နန့်မွန်က ဘုရားကျောင်းနှစ်ခုကို SNA စစ်ရေးနေရာအဖြစ်အသုံးပြုနေတဲ့အတွက် ကချင်ဒေသခံတွေ ကန့်ကွက်
ကချင်ပြည်နယ် အင်းတော်ကြီးဒေသ နန့်မွန်မြို့မှာ ရှမ်းနီအမျိုးသားများတပ်မတော် SNA က ကချင်ခရစ်ယာန်ဘာသာဝင်တွေရဲ့ KBC ဘုရားကျောင်းဝင်းကို စစ်သင်တန်းပေးတဲ့နေရာအဖြစ် အသုံးပြုနေပြီး၊ RC ကက်သလစ်ဘုရားကျောင်းကို ရုံးချုပ်အဖြစ် အသုံးပြုနေတယ်လို့ဒေသခံတွေပြောပါတယ်။
ခုလို ဘာသာရေးဝတ်ပြုကိုးကွယ်ရာ ဘုရားကျောင်းနေရာကို စစ်ရေးအတွက် အသုံးပြုနေတဲ့အပေါ် နန့်မွန်း ကချင်ဒေသခံတွေက ကန့်ကွက်နေကြပါတယ်။
“ဘုရားကျောင်းနှစ်ခုစလုံးက အပေါ်အောက်ရှိကြတာဟုတ်တယ်။ RC ဘုရားကျောင်းမှာက SNA ရုံးချုပ်ထိုင်ထားတယ်။ KBC ဘုရားကျောင်းနေရာမှာက စစ်သင်တန်းပေးနေတာဟုတ်တယ်။ ဒီတစ်ခေါက်နဲ့ဆိုရင် စစ်သင်တန်းပေးတာ အမှတ်စဉ် (၆) လောက်တောင်ရှိလာပြီ။ တကယ်မလုပ်သင့်တဲ့လုပ်ရပ်ဖြစ်တယ်” လို့ သူက ပြောပါတယ်။
လက်ရှိ KBC ဘုရားကျောင်းဝင်းမှာ စစ်သင်တန်းပေးတာ အမှတ်စဉ် ၆ အထိ ရှိလာပြီလို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၃ ရက်မှာလည်း KBC ဘုရားကျောင်းဝင်းထဲက ဝတ်ပြုကိုးကွယ်ရာ ခန်းမဆောင်မှာ စစ်သင်တန်းဆင်းပွဲ လုပ်ခဲ့ပြီး စစ်ယူနီဖောင်းဝတ်ထားတဲ့ သင်တန်းသား ၄၀၀ ဝန်းကျင် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
ဘာသာရေးဝတ်ပြုရာ ဘုရားကျောင်းနဲ့ ခန်းမဆောင်ကို စစ်ရေးအတွက် အသုံးပြုတာဟာ ဘာသာရေးအရ ထိခိုက်စော်ကားရာရောက်တယ်လို့ ကချင်ဘာသာရေးဆရာတစ်ဦးက ပြောပါတယ်။
“ဒီလုပ်ရပ်က လူမျိုးရေး၊ ဘာသာရေးကို ထိပါးစော်ကားနေတယ်လို့ပဲမြင်ပါတယ်။ ဒါကလုံးဝမလုပ်သင့်တဲ့အရာပါ ဘယ်လူမျိုးမှာမဆို ယဉ်ကျေးမှု၊ ကိုးကွယ်ယုံကြည်တဲ့ ထုံးတမ်းတွေရှိကြတယ်။ ဘုရားကျောင်းဆိုတာက ခရစ်ယာန်ဘာသာဝင်တွေအတွက် အလွန်သန့်ရှင်းစင်ကြယ်တဲ့ နေရာအဖြစ် ကိုးကွယ်ကြတဲ့နေရာဖြစ်တယ်။ ဒါကို မသန့်မရှင်းဖြစ်အောင်လုပ်ပေးတယ်။ ဒီလိုလုပ်ရပ်က လူမျိုးတင်မဟုတ်ဘဲ ဘာသာရေးကိုပါစော်ကားနေတာဖြစ်တယ်” လို့ သူက ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ ရာဇသတ်ကြီးမှာလည်း ဘာသာရေးနဲ့ပတ်သက်တဲ့ ပြစ်မှုတွေကို သီးခြားသတ်မှတ်ထားပါတယ်။
ပုဒ်မ ၂၉၅ မှာ ဘာသာရေးအရ မြင့်မြတ်တဲ့ ဝတ်ပြုရာနေရာကို ဖျက်ဆီး၊ ပျက်စီးစေ ဒါမှမဟုတ် မသန့်မရှင်းဖြစ်စေပြီး ဘာသာရေးကို စော်ကားဖို့ ရည်ရွယ်တာ၊ ဒါမှမဟုတ် အဲဒီလုပ်ရပ်ကို ဘာသာဝင်တွေက ဘာသာရေးစော်ကားမှုအဖြစ် ယူဆနိုင်တယ်ဆိုတာကို ပြစ်မှုအဖြစ် သတ်မှတ်ထားပါတယ်။
နောက်ထပ် ပုဒ်မ ၂၉၅ (က )မှာလည်း ဘာသာရေးယုံကြည်ချက်ကို တမင်တကာနဲ့ အငြိုးအတေးရှိရှိ စော်ကားတာကို ပြစ်မှုအဖြစ် သတ်မှတ်ထားပါတယ်။
ဒါ့အပြင် ရာဇသတ်ကြီး ပုဒ်မ ၂၉၆ မှာ ဘာသာရေးဝတ်ပြုမှု (ဒါမှမဟုတ်) ဘာသာရေးအခမ်းအနား လုပ်နေတဲ့အဖွဲ့ကို အနှောင့်အယှက်ပေးတာနဲ့ ပုဒ်မ ၂၉၇ မှာ ဘာသာရေးခံစားချက်ကို ထိခိုက်စေဖို့ ရည်ရွယ်ပြီး ဝတ်ပြုရာနေရာကို ကျူးကျော်တာတွေကိုလည်း ပြစ်မှုအဖြစ် သတ်မှတ်ထားပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၄ မှာလည်း နိုင်ငံသားတိုင်း ဘာသာရေးယုံကြည်ချက်နဲ့ လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိတယ်လို့ ဖော်ပြထားပြီး ပုဒ်မ ၃၆၂ မှာ ခရစ်ယာန်ဘာသာကို နိုင်ငံအတွင်း တည်ရှိတဲ့ဘာသာတစ်ခုအဖြစ် အသိအမှတ်ပြုထားပါတယ်။
နောက်ထပ် လက်နက်ကိုင်ပဋိပက္ခနဲ့ ပတ်သက်တဲ့ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှုဥပဒေဘက်မှာလည်း ဝတ်ပြုရာနေရာတွေကို ကာကွယ်ထားပြီး၊ Geneva Conventions ရဲ့ Additional Protocol II ပုဒ်မ ၁၆ မှာ လူတွေရဲ့ ယဉ်ကျေးမှုနဲ့ ဘာသာရေးအမွေအနှစ်ဖြစ်တဲ့ ဝတ်ပြုရာနေရာတွေကို တိုက်ခိုက်တာနဲ့ စစ်ရေးလုပ်ငန်းတွေကို အထောက်အကူဖြစ်စေဖို့ အသုံးပြုတာကို တားမြစ်ထားပါတယ်။
ဒါကြောင့် လက်ရှိ ကချင်ပြည်နယ်ထဲမှာ စစ်တပ်ထောက်ခံတဲ့ ပြည်သူ့စစ်အဖွဲ့တွေအနေနဲ့ ကချင်လူမျိုးတွေကြည်ညိုကိုးကွယ်တဲ့ ဘာသာရေးကျောင်းတွေကို အကာအကွယ်မလုပ်ဘဲ စစ်ရေးနေရာသတ်အသုံးပြုနေတာက လူသားချင်းစာနာမှုဥပဒေချိုးဖောက်ရာရောက်တယ်လို့လို့ ကချင်သုတေသီကိုမာဒီက ပြောပါတယ်။
“ပြည်သူလူထုက ကိုးကွယ်ယုံကြည်တဲ့ နေရာတွေကို လက်နက်ကိုင်တပ်ဖွဲ့တွေက မထီမဲ့မြင် ဖျက်ဆီးတာတွေလုံးဝမလုပ်ရဘူး။ ဒါက အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှုဥပဒေမှာ လိုက်နာရမယ်ဆိုပြီး ပါရှိပြီးသားဖြစ်တယ်။ အခုကချင်မှာ ပြည်သူ့စစ်တွေက ခရစ်ယာန်ဘာသာဝင်တွေ ကိုးကွယ်ယုံကြည်တန်ဖိုးထားရတဲ့ အဆောက်အဦးနေရာကို စစ်ရေးနေရာသတ်မှတ်ပြီး စစ်သင်တန်းပေးလုပ်ဆောင်နေတာက ဥပဒေကို ချိုးဖောက်နေတာဟုတ်တယ်။ နောက်ပြီး လူ့အဖွဲ့အစည်းမှာလည်း လုံးဝမလုပ်သင့်တဲ့ လုပ်ရပ်ဖြစ်တယ်”
နန့်မွန်မြို့မှာ KBC နဲ့ RC ဘုရားကျောင်းနှစ်ခုက အပေါ်အောက်နီးနီးမှာ ရှိပြီး ကချင်ခရစ်ယာန်ဘာသာဝင်တွေ ဝတ်ပြုကိုးကွယ်တဲ့နေရာတွေ ဖြစ်ပါတယ်။
ဒါပေမယ့် ကချင်ဒေသခံတွေ နေရပ်စွန့်ခွာသွားပြီးနောက် SNA ပြည်သူ့စစ်အဖွဲ့တွေက ကချင်ပြည်သူတွေရဲ့ နေအိမ်တွေနဲ့ ဘုရားကျောင်းဝင်းတွေမှာ ဝင်ရောက်နေရာယူလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဇွန်လကစပြီး နန့်မွန်မြို့က ကချင်ဒေသခံအများအပြားဟာ စစ်ရေးအခြေအနေကြောင့် နီးစပ်ရာဒေသတွေကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြပြီး လက်ရှိအချိန်အထိ နေရပ်မပြန်နိုင်သေးဘဲ စစ်ရှောင်အဖြစ် နေထိုင်နေကြရပါတယ်။
ကချင်ဒေသခံတွေ ထွက်ခွာသွားပြီးနောက် အစောပိုင်းမှာ SNA ပြည်သူ့စစ်အဖွဲ့တွေက KBC နဲ့ RC ဘုရားကျောင်းတွေအနီးမှာ နေရာယူခဲ့ကြပြီး နောက်ပိုင်းမှာ RC ဘုရားကျောင်းကို ရုံးချုပ်အဖြစ် သတ်မှတ်ကာ KBC ဘုရားကျောင်းဝင်းကို စစ်သင်တန်းပေးတဲ့နေရာအဖြစ် အသုံးပြုလာတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
By – နော်ထွယ့်(ဟူးကောင့်)



