယ်တွေကို ညဘက် လိုက်လံဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

စက်တင်ဘာ ၂၃ ရက်အထိ လူငယ် ၁၉၀ ဝန်းကျင် ဖမ်းဆီးထားတယ်လို့ ဦးတန်ဂူးတန် ပြည်သူ့စစ်နဲ့ နီးစပ်တဲ့ သုတ္ထန်ရပ်ကွက်နေ အမျိုးသားတစ်ဦးက KNG ကို ပြောပါတယ်။

ဖမ်းဆီးခံထားရသူတွေထဲက ဆေးသမား ၈ ဦးနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးရဲ့သား စုစုပေါင်း ၉ ဦး ပြန်လွတ်လာပြီး အုပ်ချုပ်ရေးမှူးရဲ့သားကိုတော့ ငွေကျပ်သိန်း ၂၀၀ နဲ့ ပြန်ရွေးခဲ့ရတယ်လို့ သိရပါတယ်။

ပြန်လွတ်ပေးတာ ယောက်။ တစ်ယောက်ကိုတော့ ငွေသိန်း ၂၀၀ နဲ့ ရွေးလိုက်ရတယ်တဲ့။ အဲ့ကလေးက အုပ်ကြီးသားလို့ ပြောတယ်။ သူတစ်ယောက်ပဲ ရွေးလို့ရတယ်။ ကျန်တဲ့သူတွေက ရွေးလို့မရဘူး။ ပြန်လွတ်လာတဲ့ ရှစ်ယောက်ကလည်း တကယ့်ဆေးသမားအကြီးစားတွေတဲ့။ သုံးစားမရတဲ့အခြေအနေ အရမ်းဆိုးတဲ့သူတွေ ပြန်လွတ်ပေးတာ။ လူကောင်းတွေက ပါသွားတယ်၊ မလွတ်ဘူးလို့ ဒေသခံအမျိုးသမီးတစ်ဦး ပြောပါတယ်။

ကျန်တဲ့ ဖမ်းဆီးခံလူငယ်တွေကိုတော့ ငွေနဲ့ ပြန်ရွေးခွင့်မပေးသလို မိဘတွေနဲ့လည်း တွေ့ခွင့်မပေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဦးတန်ဂူးတန် ပြည်သူ့စစ်အဖွဲ့နဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းတွေရဲ့ ပြောပြချက်အရ ဖမ်းဆီးထားတဲ့ လူငယ်တွေထဲက တချို့ကို မြန်မာပြည်အောက်ပိုင်းဘက် စစ်သင်တန်းပို့လိုက်ပြီး တချို့ကိုတော့ ခေါင်လန်ဖူးရှေ့တန်း စစ်မြေပြင်မှာ ထောက်ပို့အတွက် အထမ်းထမ်းဖို့ ပို့လိုက်တယ်လို့ သိရပါတယ်။

၁၀၀ နီးပါးလောက်ကတော့ ပို့လိုက်ပြီထင်တယ်။ ပြည်သူ့စစ်မှုထမ်းရမယ်ဆိုပြီး စစ်သင်တန်းပို့လိုက်ကြတယ်။ လေယာဉ် သုံးရက်ဆက်တိုက် လာသွားတယ်လေ။ ဒေသခံတွေ သိတယ်။ တချို့ကတော့ ခေါင်လန်ဖူးရှေ့တန်းမှာ အထမ်းထမ်းရမယ်ဆိုပြီး ပို့လိုက်တယ်။ ပြန်လွတ်လာမလား၊ ပြန်မလွတ်ပေးတော့ဘူးလားဆိုတာကတော့ စောင့်ကြည့်ရမယ်လို့ ဦးတန်ဂူးတန် ပြည်သူ့စစ်အဖွဲ့နဲ့ နီးစပ်တဲ့ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

KNG ကစုံစမ်းရရှိထားတဲ့အချက်လက် အရ လူငယ် ၂၀၀ နီးပါးထဲက အများစုကို လေကြောင်းကနေတစ်ဆင့် မြန်မာပြည်အောက်ပိုင်းဘက် ပို့လိုက်တယ်လို့ သိရပါတယ်။

တချို့ကိုတော့ လက်ရှိတိုက်ပွဲဖြစ်နေတဲ့ မြန်မာတရုတ်နယ်စပ် မှတ်တိုင် ၃၀ နဲ့ ၃၁ ဘက်ကို လက်နက်၊ ခဲယမ်း သယ်ယူဖို့ ပို့လိုက်တယ်လို့ သိရပြီး ဒီအချက်ကို KNG က သီးခြားအတည်ပြုနေဆဲ ဖြစ်ပါတယ်။

ဖမ်းဆီးခံရတဲ့ လူငယ် ၂၀၀ နီးပါးထဲမှာ ပူတာအိုမြို့ပေါ် ရပ်ကွက်တွေက လူငယ်တွေအပြင် ခင်ဖန်၊ ဂျူဗလီ၊ လယ်မယ်ဝါဂျီ၊ ဆန်ကောင်နဲ့ နာမ်ဟော့ စတဲ့ မြို့အနီးကျေးရွာတွေက လူငယ်တွေ၊ မချမ်းဘော့မြို့ပေါ်က လူငယ်တွေနဲ့ ဆင်လုံဒမ်း၊ နမ့်ခမ်း၊ နမ့်စဘွမ်ဘက်က ရွှေမှော်တွေမှာ အလုပ်လုပ်နေတဲ့ လူငယ်တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ပူတာအိုနဲ့ မချမ်းဘော့မြို့နယ်နှစ်ခုထဲက လူငယ် ၂,၅၀၀ အထိ ပြည်သူ့စစ်မှုထမ်းဖို့ ဖမ်းဆီးပေးရန် နေပြည်တော်ကနေတစ်ဆင့် ပူတာအိုအခြေစိုက် ခ..ရ ၄၆ နဲ့ မချမ်းဘော့အခြေစိုက် ခ..ရ ၁၃၇ တပ်တွေကို အမိန့်ပေးထားတယ်လို့ ပူတာအို ခ..ရ ၄၆ တပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

၂၅၀၀ ပြည့်တဲ့အထိ ဖမ်းပေးရမယ်လို့ အမိန့်ပေးထားတယ်တဲ့။ သတင်းထွက်လာတယ်။ အခုလည်း ဆက်ပြီးဖမ်းနေတာပဲ။ ညဘက်ကို ရွှေမှော်တွေမှာ ဖမ်းတယ်။ ရပ်ကွက်တွေထဲ ညဘက်ပတ်ဖမ်းတယ်။ ရွာချင်းဆက်လမ်းတွေမှာ စောင့်ပြီးဖမ်းတယ်ဗျလို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

လူငယ်တွေကို လိုက်လံဖမ်းဆီးရာမှာ ည ၈ နာရီနောက်ပိုင်း အပြင်ထွက်လာတဲ့ အသက် ၁၅ နှစ်အထက်နဲ့ ၃၀ နှစ်အောက် လူငယ်အမျိုးသားတွေကို စစ်ဘက်သုံးကားတွေနဲ့ လိုက်လံဖမ်းဆီးနေပြီး ကျေးရွာနဲ့ ရွှေမှော်ဘက်မှာတော့ နယ်ထိန်းရဲတွေနဲ့ ပြည်သူ့စစ်ပူးပေါင်းတပ်တွေက အိမ်စီးကားတွေနဲ့ လိုက်လံဖမ်းဆီးနေတယ်လို့ သိရပါတယ်။

လက်ရှိမှာ ပူတာအိုနဲ့ မချမ်းဘော့မြို့နယ်တွေကို စစ်ကောင်စီတပ်နဲ့ ဦးတန်ဂူးတန် ဦးဆောင်တဲ့ ရဝမ်ပြည်သူ့စစ် ပူးပေါင်းတပ်တွေက ထိန်းချုပ်ထားပါတယ်။

မြန်မာနိုင်ငံမှာ ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၁၀ ခုနှစ် နိုဝင်ဘာ ၄ ရက်မှာ ပြဋ္ဌာန်းခဲ့ပြီး ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်မှာ အာဏာသိမ်းစစ်တပ်က လက်တွေ့အသက်ဝင်စေခဲ့ပါတယ်။

ပူတာအိုမြို့ပေါ်မှာ ၂၀၂၅ ခုနှစ် အောက်တိုဘာလကလည်း ဦးတန်ဂူးတန် ပြည်သူ့စစ်တပ်ဖွဲ့ကို ထောက်ခံကြောင်းနဲ့ KIA PDF တပ်ဖွဲ့တွေကို ရှုတ်ချကြောင်း ဆန္ဒထုတ်ဖော်မှုတွေ ရှိခဲ့ပါတယ်။

By – Zaw Zaw

Show More

Leave a Reply

Back to top button