မြစ်ကြီးနားလေယာဉ်လက်မှတ်တစ်စောင် အပြင်ဈေး ၁၆ သိန်းအထိ ရှိလာ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကို ပြေးဆွဲတဲ့ လေယာဉ်လက်မှတ်တွေကို တရားဝင်လေကြောင်းလိုင်းတွေကနေ ဝယ်ယူဖို့ ခက်ခဲနေတဲ့အတွက် အပြင်အေးဂျင့်တွေထံကနေ ဝယ်ယူနေရတယ်လို့ မြစ်ကြီးနားပြည်သူတွေက ပြောပါတယ်။
လက်ရှိ မြစ်ကြီးနားမှာ တရားဝင်လမ်းကြောင်းကနေ လက်မှတ်အချိန်မီ မရတဲ့သူတွေက မူရင်းဈေး ၈ သိန်းကနေ ၁၀ သိန်းဝန်းကျင်ရှိတဲ့ လေယာဉ်လက်မှတ်တွေကို အပြင်အေးဂျင့်တွေထံကနေ ၁၃ သိန်းကနေ ၁၆ သိန်းအထိ ပိုပေးပြီး ဝယ်နေရတယ်လို့ သိရပါတယ်။
“အေးဂျင့်တွေကနေ ဝယ်ရင် ပိုမြန်တယ်။ ဘယ်လိုလည်းတော့ မသိဘူး။ ဒါပေမယ့် ဈေးတော့ တော်တော်ကွာတယ်” လို့ ဒီရက်ပိုင်း မန္တလေးကနေ မြစ်ကြီးနားကို ပြန်လာတဲ့ ပြည်သူတစ်ဦးက ပြောပါတယ်။
တရားဝင်လေကြောင်းလိုင်းတွေဘက်ကတော့ မြစ်ကြီးနားကနေ တခြားမြို့တွေကို သွားမယ့်ခရီးစဉ်နဲ့ တခြားမြို့တွေကနေ မြစ်ကြီးနားကို လာမယ့်ခရီးစဉ်တွေအတွက် ခရီးစဉ်မတိုင်ခင် နှစ်ပတ်အလိုမှာ သက်ဆိုင်ရာလေကြောင်းလိုင်းတွေရဲ့ တရားဝင်ဖုန်းနံပါတ်ကနေ Viber နဲ့ ဆက်သွယ်ပြီး ကတ်နံပါတ်၊ မှတ်ပုံတင်နဲ့ အမည်တွေ ပေးကာ ကြိုတင်ဘိုကင်လုပ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။
ဒါပေမယ့် လက်တွေ့မှာတော့ သတ်မှတ်ထားတဲ့အချိန်အတိုင်း ကြိုတင်ဆက်သွယ်ထားပေမယ့် လက်မှတ်မရတဲ့သူတွေ ရှိနေသလို နောက်ကျမှ ဆက်သွယ်တဲ့သူတွေက လက်မှတ်ရသွားတာမျိုးလည်း ရှိနေတယ်လို့ လက်မှတ်ဝယ်ဖို့ ကြိုးစားခဲ့တဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
“သူတို့ရဲ့ လေယာဉ်လက်မှတ်ကလေ မဲဖောက်ပေးသလိုဘဲ။ ကျွန်မတောင် အံ့ဩတယ်။ ကျွန်မတို့ နှစ်ပတ်လောက် သွားစောင့်မေးတဲ့သူတွေက မရဘဲ တစ်ပတ်တည်းနဲ့ရပြီး နောက်ပတ်အတွက် လေယာဉ်လက်မှတ် ရသွားတဲ့သူတွေကိုလည်း တွေ့ရတယ်။ လက်တွေ့ဘဲ” လို့ ဆိုပါတယ်။
မြစ်ကြီးနားမြို့က သက်ဆိုင်ရာရုံးတွေကို လူကိုယ်တိုင်သွားမေးမြန်းတဲ့အခါမှာလည်း သက်ဆိုင်ရာလေကြောင်းလိုင်းတွေရဲ့ Viber နံပါတ်တွေကို ဆက်သွယ်ပြီး စာပို့ဖို့ပဲ အကြံပြုခံရတယ်လို့ ပြည်သူတချို့က ပြောပါတယ်။
ဒါပေမယ့် Viber ကနေ အကြောင်းပြန်လာဖို့ စာအဆက်မပြတ်ပို့တဲ့အခါ လေကြောင်းလိုင်းဘက်က စာဆက်မပို့ဖို့ ပြန်ပြောလာတာမျိုးလည်း ရှိတယ်လို့ ပြည်သူတစ်ဦးက သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားထားပါတယ်။
လေယာဉ်လက်မှတ်ဈေးနှုန်း မြင့်တက်လာတာကြောင့် အထူးသဖြင့် ဆေးခန်းပြဖို့ သွားရမယ့် အရေးပေါ်လူနာတွေနဲ့ အရေးကြီးကိစ္စရှိသူတွေအတွက် ခရီးသွားဖို့ ပိုခက်ခဲလာတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၅ ရက်က စစ်ကောင်စီအောက်က ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ မြစ်ကြီးနားအမတ် ဦးညွန့်ဝင်းက မန္တလေး–မြစ်ကြီးနား လေကြောင်းခရီးစဉ်တွေ တိုးချဲ့ပြေးဆွဲပေးဖို့နဲ့ မှောင်ခိုလက်မှတ် ရောင်းချတာတွေကို ထိန်းချုပ်ပေးဖို့ ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ဇွန်လ ၁၃ ရက်ကလည်း လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက သတ်မှတ်ဈေးနှုန်းထက် ပိုပေးပြီး လေယာဉ်လက်မှတ် ဝယ်ယူခဲ့ရရင် ခရီးသည်အမည်၊ ခရီးစဉ်အချက်အလက်၊ လက်မှတ်ဝယ်ယူတဲ့ရက်စွဲ၊ Booking PNR (သို့မဟုတ်) Ticket အမှတ်၊ Agent အမည်၊ ဝယ်ယူခဲ့ရတဲ့ဈေးနှုန်းနဲ့ ငွေပေးချေထားတဲ့ အထောက်အထားတွေကို ပူးတွဲပြီး သက်ဆိုင်ရာလေကြောင်းလိုင်းတွေထံ တိုက်ရိုက်တိုင်ကြားနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါပေမယ့် လက်ရှိမှာတော့ တရားဝင်လေကြောင်းလိုင်းတွေကနေ သတ်မှတ်ဈေးနဲ့ လက်မှတ်ရဖို့ ခက်ခဲနေပြီး လက်မှတ်လိုအပ်တဲ့သူတွေက အပြင်အေးဂျင့်တွေကို အားကိုးနေရတာကြောင့် မြစ်ကြီးနားလေယာဉ်လက်မှတ်တွေကို ၁၆ သိန်းအထိ ပေးဝယ်နေရတယ်လို့ ပြည်သူတွေက ပြောပါတယ်။
By – Hope




