လူ့အခွင့်အရေးချိုးဖောက်မှု

  • May- 2024 -
    23 May

    ဝိုင်းမော် ခတ်ချိုလက်နက်ကြီးကျလို့ ထိခိုက်ဒဏ်ရာရတဲ့ထဲက အမျိုးသမီးတစ်ယောက်ထပ်မံသေဆုံး

    ဝိုင်းမော်မြို့နယ် ခတ်ချိုရွာ ကွက်သစ်ရပ်ကွက်မှာ ပြီးခဲ့တဲ့ မေလ ၂၀ ရက်နေ့က လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ ထိခိုက်ဒဏ်ရာရတဲ့ထဲက အမျိုးသမီးတစ်ယောက် ဆေးကုသမှုခံယူရင်း ဒီကနေ့ပဲသေဆုံးသွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ အဲ့ဒီလက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တဲ့ဖြစ်စဥ်မှာ ကလေးငယ် ၂ ယောက်အပါအဝင် အရပ်သား ၆ ယောက်ပွဲချင်းပြီးသေဆုံးခဲ့တာဖြစ်ပြီးတော့ ၁၁ ယောက်ကထိခိုက်ဒဏ်ရာရခဲ့ရာ ဆေးကုသမှုခံယူနေရင်းသေဆုံးသွားတာလို့ ဒေသခံတစ်ယောက်ကပြောပါတယ်။ “ဒီနေ့တစ်ယောက်ဆုံးတယ် အဲ့ဒီဒဏ်ရာရတဲ့သူထဲကတစ်ယောက်ဆုံးတာ အမျိုးသမီးဟုတ်တယ်။ မနက်ဖြန်မှ သင်္ဂြိုဟ်မယ်“လို့ပြောပါတယ်။ သေဆုံးခဲ့သူအမျိုးသမီးဟာ အသက် ၅၆ နှစ်အရွယ်ရှိပြီဖြစ်ပြီးတော့ ဝမ်းဗိုက်မှာဒဏ်ရာရရာကနေ ၃ ရက်အကြာ ဆေးကုသမှုခံယူရင်းသေဆုံးခဲ့တာဖြစ်ပါတယ်။ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းအဖွဲ့တွေဟာ ပြီးခဲ့တဲ့ မေလ ၁၈ ရက်နေ့ ကစတင်ပြီးတော့ တိုက်ပွဲတွေပြင်းထန်ခဲ့ရာကနေ စစ်ကောင်စီတပ်ဘက်က မြစ်ကြီးနားမြို့ဘက်ကနေ လက်နက်ကြီးတွေနဲ့ဆက်တိုက်ပစ်ခတ်နေတာလို့ ဒေသခံတွေကဆိုပါတယ်။ ဒါ့အပြင် ဒီကနေ့မနက်ပိုင်းမှာဆိုရင်လည်း စစ်ကောင်စီကလေကြောင်းကနေ ရမ်းသမ်းပစ်ခတ်ခဲ့တာတွေ လုပ်ခဲ့တယ်လို့ ပြောပါတယ်။ “ဒီနေ့မနက် လေယာဥ်နဲ့ပစ်တော့ ရွှေညောင်ပင်ပန်းကုန်းက ကျောင်းဓမ္မာရုံကိုသွားထိတယ် နည်းနည်းထိ သွားတာပေါ့ ဒီမနက်က ၅ နာရီလောက်ကနေ လေယာဥ်ကဝဲနေတာ စောင့်ကြည့်နေတာပေါ့အခုပုံစံက တော့”လို့ဒေသခံတစ်ယောက်ကပြောပါတယ်။ တစ်ဖက်မှာတော့ အခုလိုနှစ်ဖက်တိုက်ပွဲတွေပြင်းထန်လာတာနဲ့အတူ ဒီနေ့အထိ ဝိုင်းမော်မြို့ပေါ်ကဒေသခံ တွေရော ကျေးရွာပေါင်း ၂၀ကျော်ကဒေသခံ သောင်းနဲ့ချီဘေးလွှတ်ရာကိုထွက်ပြေးနေကြတယ်လို့ ဒေသခံ တွေကပြောပါတယ်။ ခတ်ချိရွာမှာ ပြီးခဲ့တဲ့ မေလ ၁၈ ရက်နေ့က တိုက်ပွဲစဖြစ်တဲ့နေကနေ ဒီနေ့အထိ လက်နက်ကြီး နှစ်ကြိမ်တိုင်တိုင် ကျရောက်ပေါက်ကွဲခဲ့ပြီးတော့ အရပ်သား ၇ ယောက်သေဆုံးခဲ့ပြီဖြစ်သလို ၁၄ ယောက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ ဒေသခံတွေပြောဆိုချက်အရ ခတ်ချိုကျေးရွာရဲ့ မျက်နှာချင်းဆိုင် ဧရာဝတီမြစ်တစ်ကမ်း ဇီးကျွန်းမှာ စစ်တပ်က လက်နက်ကြီးထောင်ထားပြီး အဲဒီကနေ ပစ်ခတ်နေတော့ ခတ်ချိုရွာရဲ့နောက်ကျောမှာရှိတဲ့ ကွက်သစ်ရပ်ကွက်ထဲ ကျရောက်ပေါက်ကွဲနေတာလည်းဖြစ်ပါတယ်။ By – အမိုး

    Read More »
  • 21 May

    မဂွမ်ရိမ်ဒူနော်အမှု တရားမျှတမှုရအောင်ဖြေရှင်းပေးမယ့် သက်ဆိုင်သူအားလုံးကိုစောင့်ကြည့်နေတယ်လို့ ပူတာအိုလူငယ်တွေပြော

    ပူတာအိုမြို့မှာ သက်ငယ်မုဒိန်းမှုကျူးလွန်သူတွေကိုထိရောက်စွာ အရေးယူပေးဖို့ သက်ဆိုင်သူတွေကိုစောင့်ကြည့်နေမယ်လို့ ပူတာအိုလူငယ်တွေက ပြောပါတယ်။ မဂွမ်ရိမ်ဒူနော်ကို ရက်ရက်စက်စက်မုဒိန်းပြုကျင့်သတ်ဖြတ်ခဲ့သူ တရားခံတစ်ဦးဝန်ခံထားပြီဖြစ်ပြီး လက်ရှိမှာသက်ငယ်မဒိန်းမှုနဲ့ လူသတ်မှုပုဒ်မနှစ်ခုနဲ့ ခရိုင်အဆင့်စစ်ဆေးဖို့ ပြင်ဆင်နေပြီဖြစ်သလို ဒီပြစ်မှုနဲ့ပတ်သက်ဆက်နွယ်သူတွေကိုလည်း စုံစမ်းဖော်ထုတ်နေဆဲဖြစ်တယ်လို့ ဒေသခံလူငယ်တွေဆီကနေ သိရပါတယ်။ “မဒူနော်အမှုနဲ့ပတ်သက်ပြီး တရားခံကို လူသတ်မှုနဲ့ သက်ငယ်မဒိန်းမှု ဒီပုဒ်မ ၂ ခုနဲ့ ခရိုင်အဆင့် အမှုတည်ဆောက်ထားပြီသိရတယ်။ ဒါနဲ့ပတ်သက်ပြီး ခရိုင်က အကြီးဆုံး တရားသူကြီးလည်း ရောက်နေပြီလို့ ပြောတယ်။ အခုက မျက်မြင်သက်သေတွေကိုလည်း စုံစမ်းစစ်ဆေး ဖော်ထုတ်နေဆဲဖြစ်တယ်။” လို့ ပူတာအို ဒေသခံတစ်ဦးကပြောပါတယ်။ မုဒိန်းမှုကျူးလွန်သူကို တရားစီရင်ပေးဖို့၊ သေမိန့်ချပေးဖို့ဆိုပြီး ပြည်သူ့စစ်နဲ့ရဲတွေကို ပြောဆိုထားတာတွေရှိပေမဲ့ မေလ ၂၀ ရက်နေ့အထိတော့ ဒီအမှုဟာတရားရုံးထဲမရောက်ရှိသေးပဲ အမှုထဲပါဝင်ဆက်နွယ်သူတွေ၊ မျက်မြင်သက်သေတွေကို စုံစမ်းဖော်ထုတ်နေဆဲ အခြေအနေမှာရှိနေတယ်လို့ သိရပါတယ်။   ဒေသခံတွေကတော့ ဒီအမှုကို တရားမျှတမှုရအောင် ဖြေရှင်းပေးဖို့ ဆန္ဒရှိနေပြီး အမှုဖြေရှင်းပေးမဲ့ သက်ဆိုင်သူတွေစောင့်ကြည့်နေတယ်လို့ ပြောဆိုပါတယ်။ “ဟိုတစ်နှစ်က စစ်တပ်ကို ဆန့်ကျင်လို့ ပူတာအိုက ဒေသခံလူငယ်တွေကို ဖမ်းဆီးတုန်းကဆိုရင် လက်ထိပ်ခတ်တာတွေထိလုပ်ပြီး အခု ဒီမုဒိန်းကောင်ကို ဖမ်းထားရာမှာတော့ ဘာရိုက်နှက်တာတွေလည်း မရှိဘူး။ အပျော်ပဲ အချုပ်ထဲမှာရှိနေတာ။ ဘာဒဏ်ရာဒဏ်ချက်မှ မရှိဘူး။ လက်ထိပ်ခတ်တာလည်း မရှိဘူး။ ဒါကြောင့် ဒေသခံတွေ အရမ်းစိတ်တိုနေတယ်။ ဒါက ဒေသခံတွေကို စော်ကားတာနဲ့အတူတူပဲ။ ရဝမ်ရိုးရာလူကြီးတွေလည်း ဒီအမှုကို တရားမျှမျှတတ လုပ်ဆောင်မလား၊ မလုပ်ဘူးလားဆိုတာကို စောင့်ကြည့်နေမယ်။ ဒီရဲတွေကို စောင့်ကြည့်နေတယ်။ ကောင်းကောင်းမလုပ်ကြည့်ဆိုပြီး အားလုံးက ကျိန်းဝါးနေကြတယ်။” လို့ နောက်ထပ် ပူတာအိုဒေသခံ လူငယ်တစ်ဦးက ပြောပါတယ်။ ပြီးခဲ့တဲ့ မေလ ၁၀ ရက်နေ့ နေ့လယ်ပိုင်းက ပူတာအိုမြို့ ဒုတ္တန်ရပ်ကွက်က အသက် ၁၅ နှစ်အရွယ် မဂွမ်ရိန်ဒူနော်ဟာ မိခင်ဖြစ်သူနဲ့အတူ မုန်ညှင်းဆီသွားကြိတ်ရာ မိခင်ဖြစ်သူက မုန်ညှင်းဆီကြိတ်တဲ့နေရာမှာနေခဲ့ပြီး သူမတစ်ယောက်တည်း နေအိမ်ကိုပြန်လာချိန် လူပြတ်တဲ့လမ်းခုလတ် သက်ကယ်တောတစ်နေရာမှာ မုဒိန်းကျင့်သတ်ဖြတ်ခံလိုက်ရတာဖြစ်ပါတယ်။ အဲဒီနောက် မေလ ၁၂ ရက်နေ့မှာတော့ ပြစ်မှုကျူးလွန်သူကို ဒေသခံလူငယ်တွေနဲ့ ရဝမ်ရိုးရာအဖွဲ့တွေ ခြေရာခံဖမ်းဆီးမိခဲ့ပြီး ရဲလက်ထဲချက်ချင်းအပ်ခဲ့တယ်လို့ ပြောပါတယ်။  မဂွမ်ရိန်ဒူနော်ကို မုဒိန်းကျင့်သတ်ဖြတ်သွားတဲ့သူဟာ အသက် ၂၄ နှစ်ဝန်းကျင်ရှိ ကိုကျော်သူရကို ဆိုသူဖြစ်ပြီး မန္တလေးကနေ ပူတာအိုမှာ စတီးသံပန်းနဲ့ပရိဘောဂဆိုင်မှာ အလုပ်လာရောက်လုပ်ကိုင်နေသူဖြစ်တယ်လို့ ပူတာအိုဒေသခံတွေက ပြောပါတယ်။ အဲဒီပြစ်မှုကျူးလွန်သူဟာ သေဆုံးသွားသူ မိန်းကလေးရဲ့ဖုန်းကို ဖုန်းဆိုင်တစ်ဆိုင်မှာ ရောင်းထားရာကနေ ဒေသခံတွေခြေရာခံမိသွားတာဖြစ်ပြီး သူရဲ့ဆိုင်ကယ်ခြေနင်းခုံမှာလည်း သွေးတွေပေနေတာ တွေ့ခဲ့တယ်လို့ ပြောပါတယ်။ ဒါကြောင့် မေလ ၁၂ ရက်နေ့မှာ ရှာတွေ့တဲ့ပြစ်မှုကျူးလွန်သူနဲ့အတူနေနေတဲ့ အမျိုးသားတွေကိုလည်း ရဲစခန်းကို ပို့ထားတာဖြစ်ပါတယ်။ ပြစ်မှုကျူးလွန်သူရဲ့ပြောဆိုချက်အရ ဒီပြစ်မှုကို သူတစ်ယောက်တည်းသာ ကျူးလွန်ခဲ့ကြောင်း ထွက်ဆိုခဲ့ပေမဲ့ အမှုခင်းနေရာနဲ့ သေဆုံးသူရဲ့အခြေအနေကို ကြည့်ခြင်းအားဖြင့် လူတစ်ဦးတစ်ယောက်တည်း ကျူးလွန်ခဲ့တဲ့အခြေအနေမပေါ်လွင်တာကြောင့် အမှုဆက်လက်ဖော်ထုတ်ဖို့ လိုအပ်တယ်လို့ ရဝမ်လူငယ်ခေါင်းဆောင်တွေဘက်က ပြောဆိုပါတယ်။  မေလ ၁၃ ရက်နေ့မှာတော့ ပြစ်မှုကျူးလွန်သူကို ထိရောက်စွာ အရေးယူပေးရေးအပြင် ပူတာအိုမှာသက်ငယ်မုဒိန်းပပျောက်ရေးနဲ့ အမျိုးသမီးတွေဘေးကင်းလုံခြုံရေးအတွက် ဒေသခံလူဦးရေ ၅,၀၀၀ ခန့် လမ်းမပေါ်ထွက် ဆန္ဒထုတ်ဖော်ခဲ့ကြပြီး ပြည်သူ့စစ်ဘက်ကလည်း အင်အား ၁၀၀ ခန့်နဲ့ လုံခြုံရေးယူပေးခဲ့ပါတယ်။ ပူတာအိုလိုနေရာမျိုးမှာ ဒေသခံတွေသီးသန့်နေခဲ့တဲ့အချိန်က အခုလိုမုဒိန်းမှုဖြစ်ရပ်တွေမရှိခဲ့ပေမဲ့ စစ်တပ်အာဏာသိမ်းပြီးနောက် ရွှေ့ပြောင်းအလုပ်သမားတွေ ပေါ်များလာပြီးနောက် အခုလို မုဒိန်းမှုတွေများပြားလာတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။  “ဒီအကြိမ်ဟာ မိန်းကလေးငယ်ကို ရက်ရက်စက်စက် မုဒိန်းကျင့်ထားတယ်။ ခြေထောက်တွေလည်း ရိုက်ချိုးထားတယ်။ လည်ပင်းမှာ ကြိုးတုတ်ရာတွေနဲ့ သနားစရာလေး။ ရက်ရက်စက်စက် သတ်ဖြတ်ထားတာ ဟုတ်တယ်။ ဒီအကြိမ်က လုံး၀ ယူကျူံးမရ ခံစားကြရတာဖြစ်တယ်။ အရှေ့တစ်ခေါက်တွေမှာလည်း သက်ငယ်မုဒိမ်းအမှုတွေရှိတယ်။ ဒါပေမဲ့ ထောင်ချတယ် ဒီလောက်နဲ့ ပြီးစီးတယ်။ ဒေသခံတွေပဲ သီးသန့်နေခဲ့ချိန်က ဒီလိုဖြစ်ရပ်မျိုးတွေမရှိခဲ့ဘူး။” လို့ ပူတာအိုဒေသခံလူငယ်တစ်ဦးက ဆက်ပြောပါတယ်။ ပူတာအိုမှာ သက်ငယ်မုဒိန်းမှုဆက်တိုက်ဖြစ်လာနေပြီး ရှေ့တစ်ခေါက်တွေမှာလည်း တရားခံတွေကို ထောင်ဒဏ်ချခဲ့တာတွေရှိပါတယ်။ ဒါပေမဲ့ အခုတစ်ကြိမ်ရဲ့ဖြစ်စဉ်ဟာ ပူတာအိုမှာ ပထမဆုံး ရက်စက်စွာ သတ်ဖြတ်မှုနဲ့ မုဒိန်းပြုကျင့်မှုလုပ်ရပ်ဖြစ်ခဲ့ပါတယ်။ လက်ရှိ ပူတာအိုမှာ စစ်ရေးအခြေအနေအရ ကားလမ်းပိတ်ထားတာကြောင့် ထွက်စရာလမ်းမရှိ၊ ပြန်စရာလမ်းမရှိဘဲ ပူတာအိုမှာပိတ်မိပြီး အလုပ်အကိုင်မရှိသူတွေများစွာရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။  By – ဂျာဘောက်ရာ

    Read More »
  • 21 May

    လမြန်ကျေးရွာမှာ အမျိုးသမီးတစ်ဦးလက်နက်ကြီးထိမှန် သေဆုံး

    ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် လမြန်ကျေးရွာမှာ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံးခဲ့တယ်လို့ သေဆုံးသူမိသားစုဝင်တွေနဲ့ နီးစပ်သူဆီကနေ သိရပါတယ်။ မေလ ၁၉ ရက်နေ့ ည ၁၀ နာရီခွဲဝန်းကျင် ဝိုင်းမော် ၅ ၈ တပ်ရင်းကနေ ပစ်လိုက်တဲ့လက်နက်ကြီး လမြန်ကျေးရွာထဲ ကျရောက်ပေါက်ကွဲတာကြောင့် ဦးချမ်လွေ့လွမ်ဟောင်းရဲ့ဇနီး အသက် ၅၃နှစ်အရွယ် ဒေါ်ညီးချီရော်ကိုထိမှန်ပြီး ပွဲချင်းပြီးသေဆုံးသွားခဲ့တယ်လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူဒေသခံတစ်ဦးက ခုလိုပြောပါတယ်။ “သူက  လက်နက်ကြီးအသံတွေ အရမ်းကြားနေရလို့ဆိုပြီး ရှောင်ဖို့အတွက် အပြင်ကိုထွက်လာတာ အိမ်ကိုတော့ မမှန်ဘဲ သူဆီမှာထိပြီးဆုံးသွားတာလို့ ကြားတယ်”လို့ဆိုပါတယ်။ သေဆုံးသွားတဲ့ အမျိုးသမီးကိုတော့  မေလ ၂၀ ရက်နေ့ မနေ့က မနက်ပိုင်း မြုပ်နှံသဂြိုလ်လိုက်ပြီလို့ လမြန်ကျေးရွာပြည်သူတွေဆီကနေ သိရပါတယ်။ ဒါ့အပြင် ခလရ ၅၈ တပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့် ဝူယန်ကျေးရွာနဲ့ လမြန်ကျေးရွာက နေအိမ်တစ်ချို့လည်းပျက်ဆီးခဲ့ရတယ်လို့ သူကခုလိုဆက်ပြောပါတယ်။ “အိမ်ကတော့ ဝူယန်အိမ်နှစ်အိမ်ပါသွားတယ် ပြီးတော့ လမြန်ကအိမ်တစ်အိမ်ကတော့ မီးဖိုချောင်အကုန်ပါသွားတယ်”လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၅ ရက်နေ့ မနေ့ညနေ ၆ နာရီဝန်းကျင် ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ကချင်ပြည်သူ့ကာကွယ်ရေးတပ် KPDF အဖွဲ့ ဝူယန်ပြည်သူ့စစ်စခန်းဂိတ်နေရာကို လာရောက်ပစ်သွားပြီးနောက် ဝူယန်ကျေးရွာမှာအထိုင်ချထားတဲ့ပြည်သူ့စစ်စခန်းကနေ ပစ်လိုက်တဲ့လက်နက်ကြီး လမြန်ကျေးရွာထဲကျရောက်ပေါက်ကွဲခဲ့တဲ့တွက် နေအိမ်တစ်ချို့ ထိမှန်ထားတဲ့အပြင် ဒေသခံပြည်သူတစ်ဦးရဲ့ ဝက်တွေလည်းကျည်ထိမှန်သေဆုံးခဲ့တာဘဲ ဖြစ်ပါတယ်။ လက်ရှိမှာလည်း ကေအိုင်အေပူးပေါင်းတပ်တွေကကချင်လွတ်လပ်ရေးတပ်မတော် KIA ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ ဝိုင်းမော်မြို့နယ်ထဲက စစ်တပ်စခန်းတွေထဲမှာ ရွှေညောင်ပင် ခမရ ၃၂၁ တပ်ရင်းစခန်းတစ်ခုသာကျန်ရှိနေပြီး ဒီနေ့အချိန်ထိတိုက်ပွဲပြင်းထန်နေဆဲဖြစ်သလို တိုက်ပွဲက ဝိုင်းမော်မြို့ပေါ်ဘက်ကို ဦးတည်လာနေတာကြောင့် ဝိုင်းမော်မြို့နယ်ထဲက ရွာပေါင်း ၁၅ ရွာထက်မနည်း ထွက်ပြေးတိမ်းရှောင်နေကြပြီ ဖြစ်ပါတယ်။ By – Hope

    Read More »
  • 20 May

    တိုက်ပွဲပြင်းထန်နေတဲ့ မိုးမောက်နဲ့မံစီမှာ လူနေအိမ် ၂၅၀ ဝန်းကျင်မီးလောင်ပျက်စီး

    ဗန်းမော်ခရိုင် မိုးမောက်မြို့နဲ့မံစီမြို့တိုက်ပွဲမှာ စစ်တပ်ကလေကြောင်းအပြင်းအထန်အသုံးပြုတာကြောင့် စျေးအပါအဝင် လူနေအိမ်၂၀၀ ကျော်မီးလောင်ပျက်စီးသွားပြီလို့ ဒေသခံတွေ ပြောပါတယ်။ တိုက်ပွဲကာလ ၁၀ ရက်ကျော်အတွင်း စစ်ကောင်စီဘက်က လေကြောင်းပစ်ခတ်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုနဲ့နှစ်ဖက်တပ်အပြန်လှန်ပစ်ခတ်တာတွေကြောင့် မိုးမောက်မြို့ထဲမှာ လူနေအိမ်နဲ့ အဆောက်အဦး ၂၀၀ ဝန်းကျင် ပျက်စီးသွားပြီဖြစ်ပြီး မံစီမြို့မှာတော့ လူနေအိမ် ၅၀ ထက်မနည်းထိခိုက်ပျက်စီးရာ ၂၀ ကျော်တော့ မီးလောင်ဆုံးရှုံးသွားပြီလို့ ဆိုပါတယ်။  “ပျက်စီးသွားတာနဲ့ မီးလောင်သွားတာနဲ့ ပျောက်သွားတာနဲ့ အားလုံးပါပဲ မကျန်တော့ဘူး။ ကျနော်တို့လည်း အသေးစိတ်တော့သွားမကြည့်နိုင်တော့အတိအကျမသိဘူး။ ဒါပေမဲ့ ပေါ်ယံ ခန့်မှန်းချက်က ၃၀ နဲ့ ၅၀ ကြားပျက်စီးသွားပြီ။ အဲမှာ မီးလောင်သွားတာက ၂၀ လောက်ရှိမယ်။ တိုက်ပွဲငြိမ်လည်း မြို့ထဲခဏမှ ပြန်လို့မရဘူး။ စစ်တပ်က လေယာဉ်နဲ့ နေ့တိုင်းပစ်နေတော့လေ။” လို့ မံစီဒေသခံတစ်ဦး ကပြောပါတယ်။ မံစီမြို့ရှိ စစ်ကောင်စီတပ် ခမရ ၃၁၉ နဲ့ ခမရ ၆၀၁ တပ်စခန်းတွေကို မေလ ၁၇ ရက်နေ့ မနက်ကစပြီး ထိုးစစ်ဆင်တိုက်ခိုက်တာ မေလ ၁၈ ရက်နေ့အထိ ၂ ရက်တာ တိုက်ပွဲဆက်လက်ပြင်းထန်ခဲ့ပါတယ်။  အလားတူ မိုးမောက်ဘက်လည်း စစ်ကောင်စီတပ် ခမရ ၄၃၇ တပ်စခန်း တိုက်ခိုက်ခံနေရပြီး တိုက်ပွဲဆက်တိုက်ဖြစ်ပွားနေတာဖြစ်ပါတယ်။   တိုက်ပွဲအတွင်း မိုးမောက်မြို့မှာတော့ အိမ်ခြေ ၂၀၀ ဝန်းကျင်ထိခိုက် ပျက်စီးသွားပြီဖြစ်ပြီး လူနေအိမ်အများအပြား မီးလောင်ပျက်စီးသွားကာ ဘုရားကျောင်း၊ စာသင်ကျောင်းနဲ့ မြို့မစျေး အားလုံး မီးထဲပါသွားပြီလို့ မိုးမောက်ဒေသခံတစ်ဦးကလည်း အခုလို ပြောပါတယ်။ “မိုးမောက်မြင်ကွင်းက တိုက်ပွဲစဖြစ်ကတည်းက လမ်းမဘေးတစ်လျှောက်လုံး အိမ်တွေအများကြီး ထိခိုက်ပျက်စီးသွားပြီ။ အထက်ဘက်တော့ လက်နက်ကြီးကြောင့် ထိခိုက်ပျက်စီးသွားတာတွေ၊  မိုးမောက်မြို့မစျေး ပတ်ဝန်းကျင်အားလုံးက မီးလောင်သွားပြီ။ တိုက်ပွဲစဖြစ်ကတည်းက ဒီနေ့ထိ နေအိမ် စုစုပေါင်း ၂၀၀ ဝန်းကျင်တော့ရှိမယ် ခန့်ခန်းရသလောက်ပေါ့။” လို့ မိုးမောက်ဒေသခံအမျိုးသမီးတစ်ဦးကလည်း ပြောပါတယ်။ မေလ ၇ ရက်နေ့ကစပြီး မိုးမောက်မြို့နဲ့မံစီမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေ စတင်ဝင်ရောက်တိုက်ခိုက်ခဲ့ရာ မိုးမောက်မြို့က ရဲစခန်းနဲ့ စစ်တပ်ရှေ့တန်းလုံခြုံရေးစခန်းတွေကို သိမ်းပိုက်နိုင်ခဲ့သလို မံစီဘက်လည်း ၀လောင်လစစ်တပ် ကာကင်းစခန်းနဲ့ မြို့တွင်းရဲစခန်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဗန်းမော် – မိုးမောက်နဲ့ ဗန်းမော် – မံစီကြားက စစ်ကောင်စီတပ်စခန်းကြီးတွေကို ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်နေဆဲဖြစ်ပြီး လက်ရှိအချိန်ထိ တိုက်ပွဲပြင်းထန်နေတာဖြစ်ပါတယ်။ ဗန်းမော်မြို့ကို ဦးတည်နေတဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေရဲ့ ထိုးစစ်မှုအောက်မှာ စစ်ကောင်စီဘက်ကတော့ ဗန်းမော်လက်မလွတ်ရေးအပြင်းအထန် ခုခံနေတာဖြစ်ပြီး လေကြောင်းနဲ့ ဒရုန်းအဓိကအသုံးပြုခုခံတယ်လို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကပြောပါတယ်။ “မံစီ ၃၁၉ ၊ ၆၀၁ တပ်စခန်းတွေဘက် ဆက်ဘက်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်။ စစ်တပ်က လေကြောင်းအပြင်းအထန်အသုံးပြုပြီး ဒရုန်းတွေလည်း အသုံးပြုတယ်။ စစ်တပ်က တိုက်ပွဲဖြစ်လည်း မဖြစ်လည်း လေယာဉ်နဲ့ပစ်နေတော့ လေကြောင်းပဲ တော်တော်အားစိုက်နေတယ်။” လို့  ဗိုလ်မှူးကြီနော်ဘူကပြောပါတယ်။ တိုက်ပွဲအတွင်း စစ်တပ်ဘက်ကရော KIA ဘက်ကရော နှစ်ဖက်ထိခိုက်ကျဆုံးမှု များတယ်လို့ သိရပါတယ်။ ဒါ့အပြင် အရပ်သားထိခိုက်သေဆုံးမှုလည်းရှိတယ်လို့ သိရပေမဲ့ အတိအကျတော့ မသိရှိရသေးတာဖြစ်ပါတယ်။ “ဗန်းမော်မြို့မှာတော့ သက်ကြီးရွယ်အို၊ ကလေးသူငယ်တွေအားလုံးတော့ ထွက်ပြေးပြီ။  သုံးပုံ ၂ ပုံတော့ ရှောင်ကုန်ပြီ ပြောတယ်။ အိမ်စောင့်လောက် အမျိုးသားတွေကျန်ခဲ့တာတွေရှိတယ် ကြားတယ်။ လမ်းပိတ်ပြီး ပိတ်မိတာတွေတော့မရှိဘူး။ တိုက်ပွဲသတင်းပုံမှန်နားထောင်ပြီး ကိုယ်လုံခြုံမယ့်နေရာတွေဆီ ပြင်ဆင်ထားတာတွေလုပ်ထားရမယ်။ မဟုတ်ရင်တော့ တိုက်ပွဲဖြစ်ပြီဆိုတာနဲ့ ဒုက္ခရောက်မယ်။ ကိုယ့်အိမ်က အိုးအိမ်ပစ္စည်းတွေ သိမ်းနိုင်သလောက်သိမ်းပြီး လုံခြုံမယ့်နေရာတွေဆီ ပို့ထားတာတို့၊ ပြင်ဆင်ထားတာတို့လုပ်ပြီး တိုက်ပွဲဖြစ်ရင်ရှောင်၊ သတိဝီရိယနဲ့ နေဖို့ အားလုံးကိုမှာချင်တယ်။” ဟု KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူကြီးနော်ဘူကဆက်ပြောပါတယ်။ တိုက်ပွဲအခြေအနေကြောင့် ဒေသခံအားလုံးနီးပါး တောတောင်ထဲ၊  ကျေးရွာတွေဆီ ထွက်ပြေးတိမ်ရှောင်နေကြရပြီး ဒုက္ခကြုံနေသူများစွာရှိတယ်လို့ သိရပါတယ်။  မိုးမောက်မြို့ကဒေသခံအများပိုင်းကတော့ ဒေါ့ဖုန်းယန်၊ မြို့သစ်၊ ကုန်းလော၊ ၁၅ မိုင်(Chyahkan dap)၊ ၁၇ မိုင်၊ Zaibru jang mare,၊ ဆမ်ပါ၊ နောင်ချို၊ နောင်းပုံ၊ နွမ့်လန့် စတဲ့ လမ်းပိုင်းတစ်ကြောလုံးရှိ ကျေးရွာတွေမှာ တိမ်းရှောင်ခိုလှုံနေသူတွေများသလို တချို့ကတော့ မိုးကာတဲထိုးပြီး နမ့်ဖတ်ချောင်းဘေးတွေမှာ တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။   ဒါ့အပြင်  မံစီမြို့ဒေသခံအများပိုင်းဟာ မြို့နဲ့ ၁၀ မိုင်အကွာရှိ ကျေးရွာရပ်ကွက်တွေမှာ တစ်အိမ်မှာ ၄ အိမ်ထောင်လောက်စုပြီး တိမ်းရှောင်နေကြရသလို အင်ဘာပါ၊ ဒိန်ဆင်းပါ ဘက်လည်း အများပိုင်း တိမ်းရှောင်နေကြရတာဖြစ်ပါတယ်။ ဒါပေမယ့် မေလ ၁၉ ရက်နေ့ ၂၀ ရက်နေ့မှာတော့  တိုက်ပွဲရပ်တန့်နေတယ်လို့ သိရပေမေယ့် စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကတော့ ဆက်တိုက်ရှိနေဆဲဖြစ်တယ်လို့ သိရပါတယ်။…

    Read More »
  • 16 May

    မံစီမြို့မှာ စစ်တပ်ရဲ့လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့်  လူနေအိမ် ၂၀ ကျော်မီးလောင်ပျက်စီး

    ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့မှာ စစ်ကောင်စီတပ်ရဲ့လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် လူနေအိမ် ၂၀ ကျော် မီးလောင်ပျက်စီးသွားတယ်လို့ မံစီမြို့ခံတွေက ပြောပါတယ်။ မေလ ၁၃ ရက်နေ့ မံစီမြို့ မြို့မရဲစခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်သိမ်းပိုက်ထားပြီး ကျန်ရှိနေသေးတဲ့ စစ်တပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိိုက်ခံနေတာကြောင့် မြို့တွင်းနှစ်ဖက်တပ်တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပါတယ်။ တိုက်ပွဲတွင်း စစ်တပ်က နေ့တိုင်းဆိုသလို လေကြောင်းအသုံးပြု တိုက်ခိုက်နေတဲ့အတွက် ရဲစခန်း၊ စစ်တပ်နဲ့ နီးစပ်တဲ့လူနေရပ်ကွက်က နေအိမ် အလုံး ၂၀ ကျော် မီးလောင်ပျက်စီးသွားပြီလို့ မံစီမြို့ခံ တစ်ဦးက KNGကိုပြောပါတယ်။ “လေယာဥ်ကဒီနေ့မနက်လည်းလာဝဲတယ် မနက်အစောကြီးနှစ်လုံးကျဲသွားတယ်။ မနေ့ကတော့တစ်ရက်ထဲကို အလုံး ၂၀ ကျော်ကျဲသွားတယ် ကောင်ရာရပ်ကွက်ထဲကစာသင်ကျောင်းထိပြီးပျက်စီးသွားတယ် မနေ့ကအထိဆိုရင်အိမ်ကအလုံး ၂၀ ကျော်တော့မီးလောင်သွားပြီ။ အဲ့တာကလုံးဝရစရှိကိုမရှိအောင်လောင်သွားတာ တစ်ချို့မီးဖို့ချောင်ပဲလောင်တာလည်းရှိတယ် မနေ့ကလည်းအိမ်နှစ်လုံးမီးဖိုချောင်တစ်လုံးလောင်သွားတယ်”လို့ သူကပြောပါတယ်။ ဒေသခံတွေပြောချက်အရ လက်ရှိ စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲ တိုက်ခိုက်မှုကြောင့် မံစီမြို့ ပေါ်ရပ်ကွက်တွေဖြစ်တဲ့ ကောင်ရာရပ်ကွက်က လူနေအိမ် ၁၀ လုံးကျော်၊ ဂျိမ်းဖော့မြေရပ်ကွက် လူနေအိမ် ၁၀ လုံးကျော်နဲ့ မံစီမြို့နယ် နမ့်ခမ်းကျေးရွာက လူနေအိမ် ၂လုံး၊ မီးဖိုချောင်တစ်လုံး စုစပေါင်း လူနေအိမ် ၂၀ ကျော်အပါအဝင် စာသင်ကျောင်းတစ်ချို့လည်း မီးလောင်ပျက်စီးသွားပြီလို့ သိရပါတယ်။ လူနေအိမ်အများဆုံးမီလောင်ပျက်စီးသွားတဲ့ ကောင်ရာရပ်ကွက်နဲ့ ဂျိမ်းဖော့မြေရပ်ကွက်ဟာ မံစီးမြို့မရဲစခန်း နဲ့ နီးတဲ့ရပ်ကွက်တွေဖြစ်တဲ့အပြင် ထွေအုပ်ရုံး၊…

    Read More »
  • 14 May

    မိုးမောက်မှာ လေကြောင်းပစ်ခတ်မှုကြောင့် အရပ်သား ၁ ဦးသေဆုံးပြီး ၂ ဦးပြင်းထန်ဒဏ်ရာရရှိ

    “ည ၈ နာရီ မိနစ် ၁၇ မိနစ်လောက်မှာဖြစ်သွားတာ။ လေယာဉ်ဗုံးက မြို့သစ်ဆေးရုံရဲ့ အောက်ဖက်မှာ အအေးဆိုင်ဖွင့်ထားတဲ့ နေအိမ်မှာ ကျမှန်သွားတယ်။ အိမ်ရှင်ဖြစ်တဲ့ ဦးယော(အောင်နိုင်ဝင်း)လို့လည်းခေါ်တယ်။ ဦးယောက အဲမှာတင်ပွဲချင်းပြီးဆုံးသွားတယ်။ သူ့အမျိုးသမီးနဲ့ ယောက္ခမက ထိခိုက်ဒဏ်ရာရသွားတယ်”လို့ပြောပါတယ်။

    Read More »
  • 13 May

    နမ့်ဖတ်ကာမှာ မပေါက်ကွဲသေးတဲ့ ဗုံးဆော့ကစားရာကနေ ကလေးငယ် ၅ ဦး ဒဏ်ရာရရှိ

    ရှမ်းမြောက် နမ့်ဖတ်ကာကျေးရွာမှာ မပေါက်ကွဲသေးတဲ့ ဗုံးဆော့ကစားရာကနေ ကလေးငယ် ၅ ဦးထိခိုက်ဒဏ်ရာရရှိပြီး  ၃ ဦးဒဏ်ရာပြင်းထန်တယ်လို့ ဒေသခံတွေပြောပါတယ်။ မေလ ၁၂ ရက်နေ့ ညနေ ၄ နာရီခွဲဝန်းကျင် အသက် ၁၅ နှစ်အောက် ယောက်ျားကလေး ၅ ဦးဟာ KIA သိမ်းပိုက်ခဲ့တဲ့ နမ့်ဖတ်ကာကျေးရွာ စစ်ကောင်စီတပ်ရဲ့ ခလရ ၁၂၃ စခန်းထဲဝင်ပြီး မပေါက်ကွဲသေးတဲ့ လက်ထောက်ဗုံးကျည်ဆော့ကစားပြီး ပစ်ပေါက်ရာကနေ ဗုံးပေါက်ကွဲသွားတာကြောင့် ဒဏ်ရာရရှိထားတာဖြစ်တယ်လို့ သိရပါတယ်။ “ညနေ ၄ ခွဲလောက်မှာ ပေါက်ကွဲသံကြားတာပေါ့။ အဲဒါ ကလေးတွေက  စစ်တပ်စခန်းထဲ ခိုးဝင်ပြီး အဲမှာ လက်နက်ကျန်တွေ၊ လက်နက်ခွံတွေ ကောက်ကစားကြတာ။ အဲမှာ တစ်ယောက်က လက်ထောက်ဗုံးကိုင်ဆော့ရာကနေ ပစ်ပေါက်မိလိုက်တာ ပေါက်ကွဲပြီး ၅ ယောက်လုံး ဒဏ်ရာရရှိခဲ့တာ အခု ၃ ယောက်ကိုတော့ ကွတ်ခိုင်ဆေးရုံကို ပို့ထားတယ်။” လို့ နမ့်ဖတ်ကာဒေသခံတစ်ဦးကပြောပါတယ်။ ဗုံးပေါက်ကွဲလို့ ဒဏ်ရာရရှိတဲ့ ကလေး ၅ ဦးဟာ နမ့်ဖတ်ကာ ဟိုပုံရပ်ကွက်က မောင်ကျောက်မင်ခွင်း (အသက် ၉ နှစ်) ၊ ကျောက်ကျင်ဖွ(အသက် ၁၂ နှစ်)၊ ရက်ကွက် ၃ က မောင်ရန်တာအင်း ( အသက် ၁၂ နှစ်) ၊ မောင်ဆန်မျိုးအောင် ( အသက် ၁၅ နှစ်) နဲ့ နမ့်ဖတ်ကာ ရပ်ကွက် ၁ က မောင်ကျိန်ကွမ်းတ ( အသက် ၁၄ နှစ်) တို့ ၅ ဦးဖြစ်တယ်လို့ သိရပြီး ဒဏ်ရာပိုပြင်းထန်တဲ့ ၃ ဦးကို ကွတ်ခိုင်ဆေးရုံမှာပို့ထားတယ်လို့ သိရပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA က သိမ်းပိုက်ခဲ့တဲ့ နမ့်ဖတ်ကာ အခြေစိုက်စစ်ကောင်စီတပ်ရင်း ခလရ ၁၂၃ တပ်စခန်းထဲကို ရွာသားတွေကို ဝင်ရောက်ခြင်းမပြုဖို့ တားမြစ်ထားတာဖြစ်တဲ့ကြားက ကလေး ၅ ဦးဟာ အနောက်ဘက်လမ်းကြောင်းကနေခိုးဝင်ပြီး ဆော့ကစားကြရင်းဖြစ်သွားတယ်လို့ သူကပြောပါတယ်။ “ဒီစစ်တပ်ဟောင်းထဲ ဘယ်သူ့ကိုမှ ဝင်ခွင့်မပေးသေးဘူး။ ရှင်းလင်းရေးတွေ မလုပ်ထားသေးဘူး။ ဒါပေမဲ့ ကလေးတွေက ဘယ်သူမှမတွေ့ဘူးဆိုပြီး အနောက်လမ်းကနေ ခိုးဝင်ကြရင်း ဖြစ်သွားတာဟုတ်တယ်။” ဟု နမ့်ဖတ်ကာဒေသခံကဆက်ပြောပါတယ်။ နမ့်ဖတ်ကာကျေးရွာမှာ ပြီးခဲ့တဲ့လမှာလည်း ဒေသခံပြည်သူတွေရဲ့အိမ်ခြံဝင်းတစ်ခုမှာ  စစ်လက်နက်အကြွင်းအကျန်မိုင်းပေါက်ကွဲပြီး ဒဏ်ရာရသူတွေရှိသလို လယ်တောသွားရင်း မိုင်းနင်းမိတဲ့ဖြစ်စဉ်တွေ ဖြစ်ပွားခဲ့ပြီး လက်ရှိ ၅ ဦးနဲ့ဆိုရင် နမ့်ဖတ်ကာမှာ စစ်လက်နက်ကျန် ပစ္စည်းပေါက်ကွဲမှုကြောင့် ရွာသား ၂ ဦးခန့်သေဆုံးပြီး ၈ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိပြီလို့ သိရပါတယ်။ နမ့်ဖတ်ကာကျေးရွာဟာ ကွတ်ခိုင်နဲ့ မူဆယ်ကြားမှာရှိပြီး  ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA က တိုက်ခိုက်သိမ်းပိုက်ထားပြီး လက်ရှိ  KIA  လက်အောက်အုပ်ချူပ်ရေးယန္တရားတွေလည်ပတ်နေတာပဲ ဖြစ်ပါတယ်။ By – ဂျာဘောက်ရာ

    Read More »
  • 13 May

    မဂွမ်ရိန်ဒူနော်ကို မုဒိန်းကျင့်သတ်ဖြတ်ခဲ့တဲ့ တရားခံဖမ်းမိ 

    ကချင်ပြည််နယ် ပူတာအိုမြို့ ဒုတ္တန်ရပ်ကွက်က အသက် ၁၅ နှစ်အရွယ် မဂွမ်ရိန်ဒူနော်ကို  မုဒိန်းကျင့်သတ်ဖြတ်သွားတဲ့သူကိုဖမ်းဆီးရမိပြီလို့သိရပြီး တရားခံကို သေဒဏ်စီရင်ပေးဖို့ ဒေသခံ ၅၀၀၀ ဝန်းကျင် ဒီနေ့မှာ လမ်းလျှောက်ဆန္ဒပြပြီး တောင်းဆိုခဲ့ကြပါတယ်။ မဂွမ်ရိန်ဒူနော်ကို မုဒိန်းကျင့်သတ်ဖြတ်သွားတဲ့ တရားခံဟာ အသက် ၂၄ နှစ်ဝန်းကျင်ရှိ ကိုကျော်သူရကိုဆိုသူဖြစ်ပြီး မန္တလေးကနေ ပူတာအိုမှာ စတီးသံပန်း နဲ့ ပရိဘောဂဆိုင်မှာ အလုပ်လာရောက်လုပ်ကိုင်နေသူဖြစ်တယ်လို့ ပူတာအိုဒေသခံတွေကပြောပါတယ်။ မုဒိန်းမှုကျူးလွန်ခဲ့တဲ့ တရားခံကို မေလ ၁၂ရက်နေ့ နေ့လည် ၁ နာရီဝန်းကျင် ဖမ်းဆီးလိုက်ပြီလို့ လေယာဥ်ကွင်းရပ်ကွက်နေရပ်ကျေးတာဝန်ရှိသူတစ်ဦးက KNGကိုပြောပါတယ်။ “ဖမ်းမိတာက မနေ့က နေ့လည် ၁ နာရီလောက်မှာဖမ်းမိတာ သူကလေယာဥ်ထဲက သံပန်း၊ ပရိဘောဂတွေလုပ်တဲ့ဆိုင်မှာနေတာ အဲ့သူနေတဲ့နေရာမှာဖမ်းမိလိုက်တာ ဖမ်းပြီးရဲစခန်းထဲတခါတည်းခေါ်သွားတယ်”လို့ ပြောပါတယ်။ မုဒိန်းမှုကျူးလွန်ခဲ့တဲ့ ကိုကျော်သူရကိုဟာ မဂွန်ရိန်ဒူနော်ကို မုဒိန်းကျင့်သတ်ဖြတ်တဲ့အပြင်  လက်ကိုင်ဖုန်းကိုပါလုယက်သွားတာဖြစ်ပြီး အဲဒီလက်ကိုင်ဖုန်းကို ဖုန်းဆိုင်မှာလာရောင်းရာကနေ တစ်ဆင့်ခြေရာခံမိကာဖမ်းဆီးလိုက်နိုင်တာဖြစ်တယ်လို့ ပူတာအိုမြို့ခံအမျိုးသမိးက ဆက်ပြောပါတယ်။ “လက်တွေဘာတွေချိုးလိုက်ခံထားရတာလို့ သိရတယ်။ နောက်ပြီးတော့ မုဒိန်းပါကျင့်ပြီးသတ်လိုက်တာ ကလေးမဆီကလုသွားတဲ့ဖုန်းကို ဖုန်းSecond ရောင်းတဲ့ဆိုင်မှာရောင်းခဲ့တာ အဲ့ကနေသူ့ကိုတဆင့်မိသွားတာ”လို့ နောက်ထပ် ပူတာအိုမြို့ခံတစ်ဦးက ဆက်ပြောပါတယ်။ မုဒိန်းမှုကျူးတဲ့သူကို မနေ့က ပူတာအိုရဲ၊ ရဝမ်ပြည်သူ့စစ် ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ ပူးပေါင်းပြီးဖမ်းဆီးလိုက်တာဖြစ်ပြီး ဒီနေ့ မနက်ပိုင်းမှာ နစ်နာသူမိသားစုဝင်တွေနဲ့အတူ ဒေသခံပြည်သူတွေ စုစုပေါင်း လူဦးရေ ၅၀၀၀ ခန့်က တရားခံကို သေဒဏ်စီရင်ပေးဖို့နဲ့ မုဒိန်းမှုကင်းစင်အောင်ပူးပေါင်းဆောင်ရွက်ကြဖို့ ကြွေးကြော်သံတွေနဲ့အတူ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။ “လူကတော့ ၅၀၀၀ လောက်ပါတယ် လေယာဥ်ကွင်းကနေ ကောင်ကထောင်ရပ်ကွက်အထိလမ်းတလျောက်ဟာလူတန်းနဲ့ပြည့်သွားတာ အဓိကသူတို့စာရွက်ကိုင်ပြီးတောင်းဆိုတာတော့အမှုမှန်ပေါ်ပေါက်ဖို့ ၊မှန်မှန်ကန်ကန်ပြစ်ဒဏ်ချပေးဖို့ နောက်နောင်ဒါမျိုးမဖြစ်အောင်ပူးပေါင်းပါဝင်ဖို့ပါတယ် ဒါပေမယ့်ကြွေးကြော်တဲ့နေရာမှာတော့တရားခံကိုသေဒဏ်ပေးဖို့ပိုပြီးတောင်းဆိုကြတယ်”လို့ ဆန္ဒပြမှုမှာပါဝင်ခဲ့သူတစ်ဦးကပြောပါတယ်။ သေဆုံးသွားတဲ့ မဂွမ်ရိန်ဒူနော်ဟာ မေလ ၁၀ ရက်နေ့ နေ့လည်ပိုင်းမှာ မိခင်ဖြစ်သူနဲ့အတူ မုန့်ညှင်းဆီသွားကြိတ်ရာ မိခင်ဖြစ်သူက မုန့်ညှင်းဆီကြိတ်တဲ့နေရာမှာနေခဲ့ပြီး မဂွန်ရိမ်ဒူနော်က နေအိမ်ကိုတစ်ယောက်တည်း ပြန်လာရာ လူပြတ်တဲ့ လမ်းခုလတ် သက်ကယ်တောတစ်နေရာမှာ မုဒိန်းကျင့်သတ်ဖြတ်ခံလိုက်ရတာဖြစ်ပါတယ်။ ပူတာအိုမြို့နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၂ နှစ်ကုန်ပိုင်း ဒီဇင်ဘာလ ၊ ၂၀၂၃ ခုနှစ် မတ်လ လဆန်းပိုင်းမှာ အသက် ၁၂  နှစ်အရွယ် မိန်းကလေးနှစ်ဦးမုဒိန်းကျင့်ခံခဲ့ရတဲ့ အမှုလည်းရှိခဲ့ပါတယ်။ အသက် ၁၂ နှစ်အရွယ် မိန်းကလေးငယ်နှစ်ဦးကို မုဒိန်းမှုကျူးလွန်ခဲ့တဲ့ အမျိုးသား ၃ ဦးကို ၂၀၂၃ ခုနှစ် မေလ ၃၀ ရက်နေ့ ၆ ကြိမ်မြောက် ရုံးချိန်းတွင် ပူတာအိုခရိုင်တရားရုံးမှ တစ်ဦးကို ထောင်ဒဏ်အနှစ် ၂၀ စီ အမိန့်ချမှတ်လိုက်ပြီဖြစ်ပါတယ်။ ပူတာအိုမှာ အာဏာသိမ်းပြီးနောက် အသက်မပြည့်သေးတဲ့ မိန်းကလေးများ အဓမ္မပြုကျင့်ခံရတဲ့ ဖြစ်စဉ်မကြာခနဖြစ်နေပေမယ့် တရားဥပဒေအရ အရေးယူမှုပိုင်းမှာ အားနည်းတာတွေရှိနေဆဲဖြစ်တယ်လို့  ဒေသခံတွေက ပြောဆိုနေကြပါတယ်။ By – Zaw Zaw

    Read More »
  • 11 May

    ပူတာအိုမှာ အမျိုးသမီးငယ်တစ်ဦး မုဒိန်းကျင့်သတ်ဖြတ်ခံရ

    ကချင်ပြည်နယ် ပူတာအိုမြို့ ဒုတ္တန်ရပ်ကွက်မှာ အမျိူးသမီးငယ်တစ်ဦး မုဒိန်းကျင့်သတ်ဖြတ်ခံလိုက်ရတယ်လို့ ရပ်ကွက်နေပြည်သူတွေက ပြောပါတယ်။ ဒုတ္တန်ရပ်ကွက်နေ အသက် ၁၅ နှစ်အရွယ် မဒူနော်ဆိုသူဟာ မေလ ၁၀ ရက်နေ့  မနေ့ နေ့လည်ပိုင်းမှာ ဒုတ္တန်ရပ်ကွက် လူသွားလူလာပြတ်တဲ့ သက်ကောတောတစ်နေရာမှာ မုဒိန်းကျင့်သတ်ဖြတ်ခံလိုက်ရတာဖြစ်တယ်လို့ ဖြစ်စဥ်သိတဲ့ပူတာအိုမြို့နေ အမျိုးသမီးတစ်ဦးက KNG ကိုပြောပါတယ်။ “သိရသလောက်သူ့ကို သူတို့မိဘတွေက ဆိုင်ကယ်ဆီထည့်ဖို့ဓာတ်ဆီသွားရှာခိုင်းတာတဲ့ ခိုင်းတာကတော့ နေ့ခင်းကြီးပါပဲ သူတစ်ယောက်ထဲသွားခိုင်းလိုက်တာ နောက်မနက်မှအလောင်းက သက်ကေတောမှာတွေ့တာ။ အိမ်ပြန်မလာတော့ရှာကြည့်တဲ့အခါမှတွေ့တာလို့ပြောပါတယ်။ သက်ကေတောဆိုတော့ လူမြင်ကွင်းရှင်းတဲ့နေရာဖြစ်သွားတာ”လို့သူကပြောပါတယ်။ မုဒိန်းကျင့်သတ်ဖြတ်ခံရတဲ့ အမျိုးသမီးငယ်််ရဲ့ လည်ပင်းပြတ်ရှဒဏ်ရာ၊ ထိုးနက်ထားတဲ့ဒဏ်ရာတွေနဲ့အတူ မုဒိန်းကျင့်ခံထားရတဲ့အနေထားနဲ့ သေဆုံးနေတာလို့သိရပြီး အလောင်းကိုတော့ ဒီနေ့မနက်မှာ ရှာတွေ့ရာကနေ နေအိမ်သယ်ယူခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။ “တော်တော်စိတ်မကောင်းစရာပါ ခလေးမရဲ့လည်ပင်းမှာတော့ဒဏ်ရာတွေတွေ့တယ် ညစ်ထားတာ၊အဲ့လိုတစ်ခုခုနဲ့ထိုးထားတာလုပ်သွားတဲ့လူကိုတော့မမိသေးဘူးပြောတယ်”လို့ နောက်ထပ်အမျိုးသမီးတစ်ဦးက ဆက်ပြောပါတယ်။ ပြစ်မှူကျူးလွန်ထားသူတွေကိုတော့ စုံစမ်းဖော်နေဆဲလို့ဆိုပါတယ်။ ပူတာအိုမြို့နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၂ နှစ်ကုန်ပိုင်း ဒီဇင်ဘာလ ၊ ၂၀၂၃ ခုနှစ် မတ်လ လဆန်းပိုင်းမှာ အသက် ၁၂  နှစ်အရွယ် မိန်းကလေးနှစ်ဦးမုဒိန်းကျင့်ခံခဲ့ရတဲ့ အမှုလည်းရှိခဲ့ပါတယ်။ အသက် ၁၂ နှစ်အရွယ် မိန်းကလေးငယ်နှစ်ဦးကို မုဒိန်းမှုကျူးလွန်ခဲ့တဲ့ အမျိုးသား ၃ ဦးကို ၂၀၂၃ ခုနှစ် မေလ ၃၀ ရက်နေ့ ၆ ကြိမ်မြောက် ရုံးချိန်းတွင် ပူတာအိုခရိုင်တရားရုံးမှ တစ်ဦးကို ထောင်ဒဏ်အနှစ် ၂၀ စီ အမိန့်ချမှတ်လိုက်ပြီဖြစ်ပါတယ်။ ပူတာအိုမှာ အာဏာသိမ်းပြီးနောက် အသက်မပြည့်သေးတဲ့ မိန်းကလေးများ အဓမ္မပြုကျင့်ခံရတဲ့ ဖြစ်စဉ်မကြာခနဖြစ်နေပေမယ့် တရားဥပဒေအရ အရေးယူမှုပိုင်းမှာ အားနည်းတာတွေရှိနေဆဲဖြစ်တယ်လို့  ဒေသခံတွေက ပြောဆိုနေကြပါတယ်။ By – Zaw…

    Read More »
  • 8 May

    နေအိမ် မီးရှို့မှု၊ အရပ်သားပစ်မှတ်တိုက်ခိုက်ခံရမှုနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ (Jan-April, 2024)

    စစ်တပ် အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်တွင် ၂၀၂၁ မှ ၂၀၂၃ အထိ တိုက်ပွဲများ ခပ်ကျဲကျဲရှိခဲ့ရာမှ ၂၀၂၄ နှစ်ဆန်းပိုင်း တွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA က စခန်းသိမ်းတိုက်ပွဲများ ဆင်နွဲခဲ့ချိန် တိုက်ပွဲ ပိုမို ပြင်းထန်လာပြီး…

    Read More »
Back to top button