လေကြောင်းဗုံးကြဲခံရတဲ့ ကျေးရွာတွေ ပြန်လည်ထူထောင်ရေးအတွက် အကူအညီလိုအပ်
ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်ထဲက လေကြောင်းဗုံးကြဲတိုက်ခိုက်ခံရတဲ့ ကျေးရွာတွေ နေရပ်ပြန်နေထိုင်ဖို့ အကူအညီတွေအရေးပေါ်လိုအပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မြေပြင်ထိုးစစ်မှာ အရေးနိမ့်နေတဲ့ စစ်ကောင်စီတပ်ဟာ သြဂုတ်လကနေ စက်တင်ဘာ ၁၀ ရက်ကျော်အထိ တစ်လကျော်အတွင်း ရွှေကူမြို့နယ်ထဲက ကျေးရွာ ၁၈ ရွာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီကျေးရွာ ၁၈ ရွာထဲမှာ ရွာလုံးကျွတ်နီးပါး ပျက်စီးသွားတဲ့ ကျေးရွာတွေရှိသလို တချို့ရွာတွေမှာလည်း အိမ်ခြေထက်ဝက်နီးပါးအထိ ပျက်စီးခဲ့တာကြောင့် ပြန်လည်ထူထောင်ရေးအတွက် အကူအညီလိုအပ်နေတယ်လို့ ရွှေကူမြို့နယ် ပ.က.ဖ တာဝန်ရှိသူတစ်ဦးက KNG ကို ပြောပါတယ်။
“ကျန်တဲ့ရွာတွေကတော့ အချင်းချင်း နည်းနည်းဝိုင်းကူလိုက်ရင် အဆင်ပြေသွားမယ်။ ဒါပေမယ့် တချို့ရွာတွေကတော့ ရွာလုံးကျွတ်နီးပါး ပျက်စီးသွားတာဆိုတော့ ဘေးက ကူညီမှရမှာ။ ရှိသမျှအကုန်ပါသွားတော့ ရွာထဲပြန်ဝင်ရင် မိုးကာတဲပြန်ထိုးဖို့တောင် အနိုင်နိုင်ပဲ။ အိမ်တစ်လုံး ပြန်ရဖို့ဆိုတာကတော့ မလွယ်တော့ဘူး။ အဖွဲ့အစည်းတွေနဲ့ အလှူရှင်တွေ ဝင်ကူညီမှရတော့မယ်” လို့ သူက ပြောပါတယ်။
ဗုံးကြဲခံရတဲ့ ကျေးရွာတွေထဲမှာ သင်းဘောအင်း၊ မိုးစစ်၊ ရေလဲ၊ ပေါက်ကုန်း၊ ဘိုကုန်း၊ ကျောက်တလုံး၊ ပန်းတင်၊ မြိုင်သာ၊ လမ်းကူး၊ ကျွန်းတော်၊ တော်လှန်၊ ငဘတ်ကြီး၊ ငဘတ်ဝ၊ ကျောက်ကြီး၊ ရွှေကူလေး၊ နန်းပေါင်း၊ ဝွဲမနဲ့ ဇင်းဘုံကျေးရွာတွေ ပါဝင်တယ်လို့ သိရပါတယ်။
ဒေသခံတွေရဲ့ ပြောပြချက်အရ လမ်းကူး၊ မြိုင်သာ၊ ပန်းတင်၊ ဇင်းဘုံ၊ ဝွဲမ၊ နန်းပေါင်းနဲ့ တော်လှန်ကျေးရွာတွေဟာ ရွာလုံးကျွတ်နီးပါး ပျက်စီးခဲ့ရပြီး ကျန်တဲ့ကျေးရွာတွေမှာလည်း အိမ်ခြေထက်ဝက်ကျော် ပျက်စီးသွားတယ်လို့ သိရပါတယ်။
“လိုတာကတော့ အများကြီးလိုတယ်။ ပြန်လည်ထူထောင်ရေးဆိုတဲ့အတိုင်း တစ်ကနေ ပြန်စရမှာ။ အိုးခွက်ပန်းကန်ကအစ၊ ယာယီတဲထိုးနေဖို့ မိုးကာတွေ၊ အိမ်တစ်လုံးရဖို့ ပျဉ်တွေ၊ သွပ်တွေကအစ လိုအပ်လာမှာ။ အခုဆောင်းဝင်တော့မှာ၊ တချို့အိမ်တွေက အမိုးအကာတောင် မရှိကြဘူး။ ရုတ်တရက်ပြေးရတဲ့ရွာတွေက အကုန်ပါသွားတာ။ အခုရွာထဲပြန်ဝင်ရင်တောင် နေစရာအိမ်မရှိဘူး” လို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။
စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ကျေးရွာ ၁၈ ရွာမှာ အိမ်ခြေထောင်ချီ၊ ဘာသာရေးအဆောက်အအုံတွေနဲ့ စာသင်ကျောင်းတွေ အများအပြား ပျက်စီးခဲ့သလို ကျွဲ၊ နွားလို အိမ်မွေးတိရစ္ဆာန်တွေ သေဆုံးတာတွေလည်း ရှိတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ဟာ ဒီနှစ် ဇွန်လကစပြီး ရွှေကူ–ငအိုး ကားလမ်းပိုင်းကနေတစ်ဆင့် ထီးချိုင့်နဲ့ တကောင်းဘက်ကနေ စစ်အင်အား အလုံးအရင်းနဲ့ ရွှေကူမြို့ထဲကို ဖြည့်တင်းခဲ့တယ်လို့ သိရပါတယ်။
နောက်ထပ် ထီးချိုင့်နဲ့ တကောင်းဘက်က ဝင်လာတဲ့ စစ်အင်အားတွေနဲ့ ရွှေကူမြို့မှာ ရှိနေတဲ့ စစ်အင်အားတွေ ပေါင်းပြီး ဇွန်လ ၁၀ ရက်ကျော်ကစကာ ရွှေကူမြို့နယ်အတွင်း ကျေးရွာတွေဘက်ကို စစ်ကြောင်း ၄ ကြောင်းနဲ့ စစ်မျက်နှာ ၄ ခု ဖွင့်ပြီး ထိုးစစ်ဆင်ခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် KIA ပူးပေါင်းတပ်တွေက နေရာအနှံ့ကနေ ကြားဖြတ်ဟန့်တားတိုက်ခိုက်တာကြောင့် စစ်ကြောင်းတွေဟာ ဇူလိုင်လအတွင်း ရွှေကူမြို့ပေါ်ကို ပြန်ဆုတ်ခွာသွားပြီးနောက် လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လုပ်လာတာလို့ သိရပါတယ်။
အဲဒီနောက် ဩဂုတ်နဲစက်တင်ဘာလမှာတော့ စစ်ကောင်စီတပ်ဟာ ရေကြောင်းအသုံးပြုပြီး စစ်ရေယာဉ်တွေဆန်တက်လာချိန်မှာလည်း ရေယာဉ်အုပ်စုဆန်တက်နိုင်ဖို့ လေကြောင်းပစ်ခတ်မှုအပြင်းထန်ပစ်ခတ်တိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။
စစ်ကောင်စီတပ်ဟာ ၂၀၂၂ နဲ့ ၂၀၂၃ ခုနှစ်တွေမှာလည်း ရွှေကူမြို့နယ်အတွင်းက စီသာ၊ စီသောင်၊ မံနား၊ မံခါး၊ ငှက်တံတား၊ နန့်လန်၊ နောင်လတ်ကြီး၊ စီမူလေး၊ စီမူကြီး၊ မံဝင်းနဲ့ ဝင်ဝ စတဲ့ ကျေးရွာတွေ အပါအဝင် ကျေးရွာ ၃၀ နီးပါးကို ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
By – အမိုး




