အင်းတော်တိုက်ပွဲတွင် စစ်တပ်စစ်ကြောင်း အထိနာနေပြီး အလောင်း ၅၀ ကျော် လမ်းဘေးစွန့်ပစ်ခဲ့
စစ်ကိုင်းနဲ့ ကချင်အစပ်၊ အင်းတော်မြို့နယ် မန္တလေး–မြစ်ကြီးနား ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကော်မရှင်တပ်ဘက်က အကျအဆုံးများပြားနေတယ် လို့ ဒေသတွင်းမြေပြင်သတင်းတွေအရသိရပါတယ်။
မနေ့က အောက်တိုဘာလ ၂၅ ရက်နေ့အထိ အင်းတော်မြို့နယ် လယ်ပြင်ရွာဘက်ကို ရောက်ရှိနေတဲ့ စစ်ကော်မရှင်စစ်ကြောင်းနဲ့ တော်လှန်ရေးအင်အားစုတွေအကြားတိုက်ပွဲပြင်းထန်နေပြီး တိုက်ပွဲတွေအတွင်း စစ်တပ်ဘက်က အထိနာနေသလို တပ်စိတ်တွေ အားလုံးနီးပါး ပြုတ်လုနီးပါးဖြစ်နေပြီလို့ ဒေသခံတွေကဆိုကြပါတယ်။
ဒေသခံတစ်ဦးက“ အင်းတော်မြို့နယ် မဲဇာ လယ်ပြင်ကို ရောက်နေတဲ့ စကစ စစ်ကြောင်းက အခြေနေသိပ်မဟန်ဘူးတဲ့နော်။ တပ်စိတ်အကုန်လုံး နီးပါးပြုတ်လုနီးပါးဖြစ်ပြီ။ တပ်စိတ် ၂စိတ်လောက်ပဲကျန်တယ်လို့ပြောနေတယ်။”
လို့ မြေပြင်အခြေနေကိုပြောပြပါတယ်။
လက်ရှိတော့ တပ်စိတ် ၂ စိတ်ခန့်သာ ကျန်ရှိတော့ပြီး အဲ့တပ်စိတ်တွေပါ အလင်းဝင်သွားတယ်လို့ သတင်းတွေထွက်ပေါ်နေပေမဲ့ တရားဝင် အတည်ပြုချက်ရယူနိုင်ဖို့ ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။
တစ်ဖက်မှာတော့ မန္တလေး–မြစ်ကြီးနားပြည်ထောင်စုလမ်းမကြီးနဘေးက ကျေးရွာတွေထဲမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေက တိုက်ပွဲအတွင်းသေဆုံးသွားတဲ့ သူတို့ရဲ့တပ်ဖွဲ့ဝင် ရုပ်အလောင်းတွေ ကို စနစ်တကျ သင်္ဂြိုဟ်ခြင်းမရှိဘဲ ဖြစ်သလို မြှုပ်နှံစွန့်ပစ်ခဲ့ တယ်လို့ဆိုပါတယ်။
အဲ့ဒီရုပ်အလောင်းတွေဟာ ပုပ်နံ့တွေ ပြင်းထန်စွာထွက်ပေါ်နေပြီး ဒေသခံအရပ်သားတွေက ကိုယ်ထူကိုယ်ထ ပြန်လည်တူးဖော် ကာ မီးရှို့သင်္ဂြိုဟ်ပေးနေကြရပါတယ်။

ဒေသခံတွေဆီက ရရှိထားတဲ့ မြေပြင်သတင်းအချက်အလက်တွေအရ ပြည်ထောင်စုလမ်းမကြီးဘေးမှာရှိတဲ့ နန့်သဲရွာတစ်ရွာ တည်းမှာဘဲ စစ်ကော်မရှင်တပ်သားရုပ်အလောင်း ၄၀ ကျော် တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် စစ်ကောင်စီစစ်ကြောင်းတွေ ဖြတ်သန်းစီးနင်းသွားခဲ့တဲ့ ရွာနဘေး၊ လမ်းနဘေးနဲ့ ကျေးရွာတွေရှိ သောက်သုံးရေတွင်း တွေထဲမှာပါ ရုပ်အလောင်းတွေကို ပစ်ထည့်စွန့်ပစ်ခဲ့ကြလို့ လက်ရှိအချိန်ထိ ဒေသခံတွေ ရှာဖွေတွေ့ရှိထားတဲ့ ရုပ်အလောင်း စုစုပေါင်း ၅၀ ကျော်အထိ ရှိလာပြီဖြစ်ကြောင်း သိရပါတယ်။
လက်ရှိ မြေပြင်မှာ ရုပ်အလောင်းတွေကို ပြန်လည်တူးဖော် သင်္ဂြိုဟ်ပေးနေရင်းတွေ့ရတဲ့ ရုပ်အလောင်းတွေဟာ ပြည်သူ့စစ်မှုထမ်း ဥပဒေ နဲ့ လိုက်ပါလာတဲ့လူငယ်တွေအများစုတွေ့ရတယ်လို့ ဆိုပါတယ်။
“အဓိကက ပေါ်တာဆွဲထားတဲ့လူငယ်တွေပေါ့နော်။ သူတို့အဓိက အများဆုံးသေတာပဲ။ တူးဖော်လိုက်တဲ့အချိန်မှာ တော်တော် များများက လူငယ်တွေပဲ။ အဲ့လိုအရွယ်လူငယ်တွေပဲ။ အဓိကကတော့ နန့်သဲရွာမှာပေါ့လေ။ အဲ့ရွာက ကားလမ်းနဘေးမှာရှိတာ။ ဒီရွာမှာပဲကို အလောင်း ၄၀ ကျော်တွေ့တယ်တဲ့။ နန့်သဲမြောက်ဖက်ထိပ်က နောင်မိုးရွာဘုန်းကြီးကျောင်းမှာက အလောင်း ၃ လောင်းတွေ့တယ်။ နောင်မိုးနဲ့ နန့်သဲရွာကြား ဆီဆိုင်က ရေတွင်းထဲမှာပစ်ထားတာက အလောင်းနှစ်လောင်းတွေ့တယ်။“လို့ ဒေသခအမျိုးသားမျိုးသားတစ်ဦးကပြောပါတယ်။
စစ်ကော်မရှင်တပ်ဟာ သေဆုံးသွားတဲ့ သူတို့ရဲ့တပ်ဖွဲ့ဝင်အလောင်းတွေကို ဖြစ်သလို မြေမြှုပ်ခဲ့ရုံတင်မကဘဲ ကျေးရွာသောက်သုံး ရေတွင်းတွေထဲ ပစ်ထည့်ခဲ့တဲ့အတွက် ဒေသခံအရပ်သားတွေ ရေရှည်ရေတွင်းအသုံးပြုမှုနဲ့ ပတ်သက်ပြီး ကြီးမားတဲ့ ဒုက္ခတွေနဲ့ ရင်ဆိုင်နေရကြောင်းကိုလည်း အဲ့ဒီ ဒေသခံက ဆက်လက်ပြောပြပါတယ်။
မြေပြင်စစ်ရေးအခြေအနေအရ စစ်ကော်မရှင်တပ်ဟာ အင်းတော်မြို့နယ်အတွင်း စစ်ကြောင်းထိုးလှုပ်ရှားနေပေမဲ့ နယ်မြေကို စိုးမိုးထားနိုင်ခြင်းမရှိဘဲ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ကြားဖြတ်တိုက်ခိုက်မှုတွေကြောင့် လမ်းခုလတ်မှာ တပ်စိတ်လိုက် ပြုတ်လု နီးပါး အထိနာနေကြောင်း သိရပါတယ်။
တိုက်ပွဲအခြေအနေနဲ့ စစ်ကော်မရှင်တပ်ရဲ့ နယ်မြေစိုးမိုးမှုမရှိပုံကိုလည်း ရှေ့တန်းနဲ့နီးစပ်တဲ့ ဒေသခံတစ်ဦးက အခုလို သုံးသပ် ပြောဆိုထားပါတယ်။
“မြေပြင်အခြေနေက စစ်ရေးမှာက သူတို့က စစ်ကြောင်းထိုးနေမဲ့ စစ်ကြောင်းပဲထိုးနိုင်တာ။ သူတို့ရွာတွေမှာ တပ်မစွဲနိုင်ဘူး။ ကျနော်တို့ မဲဇာတို့ နန့်သဲတို့ဆို သူတို့ဝင်တယ်နော်။ ဝင်ပြီးရင် သူတို့စစ်ကြောင်းဆက်ထိုးတယ်။ ဝန်းသိုနဲ့ ကျောင်းကုန်းဘက်ကို။ ဒါပေမဲ့ ရွာထဲမှာ သူတို့ထားခဲ့ဖို့အတွက် အင်အားမရှိဘူး။ လမ်းကြောင်းတစ်ခုလုံးထိန်းသွားနိုင်တာတော့မဟုတ်ဘူး။ သူတို့တွေ စစ်ကြောင်းထိုးနေတဲ့ပုံစံမျိုးပဲ။”
သူကဆက်လက်ပြီးတော့ လက်ရှိမြေပြင်မှာ စစ်ရေးအသာစီးရနေတာဟာ တော်လှန်ရေးအင်အားစုတွေဘက်ကဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်စစ်ကြောင်းဟာ မဲဇာကနေ ထွက်ခွာပြီး ကျောင်းကုန်းဘက်ကို ဦးတည်စစ်ကြောင်းထိုးဖို့ ကြိုးစားနေပေမဲ့ ၆ မိုင်မှ ၈ မိုင်ခန့်သာရှိတဲ့ လမ်းခုလတ်တစ်လျှောက်မှာတင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေရဲ့ ကြားဖြတ်တိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန် ခံနေရတာလို့ ဆိုပါတယ်။
ဒါပေမဲ့ စစ်ကော်မရှင်တပ်ကတော့ ပြီးခဲ့တဲ့ အောက်တိုဘာလ ၅ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ ၂ ပတ်အတွင်း မန္တလေး–မြစ်ကြီးနား ပြည်ထောင်စုလမ်းမပေါ်မှာရှိတဲ့ အင်းတော်မြို့နယ်ထဲက ရွာတွေကို ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း အောက်တိုဘာလ ၂၁ ရက်နေ့ ရက်စွဲနဲ့ တရားဝင်ထုတ်ပြန်ထားပါတယ်။
စစ်ကော်မရှင်တပ်ဟာ အောက်တိုဘာ လဆန်းပိုင်းကတည်း မန္တလေး–မြစ်ကြီးနား ပြည်ထောင်စု လမ်းမကြီးကိုထိန်းချုပ်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။
By – အမိုး




