ဖမ်းခံရတဲ့ နာဂလူငယ် ၁၁ ဦး ခံဝန်ကတိနဲ့ပြန်လွတ်လာ

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့အဝင်ဂိတ်မှာ ဖမ်းဆီးခံရတဲ့ နာဂလူငယ် ၁၁ ဦး ခံဝန်ကတိထိုးပြီး ပြန်လွတ်လာတယ်လို့ဒေသခံတွေပြောပါတယ်။

စက်တင်ဘာ ၂၃ ရက် မနက်အစောပိုင်းမှာ လေရှီးမြို့အဝင် ရေဒေါင်းကျေးရွာအနီးက စစ်ကောင်စီပူးပေါင်းတပ်ဂိတ်မှာ ဆွမ္မရာဘက်ကနေ လေရှီးမြို့ထဲ ဝင်လာတဲ့ ခရီးသည်တင်ကားတွေပေါ်က နာဂလူငယ် ၁၁ ဦးကို ဖမ်းဆီးခလိုက်ရတာဖြစ်ပါတယ်။ 

အဲဒီနောက် ဒေသခံတွေ၊ ဖမ်းဆီးခံရသူတွေရဲ့ မိဘတွေက သွားရောက်ညှိနှိုင်းပေးခဲ့တာကြောင့် စက်တင်ဘာလ ၂၃ ရက် ညပိုင်းမှာပဲ ပြန်လွှတ်ပေးခဲ့တာလို့ ဖြစ်စဉ်သိတဲ့ လေရှီးမြို့ခံအမျိုးသားတစ်ဦးက KNG ကို ပြောပါတယ်။

ဒေသထဲက လူတွေ၊ မိဘတွေသွားပြီး ညှိနှိုင်းပေးတယ်တဲ့။ အားလုံးပြန်လွတ်လာတယ်။ ဒါပေမယ့် အစားထိုးအနေနဲ့ စစ်မှုထမ်းဖို့ လူတစ်ယောက်၊ အမျိုးသားတစ်ဦး ရှာပေးရမယ်ဆိုပြီး တောင်းတယ်။ ဒီဘက်ကလည်း ရှာပေးမယ်ဆိုပြီး ခံဝန်ကတိလက်မှတ်ထိုးပြီးမှ လွတ်လာတယ်လို့  ပြောပါတယ်။

စစ်တပ်ဘက်က ဖမ်းဆီးထားသူတွေကိုပြန်လွှတ်ပေးခဲ့ပေမယ့် အစားထိုးအနေနဲ့ စစ်မှုထမ်းဖို့ အမျိုးသားတစ်ဦး ရှာပေးရမယ်လို့  တောင်းဆိုခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

ဒေသခံတွေပြောပြချက်အရ လူငယ် ၁၁ ဦးကို ပြန်လွှတ်ပေးခဲ့ပေမယ့် သူတို့စီးလာတဲ့ ခရီးသည်တင်ကားတွေနဲ့ လက်ကိုင်ဖုန်းတွေကိုတော့ စစ်ကောင်စီတပ်က ဒီနေ့အထိ သိမ်းထားဆဲလို့ သိရပါတယ်။

လူပဲပြန်လွတ်တာ၊ ပစ္စည်းတွေအားလုံး သိမ်းထားတယ်။ ပြန်ပေးမလား၊ မပေးဘူးလားတော့ မသိသေးဘူးလို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်

ဖမ်းဆီးခံခဲ့ရတဲ့ လူငယ်တွေကို စစ်မှုထမ်းဖို့အတွက် ဖမ်းဆီးခဲ့တာလို့ သိရပြီး ဒေသတွင်း အရပ်ဘက်တာဝန်ရှိသူတွေနဲ့ နစ်နာသူမိဘတွေ လာရောက်ညှိနှိုင်းခဲ့တာကြောင့် ပြန်လွှတ်ပေးခဲ့တာလို့ သိရပါတယ်။

လေရှီးမြို့အဝင်ဂိတ်မှာ စစ်ကောင်စီပူးပေါင်းတပ်တွေ ပုံမှန်ဂိတ်ထိုင်နေပြီး ခရီးသွားပြည်သူတွေကို စစ်ဆေးတာ၊ အခွန်ကောက်တာနဲ့ လူငယ်တွေကို ဖမ်းဆီးတာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လေရှီးအပါအဝင် လဟယ်နဲ့ ဆွမ္မရာမြို့နယ်တွေဟာ နာဂလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ NSCN-K (YA) NSCN-K (AM) NNC နဲ့ ENDA တို့ လှုပ်ရှားသွားလာတဲ့ ဒေသတွေဖြစ်ပါတယ်။

နာဂဒေသထဲက လေရှီး၊ လဟယ်၊ ခန္တီးနဲ့ ထမံသီမြို့နယ်တွေမှာလည်း ၂၀၂၄ နဲ့ ၂၀၂၅ ခုနှစ်တွေက ခရီးသွားလာတဲ့ လူငယ်တွေကို ပစ်မှတ်ထား ဖမ်းဆီးတာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

By – Zaw Zaw

Show More

Leave a Reply

Back to top button