ဆင်မုန်ယိုလို့ ၃ နှစ်အတွင်း လူ ၁၅ ဦးထက်မနည်း သေဆုံး
ကချင်ပြည်နယ် တနိုင်းမြို့နယ်မှာ ဆင်မုန်ယိုပြီး လူတွေကို လိုက်လံရန်ပြုတာကြောင့် နှစ်စဉ်လိုလို လူသေဆုံးမှုတွေ ဖြစ်နေပြီး ၃ နှစ်တွင်း သေဆုံးသူ ၁၅ ဥိးထက်မနည်းရှိလာပြီလို့ ဒေသခံတွေပြောပါတယ်။
ဒေသခံတွေကိုမေးမြန်းထားတဲ့ အချက်အလက်တွေအရ ၂၀၂၄ ခုနှစ်ကနေ ၂၀၂၆ ခုနှစ်အထိ ၃ နှစ်အတွင်း မုန်ယိုနေတဲ့ဆင်ကြောင့် လူ ၁၅ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၃ ရက်က သစ်တုံးဆွဲတာနဲ့ ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေအတွက် ငှားရမ်းထားတဲ့ ဆင်တစ်ကောင် မုန်ယိုလာပြီး တနိုင်းမြို့နယ် တရုံချောင်းတစ်လျှောက်က လူတွေကို လိုက်လံရန်ပြုခဲ့တာကြောင့် အောက်တိုဘာ ၂၇ ရက်အထိ လူ ၆ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦး ပြောပါတယ်။
“သစ်တုံးဆွဲဖို့နဲ့ ကုန်တွေ သယ်ယူပို့ဆောင်ဖို့ အသုံးပြုတဲ့ဆင်ပါ။ ဆင်ပိုင်ရှင်တွေဆီက ငှားပြီး လုပ်ငန်းခိုင်းနေရာကနေ မုန်ယိုလာပြီး လူတွေကို အန္တရာယ်ပြုတာပါ။ အတည်ပြုနိုင်တာ လူ ၆ ဦးရှိတယ်။ နောက်ထပ် ၂ ဦးကတော့ အတည်မပြုနိုင်သေးဘူး” လို့ တနိုင်းဒေသခံတစ်ဦးက ပြောပါတယ်။
ဒါပေမယ့် နောက်ထပ် ၂ ဦး သေဆုံးခဲ့တယ်ဆိုတဲ့ သတင်းကိုတော့ အတည်မပြုနိုင်သေးဘူးလို့ တနိုင်းဒေသခံတစ်ဦးက ပြောပါတယ်။
လူ ၆ ဦးထက်မနည်းကို သေဆုံးစေခဲ့တဲ့ အဲဒီဆင်ကို ဒေသခံတွေနဲ့ ဖမ်းဆီးရေးအဖွဲ့တွေက ၇ ရက်ကြာ လိုက်လံရှာဖွေခဲ့ပြီးနောက် အောက်တိုဘာ ၂၉ ရက် ဒီနေ့မှာ သေနတ်နဲ့ ပစ်သတ်ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။
သေဆုံးသူ ၆ ဦးထဲမှာ အမျိုးသမီး ၂ ဦးနဲ့ အမျိုးသား ၄ ဦး ပါဝင်ပါတယ်။
ဒေသခံတွေရဲ့ ပြောပြချက်အရ အဲဒီဆင်ဟာ အလုပ်လုပ်နေရာကနေ ခဏနားပြီး လွတ်ထားချိန်မှာ မုန်ယိုလာတာဖြစ်တယ်လို့ သိရပါတယ်။
ဆင်မုန်ယိုလာပြီးနောက် တရုံချောင်းတစ်လျှောက် သွားလာနေသူတွေကို လိုက်လံရန်ပြုခဲ့သလို တချို့ကို တောင်ယာအခင်းတွေသွားတဲ့ လမ်းမှာ ရန်ပြုခဲ့ပြီး တချို့ကိုတော့ ချောင်းထဲမှာ ဟင်းသီးဟင်းရွက်ဆေးနေချိန် နင်းသတ်ခဲ့တယ်လို့ သိရပါတယ်။
“အလုပ်နားပြီး လွတ်ထားတဲ့အချိန်မှာ အဲဒီနား သွားလာနေတဲ့လူတွေကို ရန်ပြုတာပါ။ တချို့က တောင်ယာအခင်းသွားတဲ့လမ်းမှာ ရန်ပြုခံရပြီး သေဆုံးတယ်။ တချို့ကတော့ တရုံချောင်းမှာ ယာခင်းကနေ ယူလာတဲ့ ဟင်းသီးဟင်းရွက်တွေ ဆေးနေချိန် ရန်ပြုခံရတာပါ။ တစ်ဦးနဲ့တစ်ဦး ရန်ပြုခံရတဲ့နေရာ မတူဘူး” လို့ နောက်ထပ် ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
ဆင်မုန်ယိုတာနဲ့ ပတ်သက်ပြီး ဆင်အုပ်ထိန်းသူတွေက ဆင်ကို အလုပ်ကြမ်း မခိုင်းဘဲ အချိန်ကြာကြာထားတဲ့အခါ မုန်ယိုလာနိုင်တယ်လို့ ပြောကြောင်း ဒေသခံတစ်ဦးက ပြောပါတယ်။

တနိုင်းဒေသမှာ ဆင်မုန်ယိုပြီး လူသေဆုံးတဲ့ဖြစ်စဉ်တွေ နှစ်စဉ်လိုလို ဖြစ်နေတယ်လို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်း မုန်ယိုနေတဲ့ဆင်ကြောင့် လူ ၅ ဦး သေဆုံးခဲ့ပြီး ၂၀၂၅ ခုနှစ်မှာလည်း လူ ၄ ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။
ဒီ ၂၀၂၆ ခုနှစ်မှာတော့ အခုဖြစ်စဉ်အပါအဝင် လူ ၆ ဦးထက်မနည်း သေဆုံးခဲ့တာကြောင့် KNG ရရှိထားတဲ့ အချက်အလက်အရ ၃ နှစ်အတွင်း သေဆုံးသူ ၁၅ ဦးထက်မနည်း ရှိလာတာဖြစ်ပါတယ်။
သတင်းမထွက်ခဲ့တဲ့ သေဆုံးမှုတွေလည်း ရှိနိုင်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ကချင်ပြည်နယ်မှာ ဆင်ရန်ပြုလို့ လူသေဆုံးတဲ့ဖြစ်စဉ်တွေဟာ တနိုင်းမြို့နယ်တစ်ခုတည်းမှာသာ ဖြစ်ပွားတာမဟုတ်ပါဘူး။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၃ ရက် ညနေပိုင်းက မြစ်ကြီးနား–ပူတာအိုလမ်း ဆွမ်ပရာဘွမ်အထက်ပိုင်းမှာ တောဆင်ရိုင်းတစ်ကောင်က လမ်းပေါ်သွားလာနေတဲ့ ကားတွေကို ရန်ပြုခဲ့တာကြောင့် ကားသမားတစ်ဦး သေဆုံးခဲ့ပြီး ကုန်တင်ကားအပါအဝင် ခရီးသွားကား ၄ စီး ချောက်ထဲကျ ပျက်စီးခဲ့ပါတယ်။
နောက်ထပ် ၂၀၂၃ ခုနှစ် ဇွန်လကလည်း ဆွမ်ပရာဘွမ်လမ်း ဖုန်ချန်းကျေးရွာအနီး ဆွမ်ပီယန်ချောင်းမှာ ငါးရှာထွက်တဲ့ လူငယ် ၃ ဦးကို တောဆင်ရိုင်းတစ်ကောင်က လိုက်လံရန်ပြုခဲ့တာကြောင့် လူငယ်တစ်ဦး သေဆုံးခဲ့ပါတယ်။
ဆင်မုန်ယိုတာဟာ အရွယ်ရောက်ပြီးတဲ့ ဆင်ထီးတွေမှာ ဟော်မုန်းအပြောင်းအလဲကြောင့် ဖြစ်ပေါ်လာတဲ့ သဘာဝဖြစ်စဉ်တစ်ခုဖြစ်ပြီး မုန်ယိုချိန်မှာ ဆင်တချို့ဟာ ရန်လိုတဲ့အပြုအမူတွေ ပြသလာနိုင်တယ်လို့ ကုလသမဂ္ဂ စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့ (FAO) ရဲ့ ဆင်စောင့်ရှောက်ရေးလမ်းညွှန်မှာ ဖော်ပြထားပါတယ်။
By – ဂျာဘောက်ရာ




