မြစ်ကြီးနားမှာ ခိုးမှုများလာ၊ သူခိုးဖမ်းတဲ့အလုပ် ပြည်သူတွေကိုယ်တိုင် လုပ်နေရ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ အိမ်ဖောက်တာ၊ ခိုးမှုနဲ့ လုယက်မှုတွေ မကြာခဏဖြစ်လာပေမယ့် ခိုးဆိုးလုယက်သူတွေကို သက်ဆိုင်ရာက ထိထိရောက်ရောက် ဖမ်းဆီးအရေးယူပေးတာ မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဒါကြောင့် တချို့ခိုးမှုဖြစ်စဉ်တွေမှာ သူခိုးဖမ်းတဲ့အလုပ်ကို ပြည်သူတွေကိုယ်တိုင် လိုက်လုပ်နေရပြီး ရပ်ကွက်အတွင်း လုံခြုံရေးကိုလည်း ကိုယ်တိုင်စောင့်ကြည့်နေရတဲ့ အခြေအနေ ဖြစ်လာတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၉ ရက် မနက် ၃ နာရီနဲ့ ၄ နာရီကြားမှာ မြစ်ကြီးနားမြို့ လယ်ကုန်းရပ်ကွက်၊ နယ်မြေ ၂ မှာ နေအိမ်တစ်အိမ် ဖောက်ထွင်းခံရပြီး ဘက်ထရီဆိုင်ကယ်တစ်စီး ခိုးယူခံခဲ့ရပါတယ်။

သူခိုးတွေက သံပြားနဲ့ ကာထားတဲ့ ခြံစည်းရိုးကိုကျော်ဝင်ပြီး သော့ခတ်ထားတဲ့ တံခါးကိုဖွင့်ကာ ရေစုပ်စက်၊ အပ်ချုပ်စက်နဲ့ ပစ္စည်းတချို့ကို ထုပ်ပိုးယူဆောင်ခဲ့တယ်လို့ သိရပါတယ်။

ဘက်ထရီဆိုင်ကယ်ကို အပြင်ထုတ်နေချိန်မှာ အသံကြားပြီး အိမ်ရှင်တွေ နိုးလာတာကြောင့် သူခိုးတွေ ထွက်ပြေးသွားပြီး ဆိုင်ကယ်တစ်စီးကိုပဲ ယူဆောင်သွားခဲ့တယ်လို့ အိမ်ရှင်မိသားစုနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

“နယ်မြေမှူးကို ပြောတော့ နယ်မြေမှူးက ရဲကိုတော့ပြောပေးပေမယ့် ဘာမှအရေးမယူပေးဘူး။ ဘာမှလာမလုပ်ပေးဘူး။ အုပ်ချုပ်ရေးမှူးကိုပြောတော့ ရဲစခန်းသွားတိုင်ဆိုပြီးပြောတော့ ရဲစခန်းသွားတိုင်ပေမယ့် အမှုဘဲဖွင့်ပြီး ဘာမှလာမကြည့်ပေးဘူး။ ဘာမှလဲမလုပ်ပေးဘူး” လို့ သူက ပြောပါတယ်။

မြစ်ကြီးနားမှာ ခိုးမှုတွေ မကြာခဏဖြစ်လာပေမယ့် ရဲဘက်က ထိထိရောက်ရောက် လိုက်ဖမ်းပေးတာ မရှိတာကြောင့် တချို့ဖြစ်စဉ်တွေမှာ ပြည်သူတွေကိုယ်တိုင် လိုက်ဖမ်းပြီး ဖမ်းဆီးရမိတာတွေ ရှိလာတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဖမ်းဆီးရမိသူတချို့ကို စစ်ဆေးမေးမြန်းတဲ့အခါ သက်ဆိုင်ရာအဖွဲ့တွေနဲ့ ပတ်သက်မှုရှိတယ်လို့ သိရပြီး ဖမ်းဆီးခံရပြီး မကြာခင် ပြန်လွတ်လာတာတွေရှိတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

“ကျွန်တော်တို့ တချို့ ဖမ်းဆီးရမိတဲ့သူတွေကို စစ်ဆေးမေးမြန်းတဲ့အခါ သူတို့ရဲ့ လူဟုတ်တယ်ဆိုတာကို သိခဲ့ရတာပေါ့။ ပြီးတော့ ဖမ်းမိရင်လည်း ခဏလေးနဲ့ ပြန်လွှတ်လာကြတာ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ပြည်သူတွေရဲ့ပြောပြချက်အရ မြစ်ကြီးနားမှာ ခိုးမှုတွေ ဆက်ဖြစ်နေရတဲ့အကြောင်းရင်းထဲမှာ ခိုးရာပါပစ္စည်းတွေကို လက်ခံဝယ်ယူနေတဲ့သူတွေရှိတာလည်း ပါတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ခိုးလာတဲ့ ဆိုင်ကယ်၊ ဖုန်းနဲ့ ရွှေတွေကို ဈေးကောင်းပေးဝယ်ယူပြီး ပစ္စည်းအစိတ်အပိုင်းတွေ လဲတာ၊ ပုံစံပြောင်းတာတွေလုပ်ကာ ပြန်ရောင်းနေကြတဲ့အဖွဲ့တွေလည်းရှိတယ်လို့ ရမ်ပူရပ်ကွက်နေပြည်သူတစ်ဦး ပြောပါတယ်။

“ခိုးသွားတဲ့ ဆိုင်ကယ်၊ ဖုန်း၊ ရွှေတွေကို ဝယ်တဲ့လူတွေ ရှိတယ်ဆိုတာ ရပ်ကွက်ထဲမှာ တော်တော်များများ သိနေကြပါတယ်။ ဝယ်ပြီးရင် အစိတ်အပိုင်းတွေ လဲတာ၊ ပုံစံပြောင်းတာတွေလုပ်ပြီး ပြန်ရောင်းနေကြတာပါ။ ဒီလိုလုပ်နေတာ ကြာပြီဖြစ်ပေမယ့် ထိထိရောက်ရောက် အရေးယူတာတော့ မတွေ့ရသေးပါဘူး” လို့ ပြောပါတယ်။

ခုလို ခိုးရာပါပစ္စည်းတွေကို လက်ခံဝယ်ယူတဲ့နေရာတွေရှိနေတာကြောင့် ခိုးသူတွေအတွက် ခိုးယူလာတဲ့ပစ္စည်းကို အလွယ်တကူ ငွေပြန်ဖော်နိုင်တဲ့ ဈေးကွက်တစ်ခု ရှိနေသလို ဖြစ်နေပြီး ခိုးမှုတွေ ဆက်ဖြစ်လာစေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရမ်ပူရပ်ကွက်မှာတော့ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အစပိုင်းကတည်းက ခိုးရာပါပစ္စည်းရောင်းသူ၊ ဝယ်သူတွေ တွေ့ဆုံတဲ့နေရာတစ်ခုအဖြစ် လက်ဖက်ရည်ဆိုင်တစ်ဆိုင်ကို အသုံးပြုနေတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။

“သူခိုးကိုပဲ ဖမ်းနေရုံနဲ့ မလုံလောက်ဘူး။ ခိုးရာပါပစ္စည်းတွေကို ဈေးကောင်းပေးဝယ်နေတဲ့သူတွေ ရှိနေလို့ပဲ ခိုးမှုတွေ မရပ်တာပါ။ ဒီအဖွဲ့တွေကို ဖော်ထုတ်အရေးယူမှ ခိုးမှုတွေလည်း လျော့သွားမှာ ဖြစ်ပါတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

လက်ရှိမှာ တပ်ကုန်းရွှေလမ်းမ၊ ရမ်ပူ၊ အေးမြသာယာ၊ ဒူကထောင်၊ စီတာပူ၊ ရွှေစက်၊ မန်ခိန်နဲ့ မြို့သစ်ကြီး စတဲ့ မြစ်ကြီးနားမြို့ပေါ် ရပ်ကွက်တွေမှာ ခိုးမှုနဲ့ လုယက်မှုဖြစ်စဉ်တွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မူးယစ်ဆေးဝါးနဲ့ လောင်းကစားပြဿနာတွေ၊ အပြင်ကလူတွေ ဝင်ရောက်နေထိုင်လာတာတွေကလည်း မြို့ပေါ် လုံခြုံရေးအခြေအနေကို ပိုဆိုးလာစေတယ်လို့ ဆိုပါတယ်။

ဒါကြောင့် ခိုးမှုဖြစ်ပြီးမှ သူခိုးတစ်ဦးချင်းကို လိုက်ဖမ်းတာထက် ခိုးရာပါပစ္စည်းတွေကို လက်ခံဝယ်ယူနေတဲ့သူတွေ၊ ပြန်လည်ရောင်းချနေတဲ့ လမ်းကြောင်းတွေနဲ့ အဖွဲ့တွေကိုပါ စုံစမ်းဖော်ထုတ်ပြီး အရေးယူပေးဖို့ လိုအပ်တယ်လို့ မြစ်ကြီးနားမှာနေထိုင်တဲ့ပြည်သူတွေ တောင်းဆိုနေကြပါတယ်။

By – Hope

Show More

Leave a Reply

Back to top button