မြန်မာ-အိန္ဒိယနယ်စပ်ကုန်သွယ်ရေးလမ်းဖွင့်ပေမယ့် ဈေးအကန့်အသတ်နဲ့ ပြန်ဖွင့်

တိုက်ပွဲကြောင့် ပိတ်ထားတဲ့ စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ မြန်မာ–အိန္ဒိယ နှစ်နိုင်ငံနယ်စပ်ဈေးနဲ့ ကုန်သွယ်ရေးလမ်းကို ပြန်ဖွင့်ပေးလိုက်ပြီဖြစ်ပေမဲ့ အရင်လို ပုံမှန်ဖွင့်လှစ်ခွင့်မရသေးဘဲ ကန့်သတ်ချက်တွေနဲ့သာ လည်ပတ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၉ ရက်က ပန်ဆောင်မြို့ အနောက်တောင်ဘက် မြန်မာ–အိန္ဒိယနယ်စပ် မှတ်တိုင်အမှတ် ၁၇၂ အနီးမှာ အိန္ဒိယနယ်စပ်လုံခြုံရေးတပ်ဖွဲ့ (21 Assam Rifles) နဲ့ နာဂလက်နက်ကိုင်တပ်ဖွဲ့ NSCN-K (ဗိုလ်ချုပ်ယုန်းအောင်) တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် အိန္ဒိယဘက်က နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးလမ်းနဲ့ နယ်စပ်ဈေးတွေကို ပိတ်ထားခဲ့တာဖြစ်ပါတယ်။

ပိတ်ထားတဲ့ နယ်စပ်ဈေးနဲ့ ကုန်သွယ်ရေးလမ်းကို အောက်တိုဘာ ၃၁ ရက်မှာ ပြန်ဖွင့်ပေးခဲ့ပေမဲ့ အရင်လို နေ့စဉ်သွားလာခွင့်မရတော့ဘဲ ၁၀ ရက်မှာ တစ်ကြိမ်သာ ဈေးဝယ်သွားလာခွင့်ပြုထားတယ်လို့ ပန်ဆောင်မြို့ခံအမျိုးသားတစ်ဦးက KNG ကို ပြောပါတယ်။

“ပြန်တော့ ဖွင့်လိုက်ပြီ။ နယ်စပ်ဈေးရော၊ နယ်စပ်ကုန်သွယ်ရေးလမ်းရော ဖွင့်ပေးလိုက်တယ်။ ဒါပေမဲ့ အရင်လိုတော့ မဟုတ်ဘူး။ အရင်က နာမ်ပေါင်မြို့ (အိန္ဒိယဘက်ခြမ်းက နယ်စပ်မြို့) အထိ ဈေးဝယ်သွားလို့ရတယ်။ အခုက ၁၀ ရက်မှ တစ်ကြိမ်ပဲ သွားလို့ရတယ်။ အရင်လို ပုံမှန်အခြေအနေတော့ မဟုတ်သေးဘူး”လို့ သူက ပြောပါတယ်။

PSA

ပုံမှန်အခြေအနေမှာ မြန်မာဘက်ခြမ်းက ပြည်သူတွေဟာ အိန္ဒိယနိုင်ငံဘက်ကို နေ့စဉ် ဈေးဝယ်သွားလာခွင့်ရခဲ့ပေမဲ့ လက်ရှိမှာတော့ နယ်စပ်လုံခြုံရေးအခြေအနေကြောင့် ၁၀ ရက်မှာ တစ်ကြိမ်သာ သွားလာခွင့်ပြုထားတာဖြစ်ပါတယ်။

အလားတူ မြန်မာ–အိန္ဒိယ နှစ်နိုင်ငံနယ်စပ်မျဉ်းပေါ်မှာ တည်ရှိတဲ့ နယ်စပ်ဈေးကိုလည်း ၁၀ ရက်မှာ တစ်ကြိမ်သာ ဖွင့်လှစ်ခွင့်ပြုထားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အခုလို နယ်စပ်ဈေးနဲ့ ကုန်သွယ်ရေးလမ်းကို ၁၀ ရက်မှာ တစ်ကြိမ်သာ ဖွင့်လှစ်ခွင့်ပြုထားတာကြောင့် အိန္ဒိယဘက်က ကုန်ပစ္စည်းတွေကို အဓိကအားထားနေရတဲ့ မြန်မာဘက်ခြမ်းက ပြည်သူတွေ စားနပ်ရိက္ခာဝယ်ယူသယ်ဆောင်ရာမှာ အခက်အခဲဖြစ်နေတယ်လို့ ဒေသခံတစ်အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“၁၀ ရက်မှ တစ်ကြိမ်ဆိုတော့ ပြည်သူတွေ စားနပ်ရိက္ခာသယ်ယူဖို့ အခက်အခဲဖြစ်တာပေါ့။ အဲဒီတစ်ကြိမ် သွားတဲ့အခါမှာလည်း ကုန်ပစ္စည်းတွေကို ကြိုက်သလောက် သယ်လို့မရဘူး။ အကန့်အသတ်နဲ့ပဲ သယ်လို့ရတယ်။ ၁၀ ရက်တစ်ကြိမ်ဆိုတာ နည်းလွန်းတယ်။ ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန်ကအစ အိန္ဒိယဘက်ကိုပဲ အားကိုးနေရတာဆိုတော့ အဆင်မပြေဘူး” လို့ သူက ပြောပါတယ်။

မြန်မာ–အိန္ဒိယ နယ်စပ်ဈေးနဲ့ ကုန်သွယ်ရေးလမ်းကို နယ်စပ်လုံခြုံရေးအခြေအနေကြောင့် စစ်ရေးအကြောင်းပြချက်နဲ့ အိန္ဒိယအစိုးရဘက်က ပိတ်ထားခဲ့တာဖြစ်ပါတယ်။ 

လက်ရှိမှာတော့ နှစ်နိုင်ငံနယ်စပ်တစ်လျှောက် ပုံမှန်အခြေအနေ ပြန်ဖြစ်နေပြီလို့ NSCN-K (YA) ဘက်က KNG ကို အတည်ပြုပြောဆိုထားပါတယ်။

စက်တင်ဘာ ၂၉ ရက်က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း အိန္ဒိယနယ်စပ်လုံခြုံရေးတပ်ဖွဲ့ဘက်က စစ်သားတစ်ဦး သေဆုံးပြီး လေးဦး ရခဲ့တယ်လို့ သိရပါတယ်။

ပန်ဆောင်မြို့နယ်ခွဲတစ်ဝိုက်နဲ့ မြန်မာ–အိန္ဒိယနယ်စပ်တစ်လျှောက်မှာတော့ NSCN-K (YA) တပ်ဖွဲ့တွေ ပုံမှန်လှုပ်ရှားသွားလာနေပြီး ၂၀၂၅ ခုနှစ်အတွင်း အိန္ဒိယနယ်စပ်လုံခြုံရေးတပ်ဖွဲ့နဲ့ ငါးကြိမ်ထက်မနည်း ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

By – Zaw Zaw

Show More

Leave a Reply

Back to top button