မုန်ယိုပြီး လူ ၃ ဦးအထိနင်းသတ်ထားတဲ့ဆင်ကို မဖမ်းနိုင်သေးလို့ ခရီးသွားတွေ အခက်တွေ့နေ
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ် ရှင်ဗွေယန်–တနိုင်း ကားလမ်းပိုင်းမှာ မုန်ယိုပြီး လူ ၃ ဦးအထိ သတ်ထားတဲ့ ဆင်ထီးတစ်ကောင်ကို ဒီနေ့အထိ ဖမ်းဆီးနိုင်ခြင်းမရှိသေးတာကြောင့် ခရီးသွားပြည်သူတွေ သွားလာရေးအခက်အခဲ ကြုံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တနိုင်းမြို့နဲ့ ရှင်ဗွေယန်မြို့ကြား ပန္နက်ကျေးရွာအနီးမှာ နိုဝင်ဘာ ၂၄ ရက်ကစပြီး ဆင်ထီးတစ်ကောင် မုန်ယိုနေပြီး လိုက်လံတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၃ ဦး သေဆုံးခဲ့ပါတယ်။
အဒီဆင်ကို ဒေသခံတွေ ဝိုင်းဝန်းဖမ်းဆီးဖို့ ကြိုးစားနေကြပေမဲ့ မဖမ်းနိုင်သေးတာကြောင့် ခရီးသွားတွေဟာ ဆင်ရှိနေတဲ့ လမ်းပိုင်းကို ဖြတ်သွားဖို့ စောင့်ဆိုင်းနေရတယ်လို့ တနိုင်းမြို့ခံ ခရီးသွားတစ်ဦးက KNG ကို ပြောပါတယ်။
“ဖမ်းဖို့တော့ ကြိုးစားနေကြတာပဲ။ အခုထိ မဖမ်းနိုင်သေးတော့ ခက်နေတယ်။ ခရီးသွားတွေလည်း အဲဒီဆင်ကြီး လမ်းပေါ်ရောက်နေပြီဆိုရင် အကြာကြီးစောင့်နေရတယ်။ ကြောက်ကြတာပေါ့။ လူသုံးယောက်တောင် နင်းသတ်ထားတာ တချို့ဆို အကြောင်းမသိဘဲ အနားရောက်လာမှ ပြေးကြလွှားကြတာရှိတယ်။ အခုရက်ပိုင်းတော့ အခြေအနေကို ကြည့်ပြီး သွားလာနေရတယ်” လို့ သူက ပြောပါတယ်။
မုန်ယိုနေတဲ့ ဆင်ဟာ ပန္နက်ကျေးရွာအနီး တနိုင်း–ရှင်ဗွေယန် ကားလမ်းမပေါ်မှာ နေ့ခင်းဘက် ပုံမှန်သွားလာနေတာကြောင့် ခရီးသွားတွေ ဖြတ်သန်းဖို့ ကြောက်ရွံ့နေကြပြီး တချို့ခရီးသွားတွေဟာ တရုံကျေးရွာမှာ ညအိပ်စောင့်ဆိုင်းပြီးမှ ခရီးဆက်နေရတယ်လို့ သိရပါတယ်။
“ကျွန်မတို့ တနိုင်းဆင်းမလို့ ရောက်တာစောတယ်။ အဲဒီဆင်ကြီးက လမ်းပေါ်ကနေ မထွက်ဘဲ လျှောက်သွားနေတော့ မဖြတ်ရဲဘူးလေ။ အဲဒါနဲ့ တရုံမှာ တစ်ညအိပ်ပြီး နောက်နေ့မနက်အစောကြီးမှ သွားခဲ့ရတယ်။ တချို့တွေလည်း အဲဒီဆင်ကို ကြောက်လို့ မသွားရဲဘဲ ညအိပ်စောင့်နေကြရတယ်” လို့ ခရီးသွားပြည်သူတစ်ဦးက ပြောပါတယ်။
ပုံမှန်အားဖြင့် တနိုင်းမြို့နဲ့ ရှင်ဗွေယန်မြို့ကြား ကားမောင်းချိန် ၄ နာရီခန့်သာ ကြာမြင့်ပေမဲ့ လက်ရှိမှာ ဆင်အန္တရာယ်ကြောင့် ခရီးသွားတွေ တရုံကျေးရွာမှာ ညအိပ်စောင့်ဆိုင်းရတဲ့အထိ အခက်အခဲရှိနေပါတယ်။

အဲဒီဆင်ဟာ မုန်ယိုပြီး ၄ ရက်အတွင်း ဒေသခံအမျိုးသား ၃ ဦးကို သတ်ဖြတ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
သေဆုံးသူတွေထဲမှာ ဆိုင်ကယ်စီးသူတစ်ဦး၊ ကားသမားတစ်ဦးနဲ့ ပန္နက်ကျေးရွာ ဘုန်းကြီးကျောင်းက ကပ္ပိယတစ်ဦး ပါဝင်တယ်လို့ တနိုင်းမြို့ခံအမျိုးသားတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် အဲဒီဆင်ဟာ တရုံကျေးရွာက ဒေသခံတစ်ဦးပိုင်တဲ့ ခိုင်းဆင်ဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၄ ရက်ကလည်း တရုံကျေးရွာအနီးမှာ ဆင်ထီးတစ်ကောင် မုန်ယိုပြီး အရပ်သား ၇ ဦးအထိ သတ်ဖြတ်ခဲ့ဖူးပါတယ်။
အဲဒီဆင်ကို ဆင်ထိန်းတွေနဲ့ ဒေသခံတွေ ဝိုင်းဝန်းဖမ်းဆီးဖို့ ကြိုးစားခဲ့ပေမဲ့ ဖမ်းဆီးဖို့ ခက်ခဲပြီး အန္တရာယ်ရှိတာကြောင့် နောက်ဆုံးမှာ သေနတ်နဲ့ ပစ်သတ်ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဆင်ထိန်းသိမ်းရေးဆိုင်ရာ လမ်းညွှန်ချက်တွေအရ ဆင်ထီးတွေဟာ မျိုးပွားနိုင်တဲ့အရွယ်ရောက်လာချိန်မှာ ဟော်မုန်းပြောင်းလဲမှုကြောင့် မုန်ယိုတတ်ပြီး အဲဒီကာလမှာ Testosterone ဟော်မုန်း မြင့်တက်လာတာကြောင့် ပုံမှန်ထက် ပိုမိုရန်လိုတာ၊ ထိန်းချုပ်ရခက်တာနဲ့ လူတွေအပေါ် အန္တရာယ်ရှိလာတာတွေ ဖြစ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။
By – Zaw Zaw




