လက်နက်ကြီး

  • Jun- 2024 -
    14 June
    သတင်း

    ဝိုင်းမော်မှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ ငှက်ပျောခြံလုပ်သားအပါ အရပ်သား ၃ ယောက်ထိခိုက်ဒဏ်ရာရ

    ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ မနေ့က ဇွန်လ ၁၃ ရက်နေ့တစ်ရက်တည်း လက်နက်ကြီးနှစ်ကြိမ် ကျရောက်ပေါက်ကွဲခဲ့ပြီး ငှက်ပျောခြံလုပ်သားတွေပါအဝင် အရပ်သား ၃ ယောက်ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ လူမှုကူညီရေးအသင်းတွေ ဆီကသိရပါတယ်။ မနေ့က ဇွန်လ ၁၃ ရက်နေ့ မနက်ပိုင်း ၈နာရီလောက်မှာ လဘန်ရွာ၊ ညပိုင်း ၈ နာရီလောက်မှာ မိုင်းနား ရေကန်ကြီးကျေးရွာတို့မှာကျရောက်ပေါက်ကွဲခဲ့တာဖြစ်တယ်လို့ ကူညီကယ်ဆယ်ပေးရေးမှာပါဝင်ခဲ့သူ အမျိုးသားတစ်ယောက်ကKNG ကိုပြောပါတယ်။ “ညပိုင်း ၈နာရီလောက်မှာတစ်ကြိမ် ၂ ယောက်ဒဏ်ရာရတယ်။ ကျနော်တို့ကူညီတာကအဲ့တစ်ခုရယ် မနေ့က တစ်ရက်တည်း မနက်ပိုင်း ၈ နာရီလောက်မှာလည်းတစ်ကြိမ် တစ်ယောက်ထိတယ်။ ကျနော်တို့ ကူညီခဲ့တာ အဲ့တာပါပဲ” လို့ပြောပါတယ်။ မိုင်းနား ရေကန်ကြီးကျေးရွာက လက်နက်ကြီးကျရောက်ပေါက်ကွဲမှုဖြစ်စဥ်မှာတော့ မိုင်းနားကျေးရွာ ရေကန်ကြီး ငှက်ပျောခြံလုပ်သားဇနီးမောင်နှံနှစ်ယောက်နဲ့ လဘန်ကျေးရွာလက်နက်ကြီးကျရောက်ပေါက်ကွဲ မှုဖြစ်စဥ်မှာတော့ အသက် ၄၀ နှစ်အရွယ်အမျိုးသမီးတစ်ယောက်တို့ ထိခိုက်ဒဏ်ရာရခဲ့တာဖြစ်ပါတယ်။ ဝိုင်းမော်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်တွေအကြားထိပ်တိုက်ရင်ဆိုင်တိုက်ပွဲတွေမရှိပေမဲ့ နှစ်ဖက်တပ်တွေအကြားစစ်ရေးကတော့တင်းမာနေတာလို့ စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။ ဝိုင်းမော်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ KIA တပ်တွေအကြားစစ်ရေးတင်းမာမှုတွေရှိနေပေမဲ့လည်း ဒေသခံ တစ်ချို့ကတော့ ဘေးလွှတ်ရာကိုထွက်ပြေးတိမ်းရှောင်ဖို့ အကြောင်းအမျိုးမျိုးကြောင့် မတိမ်းရှောင်နိုင်ကြတဲ့ အခြေနေရှိတယ်လို့ ဒေသခံတစ်ယောက်ကအခုလိုပြောပါတယ်။ “အခုကတော့ အခြေနေကစောင့်ကြည့်နေတုန်းပဲ အခုကတကယ်လို့များရွှေ့ပြောင်းရမယ်ဆိုရင် ရှိနေတဲ့ စစ်ဘေးရှောင်တဲတွေကိုပါ အစကပြန်လုပ်ရမလိုဖြစ်တယ်။ ပြီးတော့ ဒီမှာကမပြောင်းကြတာက အဆင် မပြေသူတွေပဲများတယ်။ သူတို့ကိုတင်ပို့သယ်ဖို့ဆိုရင်လည်းအခက်အခဲရှိတယ်။ ပြီးရင်လမ်းအခက်အခဲ ကောပေါ့ “လို့ပြောပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA ရဲ့ ပြန်ကြားရေတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကတော့ စစ်ကောင်စီ တပ်ဘက်က အရပ်သားပစ်မှတ်တွေပါမကျန် ရမ်းသမ်းပစ်ခတ်မှုတွေရှိနေတဲ့အတွက် ဝိုင်းမော်ကဒေသခံ တွေအနေနဲ့ ပိုပြီးလုံခြုံတဲ့နေရာတွေပြင်ဆင်ထားသင့်တယ်လို့ တိုက်တွန်းထားပါတယ်။ ဒီရက်ပိုင်းအတွင်း ဝိုင်းမော်မြို့နယ်ထဲ မြစ်ကြီးနားမြို့ဘက်ကလာတဲ့လက်နက်ကြီးတွေ မကြာခဏ ကျရောက်ပေါက်ကွဲ လေ့ရှိပြီး မနေ့ကပစ်ခတ်တဲ့လက်နက်ကြီးတွေကတော့ ဘယ်ကလာပြီး ဘယ်အဖွဲ့ အစည်းတွေကပစ်ခတ်တယ်ဆိုတာကိုတော့မသိရသေးဘူးလို့ပြောပါတယ်။ KNG သတင်းဌာနရဲ့ ပြုစုထားတဲ့စာရင်းတွေအရတော့ ဝိုင်းမော်မြို့နယ်မှာ နှစ်ဖက်တပ်တွေတိုက်ပွဲစဖြစ်တဲ့ ပြီးခဲ့တဲ့ မေလ ၁၈ ရက်နေ့ကနေ ဒီနေ့အထိကို ထိခိုက်သေဆုံးတဲ့အရပ်သား ၃၀ ကျော်ရှိလာပြီဖြစ်ပါတယ်။ By – အမိုး

    Read More »
  • 13 June
    သတင်း

    ဝိုင်းမော်မြို့ အနီးပတ်ဝန်းကျင်မှာရှိတဲ့ ပြည်သူတွေ လုံခြုံတဲ့နေရာပြင်ဆင်ထားဖို့လိုတယ်လို့ ဗိုလ်မှူးကြီးနော်ဘူပြော

    ကချင်ပြည်နယ် ဝိုင်းမော်မြို့နဲ့ပတ်ဝန်းကျင်မှာရှိတဲ့ ပြည်သူတွေအနေနဲ့ လုံခြုံတဲ့နေရာတွေပြင်ဆင်ထားဖို့လိုတယ်လို့ KIO သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကပြောပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၈ ရက်နေ့လောက်ကစပြီး မြစ်ကြီးနားဘက်ကနေပစ်ခတ်လိုက်တဲ့လက်နက်ကြီးတွေဟာ ဝိုင်းမော်မြို့နယ်ထဲက အရပ်သားတွေနေတဲ့နေရာတွေမှာကျရောက်ပေါက်ကွဲခဲ့ပြီး အရပ်သားသေဆုံးမှုမြင့်တက်လာတာကြောင့် ပြည်သူတွေအနေနဲ့ ဘေးလွတ်ပြီးလုံခြုံတဲ့နေပြင်ဆင်ထားဖို့ လိုတယ်လို့ KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီးနော်ဘူက ခုလိုပြောပါတယ်။ “အဓိကကတော့ စကစဘက်က ရန်သူရှိမရှိဘာမှနားမလည်ဘူး ပြည်သူလူထုရှိတဲ့ဘက်မှာပဲ ရမ်းပစ်နေတာ အဲ့တာကိုတော့ကျနော်တို့ဂရုစိုက်ဖို့လိုပါတယ်။ တိုက်ပွဲမရှိဘူး KIA တွေမရှိဘူးဆိုပြီးမှ ကိုယ့်ရဲ့ နေရာတွေ ရပ်ကွက်တွေကလုံခြုံတာမဟုတ်ဘူးအဲ့တာကိုကျနော်ပြောလိုပါတယ်။ ဒါ့ကြောင့် လုံခြုံတဲ့နေရာတွေတော့ ပြင်ဆင်ထားဖို့ကတော့ လိုတယ်လို့ပြောလိုပါတယ်။”လို့ ဗိုလ်မှူးကြီးနော်ဘူကပြောပါတယ်။ ဒါ့အပြင် တိုက်ပွဲတွေအတွင်း ကျေးရွာရပ်ကွက်တွေမှာရှိတဲ့ ဘာသာရေးအဆောက်အဦးနဲ့စာသင်ကျောင်းတွေမှာ စစ်ရှောင်တွေအနေနဲ့တိမ်းရှောင်နေကြပေမယ့် ဒီနေရာတွေကိုလည်း စစ်တပ်ကပစ်မှတ်ထားတိုက်ခိုက်လာတာကြောင့် လုံခြုံမှုမရှိတော့ဘူးလို့ သူက ဆက်ပြောပါတယ်။ ဒီရက်ပိုင်းအတွင်း စစ်ကောင်စီတပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့် ခတ်ချိုရွာနဲ့ သိမ်ကြီးစုရွာမှာ ဇွန်လ ၁၁ ရက်နေ့နဲ့ ၁၂ ရက်နေ့ နှစ်ရက်ဆက်တိုက်အရပ်သားသေဆုံးမှုတွေရှိခဲ့ပြီး လက်နက်ကြီးကျခဲ့တဲ့နေရာတွေနဲ့ ဝိုင်းမော်မြို့ပတ်ဝန်းကျင်မှာ တိုက်ပွဲကြီးကြီးမားမားဖြစ်တာမရှိဘူးလို့ ဗိုလ်မှူးကြီးနော်ဘူကဆက် ပြောပါ တယ်။ “ဝိုင်းမော်မြို့ရဲ့ပတ်ဝန်းကျင်မှာကတော့တိုက်ပွဲတွေကမရှိပါဘူး ဒါပေမဲ့ စကစဘက်ကတော့ သူတို့ လုံခြုံ ရေး မြှင့်ပြီးမှတစ်ခါတစ်ရံ ထိတွေ့ရင်ဆိုင်တိုက်ပွဲတွေတော့ရှိပါတယ်။ နောက်တစ်ခုက သူတို့ မပခ ဘက်က နေ လက်နက်ကြီးနဲ့ပစ်တာတွေရှိတယ်။ ပြီးတော့ဒရုန်းနဲ့လေကြောင်းတွေရောပေါ့။ မြေပြင်တိုက်ပွဲကြီးကြီး ကျယ်ကျယ်ကတော့မရှိပါဘူး”လို့ပြောပါတယ်။ ပြီးခဲ့တဲ့ မေလ ၁၈ ရက်နေ့ကစလို့ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ပူးပေါင်းတပ်ဖွဲ့တွေဟာ ဝိုင်းမော်မြို့နယ်ထဲက ရွှေညောင်ပင် ခမရ ၃၂၁ တပ်ရင်းကိုပါသိမ်းပိုက်ခဲ့ပြီးနောက် စစ်တပ်က ပစ်ခတ်လိုက်တဲ့လက်နက်ကြီးကြောင့် ခတ်ချိုရွာက အရပ်သား ၁၀  ဦး၊  ဝိုင်းမော်မြို့ သိမ်ကြီးစုက တစ်ဦး၊ လမြန်ရွာက ဒေသခံတစ်ဦး လက်နက်ကြီးထိမှန်သေဆုံးခဲ့ တစ်လအတွင်း လက်နက်ကြီးကျည်ကြောင့် သေဆုံးသူ ၁၂ ဦးနဲ့ ကျည်ထိမှန်သေဆုံးတဲ့အရပ်သား ၂၀ ကျော်အထိရှိလာပြီဖြစ်ပါတယ်။ အဲ့ဒီတိုက်ပွဲကြောင့်ပဲ ဝိုင်းမော်မြို့နယ်ထဲက အရပ်သားသောင်းနဲ့ချီ မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့နယ်ထဲက ဘေးလွှတ်ရာနေရာတွေမှာတိမ်းရှောင်နေကြရတာဖြစ်ပြီး စစ်ကောင်စီတပ်ဘက်ကလည်း ဝိုင်းမော်မြို့အထိ KIA ပူးပေါင်းတပ်ဘက်က စစ်ရေးခြိမ်းခြောက်လာလို့ စစ်ရေးပြင်ဆင်မှုတွေရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ By – အမိုး

    Read More »
  • 11 June
    သတင်း

    ဝိုင်းမော်မှာ လက်နက်ကြီးကျလို့ အမျိုးသမီးတစ်ဦးထပ်မံသေဆုံး

    ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် အမှတ် ၁ ရပ်ကွက် သိမ်ကြီးစုရွာမှာ ဒီကနေ့ နေ့လည် ၁၂ နာရီဝန်းကျင်လောက်က လက်နက်ကြီးကျလို့ အသက် ၅၇ နှစ်အရွယ် အမျိုးသမီးတစ်ဦးထပ်မံသေဆုံးခဲ့ရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ သိမ်ကြီးစုရွာ လမ်းသွယ် ၁၃ လမ်းမပေါ်ကို…

    Read More »
  • 11 June
    သတင်း

    ဝိုင်းမော်မြို့နယ် ခတ်ချို့ရွာလက်နက်ကြီးကျလို့အရပ်သားတစ်ဦးသေဆုံး ၆ ဦးဒဏ်ရာရ

    ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ခတ်ချိုရွာမှာ မနေ့က ညပိုင်း ၈ နာရီလောက်က လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ အရပ်သားတစ်ဦးသေဆုံးခဲ့ပြီး ၆ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကသိရ ပါတယ်။ သေဆုံးခဲ့တဲ့သူဟာ အသက် ၂၆ နှစ်အရွယ် ကိုသားငယ်ဆိုသူဖြစ်ပြီး လက်နက်ကြီးထိမှန်ပြီးနောက် ဝိုင်းမော်ဆေးရုံအရောက်မှာသေဆုံးခဲ့ရတာဖြစ်တယ်လို့ ဒေသခံတစ်ယောက်ကပြောပါတယ်။ “မနေ့ည ၈ နာရီဝန်းကျင်လောက်ကလက်နက်ကြီးကျတာ လူ၇ယောက်ထိတယ်လို့သိရတယ်။ တစ်ယောက် ကတော့ဆုံးသွားတယ်။ မနေ့ညကချက်ချင်းပဲလေ ဖြစ်တာနဲ့ ၄ ယောက်ကို သုံးဘီးနဲ့ချက်ချင်း ပို့တာ ဒါပေမဲ့ အဲ့ ၄ ယောက်ထဲကတစ်ယောက်ကတော့ ဆေးရုံရောက်တာနဲ့ဆုံးသွားတယ်လို့ပြောတယ်။”လို့ပြောပါတယ်။ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့သူတွေကတော့ ကိုအာကာ ၂၈ နှစ်၊ မနန်းပို ၂၆နှစ်၊ အောင်ကျော်မြင့် ၂၇ နှစ်၊ ဒေါ်ညွန့်ခိုင် ၅၀ နှစ်၊ အားရှမ်းကော ၅၀ နှစ် နဲ့ အမည်မသိတဲ့နောက်ထပ်အရပ်သားတစ်ယောက်တို့ ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး ၃ ယောက်က ဒဏ်ရာပြင်းထန်လို့ ဝိုင်းမော်ဆေးရုံကိုပို့ဆောင်ထားတယ်လို့ သိရပါတယ်။ ဇွန်လ ၁၀ ရက်နေ့ မနက်ပိုင်း ၅ နာရီလောက်ကနေ စစ်ကောင်စီနဲ့ KIA ပူးပေါင်းအဖွဲ့တွေ ဝိုင်းမော်မြို့နယ်ထဲမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့သိရပြီး ခတ်ချို၊နောင်စီပေါ စတဲ့ရွာနှစ်ရွာကနေထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေဖြစ်ခဲ့တာလို့သိရပါတယ်။ ဒါ့ကြောင့် စစ်တပ်ကမနေ့ကတစ်နေကုန် လက်နက်ကြီးသံတွေကြားနေခဲ့ရတယ်လို့ ဝိုင်းမော်မြို့နယ် ခတ်ချိုရွာက ဒေသခံတစ်ဦးကပြောပါတယ်။ “လက်နက်ကြီးကတော့ မနေ့ကတစ်နေကုန်ပဲဒါပေမဲ့ဆက်တိုက်တော့မဟုတ်ဘူး တစ်ခါတစ်လေခြောက် လှန့်တာ အဲ့ပုံစံနဲ့လည်းဖြစ်နိုင်တယ်။  အသံတွေကတော့ကြားနေရတယ် ဘယ်ကပစ်နေမှန်းတော့မသိဘူး။”လို့ပြောပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့ မေလ ၁၈ ရက်နေ့ကတည်းက စပြီး ဝိုင်းမော်မြို့နဲ့အနီးတစ်ဝှိုက်မှာရှိတဲ့ စစ်ကောင်စီရဲ့တပ်စခန်းတွေကို သိမ်းပိုက်ဖို့စစ်ရေးအရှိန်မြင့်ခဲ့ရာ ဝိုင်းမော် မြို့အထွက်မှာရှိတဲ့ ရွှေညောင်ပင် ခမရ ၃၂၁ ကိုသိမ်းပိုက်နိုင်ခဲ့ပါတယ်။ အဲ့ဒီလို တပ်စခန်းကြီးကို လက်လွှတ်ခဲ့ရတဲ့ စစ်ကောင်စီတပ်ဘက်ကလည်း ဝိုင်းမော်မြို့ကိုလက်မလွှတ်ရရေးအတွက် အင်အားဖြည့်တင်းတာတွေရှိနေသလို ဧရာဝတီမြစ်တစ်ဖက်ကမ်း မြစ်ကြီးနားမြို့ကနေ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်တာတွေလုပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၈ ရက်နေ့မနက်ပိုင်းကဆိုရင်လည်း ဘယ်အဖွဲ့အစည်းကပစ်ခတ်တဲ့လက်နက်ကြီးမှန်းမသိတဲ့ လက်နက်ကြီး ၃ လုံး ခတ်ချိုကျေးရွာက ဘုန်းကြီးကျောင်းနဲ့ နေအိမ်တစ်လုံးပေါ်ကျရောက်ခဲ့ပြီး ကားတစ်စီး နဲ့ နေအိမ် ခေါင်မိုးပျက်စီးခဲ့တဲ့အပြင် တစ်လအတွင်းမှာ အရပ်သား ထိခိုက်သေဆုံးတာ ၃၀ ဝန်းကျင်ရှိလာပြီဖြစ်ပါတယ်။ By – အမိုး

    Read More »
  • 10 June
    သတင်း

    ဝိုင်းမော်မြို့နယ် ခတ်ချိုကျေးရွာ ဘုန်းကြီးကျောင်းနဲ့လူနေအိမ်ပေါ် လက်နက်ကြီးကျ

    ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ခတ်ချိုကျေးရွာ ဘုန်းကြီးကျောင်းတစ်ခုနဲ့အရပ်သားနေအိမ်ပေါ် ဇွန်လ ၈ ရက်နေ့ မနက်ပိုင်း ၉နာရီဝန်းကျင်လောက်က လက်နက်ကြီးကျရောက်ခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါ တယ်။ ခတ်ချိုရပ်ကွက်မှာရှိတဲ့ ဝေဠုဝန်ဆိုတဲ့ဘုန်းကြီးကျောင်းနဲ့ နေအိမ်တစ်လုံးပေါ်လက်နက်ကြီးကျခဲ့တာဖြစ်ပြီး ဘုန်းကြီးကျောင်းအတွင်းကျရောက်ခဲ့တဲ့ လက်နက်ကြီး၂လုံးက ပေါက်ကွဲခြင်းမရှိလို့လူထိခိုက်မှုတော့မရှိခဲ့ဘူးလို့ သိရပါတယ်။ အရပ်သားနေအိမ်ပေါ်ကျရောက်ပေါက်ကွဲခဲ့တဲ့လက်နက်ကြီးကြောင့်တော့ ကားနဲ့ခေါင်မိုးတွေပျက်စီးခဲ့ရတယ်လို့ ဝိုင်းမော် ခတ်ချိုရပ်ကွက်က ဦးဇင်းတစ်ပါးကမိန့်ပါတယ်။ “ခတ်ချိုအထက်ပိုင်း ဝေဠုဝန်ကျောင်းနဲ့လူနေအိမ်မှာကျတာ လူတွေတော့ထိခိုက်မှုမရှိခဲ့ဘူး မပေါက် ကွဲတာ က နှစ်လုံးဘုန်းကြီးကျောင်းထဲမှာ ဘုန်းကြီးကျောင်းအနောက်ဘက်ကလူနေအိမ်မှာကျတာက လူတော့မထိ ဘူး ကားနဲ့ခေါင်မိုးတွေတော့ပျက်စီးသွားတယ်”လို့ဆိုပါတယ်။ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တဲ့ ဝေဠုဝန်ဘုန်းကြီးကျောင်းတစ်ဝှိုက်မှာ အရပ်သားတွေနေထိုင်ကြတာဖြစ်ပြီး လက်နက်ကြီးကတော့ ဘယ်အဖွဲ့အစည်းကပစ်ခတ်တဲ့လက်နက်ကြီးဆိုတာတော့ အတည်မပြုနိုင်သေးဘူးလို့ဆိုပါတယ်။ ဒါပေမယ့် အခုလို လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် ဝေဠုဝန်ဘုန်းကြီးကျောင်းက ဦးဇင်းနဲ့ ကိုယ်ရင်တွေအပါအဝင် ဘုန်းကြီးကျောင်းအနီးတစ်ဝှိုက်နေထိုင်တဲ့အရပ်သားတွေပါ ဘေးလွှတ်ရာကိုရွှေ့ပြောင်းထားတယ် လို့ အခြေနေသိရှိသူတွေကပြောပါတယ်။ အခုလိုပစ်ခတ်မှုတွေကြောင့် စစ်ရေးတင်းမာနေကြတဲ့ နှစ်ဖက်တပ်တွေ အရပ်သားတွေနေထိုင်ရာဒေသ တွေကိုကြည့်ရှုပြီးရမ်းသမ်းမပစ်ခတ်ကြဖို့ ဝိုင်းမော်မြို့နယ်ထဲက ဝိုင်းရှောင်ဆရာတော်က သူ့ရဲ့လူမှုကွန်ယက် စာမျက်နှာကတစ်ဆင့်တောင်းဆိုထားပါတယ်။ “ ဘုန်းကြီးကျောင်းနဲ့ စစ်ရှောင်စခန်းတွေမှာ သာသနာ့အလံနဲ့ အလံဖြူတွေအကုန်လုံးလွှင့်ထားတယ်။ အခုလည်းထပ်ပြီးသတိပေးပါတယ် နှစ်ဖက်စစ်ခင်းကြတဲ့သူတွေ ပစ်ချင်ရင်လည်းသေချာကြည့်ပြီးပစ်ပါ။ ရမ်းပစ်ရင် မသက်ဆိုင်တဲ့သူတွေအများကြီးထိခိုက်သွားနိုင်တယ်” လို့ဝိုင်းမော်မြို့နယ်က ဝါရှောင်ဆရာတော်ကမိန့်ပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေအကြား ပြီးခဲ့တဲ့ မတ်လ ၁၈ ရက်နေ့ကတည်းက ဝိုင်းမော်မြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေတာဖြစ်ပြီးတော့ အရပ်သားသောင်းနဲ့ချီ ဘေးလွှတ်ရာကိုထွက်ပြေးနေကြရတာဖြစ်ပါတယ်။ အဲ့ဒီမတ်လ ၁၈ ရက်နေ့ကစတင်ခဲ့တဲ့ နှစ်ဖက်တပ်တွေအကြားတိုက်ပွဲမှာ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှု တွေကြောင့် ဝိုင်းမော်မြို့နယ် ခတ်ချိုရပ်ကွက်ကအပါအဝင် အရပ်သား ၁၀ ယောက်ထက်မနည်းသေဆုံးခဲ့ရ ပြီးဖြစ်ပါတယ်။ By – အမိုး

    Read More »
  • May- 2024 -
    23 May
    သတင်း

    ဝိုင်းမော် ခတ်ချိုလက်နက်ကြီးကျလို့ ထိခိုက်ဒဏ်ရာရတဲ့ထဲက အမျိုးသမီးတစ်ယောက်ထပ်မံသေဆုံး

    ဝိုင်းမော်မြို့နယ် ခတ်ချိုရွာ ကွက်သစ်ရပ်ကွက်မှာ ပြီးခဲ့တဲ့ မေလ ၂၀ ရက်နေ့က လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ ထိခိုက်ဒဏ်ရာရတဲ့ထဲက အမျိုးသမီးတစ်ယောက် ဆေးကုသမှုခံယူရင်း ဒီကနေ့ပဲသေဆုံးသွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ အဲ့ဒီလက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တဲ့ဖြစ်စဥ်မှာ ကလေးငယ် ၂ ယောက်အပါအဝင် အရပ်သား ၆ ယောက်ပွဲချင်းပြီးသေဆုံးခဲ့တာဖြစ်ပြီးတော့ ၁၁ ယောက်ကထိခိုက်ဒဏ်ရာရခဲ့ရာ ဆေးကုသမှုခံယူနေရင်းသေဆုံးသွားတာလို့ ဒေသခံတစ်ယောက်ကပြောပါတယ်။ “ဒီနေ့တစ်ယောက်ဆုံးတယ် အဲ့ဒီဒဏ်ရာရတဲ့သူထဲကတစ်ယောက်ဆုံးတာ အမျိုးသမီးဟုတ်တယ်။ မနက်ဖြန်မှ သင်္ဂြိုဟ်မယ်“လို့ပြောပါတယ်။ သေဆုံးခဲ့သူအမျိုးသမီးဟာ အသက် ၅၆ နှစ်အရွယ်ရှိပြီဖြစ်ပြီးတော့ ဝမ်းဗိုက်မှာဒဏ်ရာရရာကနေ ၃ ရက်အကြာ ဆေးကုသမှုခံယူရင်းသေဆုံးခဲ့တာဖြစ်ပါတယ်။ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းအဖွဲ့တွေဟာ ပြီးခဲ့တဲ့ မေလ ၁၈ ရက်နေ့ ကစတင်ပြီးတော့ တိုက်ပွဲတွေပြင်းထန်ခဲ့ရာကနေ စစ်ကောင်စီတပ်ဘက်က မြစ်ကြီးနားမြို့ဘက်ကနေ လက်နက်ကြီးတွေနဲ့ဆက်တိုက်ပစ်ခတ်နေတာလို့ ဒေသခံတွေကဆိုပါတယ်။ ဒါ့အပြင် ဒီကနေ့မနက်ပိုင်းမှာဆိုရင်လည်း စစ်ကောင်စီကလေကြောင်းကနေ ရမ်းသမ်းပစ်ခတ်ခဲ့တာတွေ လုပ်ခဲ့တယ်လို့ ပြောပါတယ်။ “ဒီနေ့မနက် လေယာဥ်နဲ့ပစ်တော့ ရွှေညောင်ပင်ပန်းကုန်းက ကျောင်းဓမ္မာရုံကိုသွားထိတယ် နည်းနည်းထိ သွားတာပေါ့ ဒီမနက်က ၅ နာရီလောက်ကနေ လေယာဥ်ကဝဲနေတာ စောင့်ကြည့်နေတာပေါ့အခုပုံစံက တော့”လို့ဒေသခံတစ်ယောက်ကပြောပါတယ်။ တစ်ဖက်မှာတော့ အခုလိုနှစ်ဖက်တိုက်ပွဲတွေပြင်းထန်လာတာနဲ့အတူ ဒီနေ့အထိ ဝိုင်းမော်မြို့ပေါ်ကဒေသခံ တွေရော ကျေးရွာပေါင်း ၂၀ကျော်ကဒေသခံ သောင်းနဲ့ချီဘေးလွှတ်ရာကိုထွက်ပြေးနေကြတယ်လို့ ဒေသခံ တွေကပြောပါတယ်။ ခတ်ချိရွာမှာ ပြီးခဲ့တဲ့ မေလ ၁၈ ရက်နေ့က တိုက်ပွဲစဖြစ်တဲ့နေကနေ ဒီနေ့အထိ လက်နက်ကြီး နှစ်ကြိမ်တိုင်တိုင် ကျရောက်ပေါက်ကွဲခဲ့ပြီးတော့ အရပ်သား ၇ ယောက်သေဆုံးခဲ့ပြီဖြစ်သလို ၁၄ ယောက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ ဒေသခံတွေပြောဆိုချက်အရ ခတ်ချိုကျေးရွာရဲ့ မျက်နှာချင်းဆိုင် ဧရာဝတီမြစ်တစ်ကမ်း ဇီးကျွန်းမှာ စစ်တပ်က လက်နက်ကြီးထောင်ထားပြီး အဲဒီကနေ ပစ်ခတ်နေတော့ ခတ်ချိုရွာရဲ့နောက်ကျောမှာရှိတဲ့ ကွက်သစ်ရပ်ကွက်ထဲ ကျရောက်ပေါက်ကွဲနေတာလည်းဖြစ်ပါတယ်။ By – အမိုး

    Read More »
  • 21 May
    သတင်း

    လမြန်ကျေးရွာမှာ အမျိုးသမီးတစ်ဦးလက်နက်ကြီးထိမှန် သေဆုံး

    ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် လမြန်ကျေးရွာမှာ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံးခဲ့တယ်လို့ သေဆုံးသူမိသားစုဝင်တွေနဲ့ နီးစပ်သူဆီကနေ သိရပါတယ်။ မေလ ၁၉ ရက်နေ့ ည ၁၀ နာရီခွဲဝန်းကျင် ဝိုင်းမော် ၅ ၈ တပ်ရင်းကနေ ပစ်လိုက်တဲ့လက်နက်ကြီး လမြန်ကျေးရွာထဲ ကျရောက်ပေါက်ကွဲတာကြောင့် ဦးချမ်လွေ့လွမ်ဟောင်းရဲ့ဇနီး အသက် ၅၃နှစ်အရွယ် ဒေါ်ညီးချီရော်ကိုထိမှန်ပြီး ပွဲချင်းပြီးသေဆုံးသွားခဲ့တယ်လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူဒေသခံတစ်ဦးက ခုလိုပြောပါတယ်။ “သူက  လက်နက်ကြီးအသံတွေ အရမ်းကြားနေရလို့ဆိုပြီး ရှောင်ဖို့အတွက် အပြင်ကိုထွက်လာတာ အိမ်ကိုတော့ မမှန်ဘဲ သူဆီမှာထိပြီးဆုံးသွားတာလို့ ကြားတယ်”လို့ဆိုပါတယ်။ သေဆုံးသွားတဲ့ အမျိုးသမီးကိုတော့  မေလ ၂၀ ရက်နေ့ မနေ့က မနက်ပိုင်း မြုပ်နှံသဂြိုလ်လိုက်ပြီလို့ လမြန်ကျေးရွာပြည်သူတွေဆီကနေ သိရပါတယ်။ ဒါ့အပြင် ခလရ ၅၈ တပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့် ဝူယန်ကျေးရွာနဲ့ လမြန်ကျေးရွာက နေအိမ်တစ်ချို့လည်းပျက်ဆီးခဲ့ရတယ်လို့ သူကခုလိုဆက်ပြောပါတယ်။ “အိမ်ကတော့ ဝူယန်အိမ်နှစ်အိမ်ပါသွားတယ် ပြီးတော့ လမြန်ကအိမ်တစ်အိမ်ကတော့ မီးဖိုချောင်အကုန်ပါသွားတယ်”လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၅ ရက်နေ့ မနေ့ညနေ ၆ နာရီဝန်းကျင် ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ကချင်ပြည်သူ့ကာကွယ်ရေးတပ် KPDF အဖွဲ့ ဝူယန်ပြည်သူ့စစ်စခန်းဂိတ်နေရာကို လာရောက်ပစ်သွားပြီးနောက် ဝူယန်ကျေးရွာမှာအထိုင်ချထားတဲ့ပြည်သူ့စစ်စခန်းကနေ ပစ်လိုက်တဲ့လက်နက်ကြီး လမြန်ကျေးရွာထဲကျရောက်ပေါက်ကွဲခဲ့တဲ့တွက် နေအိမ်တစ်ချို့ ထိမှန်ထားတဲ့အပြင် ဒေသခံပြည်သူတစ်ဦးရဲ့ ဝက်တွေလည်းကျည်ထိမှန်သေဆုံးခဲ့တာဘဲ ဖြစ်ပါတယ်။ လက်ရှိမှာလည်း ကေအိုင်အေပူးပေါင်းတပ်တွေကကချင်လွတ်လပ်ရေးတပ်မတော် KIA ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ ဝိုင်းမော်မြို့နယ်ထဲက စစ်တပ်စခန်းတွေထဲမှာ ရွှေညောင်ပင် ခမရ ၃၂၁ တပ်ရင်းစခန်းတစ်ခုသာကျန်ရှိနေပြီး ဒီနေ့အချိန်ထိတိုက်ပွဲပြင်းထန်နေဆဲဖြစ်သလို တိုက်ပွဲက ဝိုင်းမော်မြို့ပေါ်ဘက်ကို ဦးတည်လာနေတာကြောင့် ဝိုင်းမော်မြို့နယ်ထဲက ရွာပေါင်း ၁၅ ရွာထက်မနည်း ထွက်ပြေးတိမ်းရှောင်နေကြပြီ ဖြစ်ပါတယ်။ By – Hope

    Read More »
  • 20 May
    သတင်း

    မြစ်ကြီးနားမြို့မှာ ဘာတွေဖြစ်နေလဲ

    “အိမ်တောင်လှုပ်ပါတယ်ဆို အမိုးတွေကအစ တော်တော်ကိုကျယ်တယ်ကြီးတယ်၊ ဘာလက်နက်လည်း တော့လည်းခန့်မှန်းလို့တောင်မရပါဘူး ၃ ရက်ရှိပြီ ဒီမနက်လည်းကြားတယ်၊ ဒီမနက်လည်းတော်တော်ကို ကျယ်တယ်၊ ညလည်းတစ်ညလုံးပဲ မနေ့ကဆို နေ့ကို တစ်နေကုန်ပဲဆော်နေတာ” ဒါ့ကတော့ ဒီရက်ပိုင်းအတွင်း မြစ်ကြီးမြို့တစ်မြို့နယ်လုံးနီးပါးကနေ လက်နက်ကြီးသံတွေဆက်တိုက်ကြားနေရတဲ့အခြေနေကို မြစ်ကြီးနားမြို့ဒေသခံတစ်ယောက်ပြောပြတာပါ။ ကချင်ပြည်နယ်…

    Read More »
  • 15 May
    သတင်း

    ဟဲလုံသစ်ရွာမှာနေ့တိုင်းလက်နက်ကြီးကျရောက်ပေါက်ကွဲလို့ ဒေသခံများ ရွာကနေထွက်ပြေးတိမ်းရှောင်နေရ

    ဗန်းမော်မြို့နယ် ဟဲလုံသစ်ရွာမှာ လက်နက်ကြီးအဆက်မပြတ်ကျရောက်ပေါက်ကွဲနေတာကြောင့် ဒေသခံပြည်သူများ နီးစပ်ရာကျေးရွာဘက်ကို ထွက်ပြေးတိမ်းရှောင်နေရပြီးကူညီထောက်ပံ့မှုတွေလိုအပ်နေတယ်လို့ ဟဲလုံသစ်ရွာ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ မေလ ၁ ရက်နေ့ကနေ မေလ ၁၃ ရက်နေ့ထိ ဗန်းမော်ဘက်ကနေ ပစ်ခတ်လိုက်တဲ့လက်နက်ကြီးကျည် ရွာထဲဆက်တိုက်ကျရောက်ပေါက်ကွဲနေတဲ့အတွက် နေအိမ်၊ အဆောက်အအုံအများအပြား ပျက်စီးသွားပြီးဖြစ်တယ်လို့ ဟဲလုံဒေသခံ အမျိုးသားတစ်ယောက်က ကိုပြောပါတယ်။ “အိမ်းအမိုးတွေ ပျက်စီး၊ အုပ်နံရံတွေ ကွဲ၊ တံခါးတွေ အကုန်ပျက်စီး ခေါင်းမိုးတွေဆိုရင်လည်း ဇကာပေါက်တွေလို ဖြစ်နေပြီ၊ မီးဖိုချောင်တွေဆိုရင် ရစရာကိုမရှိတော့ဘူး၊ ခုံတွေဆိုရင် အပေါ်ထိ လွင့်သွားတာ၊ မီးလောင်သွားတဲ့ အိမ်လည်းရှိတယ်”လို့ပြောပါတယ်။ မေလ ၁၁ ရက်နေ့ နေ့လည် ၁၂ ဝန်းကျင် လက်နက်ကြီးတစ်လုံး လူနေအိမ်တည့်တည့် ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် အရပ်သားတစ်ဦးထိခိုက်သေဆုံးခဲ့သလို နောက်ထပ်ဒဏ်ရာရရှိတဲ့သူတွေလည်းရှိခဲ့တယ်လို့ သိရပါတယ်။ လက်နက်ကြီးကြောင့် ထိခိုက်ဒဏ်ရာပြင်းထန်သူ ၂ ဦးကို လိုင်ဇာဆေးရုံးမှာ ပို့ဆောင်ထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်တွေအနေနဲ့ ရွာထဲလှည့်လည်တာမျိုးတွေရှိနေပြီး စစ်ဆေးမေးမြန်တာတွေလည်း မကြာခဏပြုလုပ်လေ့ရှိတဲ့အပြင် လက်နက်ကြီးတွေကြောင့် ကျေးရွာအတွင်း နေထိုင်လို့ အဆင်မပြေတော့ဘူးလို့ သူကဆက်ပြောဆိုပါတယ်။ “ကျွန်တော်တို့လည်း ပြောတာဘဲ တောင်းပန်တာဘဲ ဒါပေမဲ့ပစ်တာဘဲ၊ ပစ်ချင်ရင် ဘယ်ရက်မှာဖြစ်ဖြစ်ပစ်တယ်၊ သူတို့က ဘယ်နားကျတာလဲဆိုပြီးမေးလာတော့ ရွာထဲမှာဘဲပြန်ကျတယ်၊ လူသေတယ် ပြောတော့ ဝမ်းနည်းပါတယ်ပြောပြီး ပစ်တာဘဲ အဲ့ညမှာဘဲ၊ မေးရင်လည်း မဖြေရင်အခက် ဖြေရင်လည်း ပစ်နေတာဘဲ ဘာမှမထူးဘူးလေ”လို့ပြောပါတယ်။ ဟဲလုံသစ်ကျေးရွာမှာ လူဦးရေ ၁၀၀၀ကျော်၊ အိမ်ထောင်စု ၂၂၇ စုရှိတာဖြစ်ပြီး  ဒေသခံတွေဟာစားဝတ်နေရေးအတွက် လယ်ယာကိုအဓိကလုပ်ကိုင်စားသောက်နေကြတာဖြစ်ပေမဲ့ ဒီရက်ပိုင်းလယ်ကွင်းထဲထိ လက်နက်ကြီးကျရောက်ပေါက်ကွဲနေတာကြောင့် လယ်ဝင်ဖို့လည်း ခက်ခဲနေကြတယ်လို့ ဆိုပါတယ်။ ခုလို ရွာထဲနေ့ည ဆက်တိုက် လက်နက်ကြီးတွေကျရောက်နေတာကြောင့် ဟဲလုံသစ် ဒေသခံတွေဟာ ရွာနဲ့ ၆ မိုင်အကွာမှာရှိတဲ့ တိမ်းသော်ရွာမှာ သွားရောက်ခိုလှုံနေကြပြီး ကူညီထောက်ပံ့မှုတွေ လိုအပ်နေတာဖြစ်တယ်လို့ ဆိုပါတယ်။ ဒေသခံတွေရဲ့ ပြောပြချက်အရ ဗန်းမော်မြို့ ၅မိုင် နမ့်ဖားဂိတ်မှာ စစ်ဆေးမေးမြန်းတာတွေ အတင်းအကြပ်လုပ်ဆောင်နေတဲ့အပြင် ရိုက်နှက်တာတွေလည်းရှိတဲ့အတွက် ဟဲလုံသစ် ဒေသခံတွေအနေနဲ့ ဗန်းမော်မြို့ဘက်ဝင်ရောက်ဖို့အတွက်လည်း အခက်အခဲတွေရှိနေတာဖြစ်တယ်လို့ ဆိုပါတယ်။ ဗန်းမော်ခရိုင် မိုးမောက်နဲ့ မံစီမြို့မှာ မြို့တွင်းတိုက်ပွဲပြင်းထန်နေဆဲဖြစ်ပြီး KIA ပူးပေါင်းတပ်ဘက်က မြို့တွင်းနေရာတွေကိုထိန်းချုပ်ထားနိုင်ပြီဖြစ်ပေမယ့် စစ်တပ်စခန်းတစ်ချို့ကို သိမ်းပိုက်နိုင်ဖို့ ကျန်ရှိနေသေးတာကြောင့် တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာဖြစ်ပါတယ်။ By – Bu Bu

    Read More »
  • 13 May
    သတင်း

    စီအင်ရွာမှာ  လက်နက်ကြီးကျည်ထိမှန်လို့ အသက် ၈၀ နှစ်အရွယ်အဘိုးတစ်ဦးနဲ့ ရွာသားတစ်ဦးသေဆုံး

    ဗန်းမော်ခရိုင် မိုးမောက်မြို့ စီအင်ကျေးရွာမှာ လက်နက်ကြီးကျည်ထိမှန်လို့ အသက် ၈၀ အရွယ်အဘိုးတစ်ဦးနဲ့ အမည်မသိအမျိုးသားတစ်ဦးသေဆုံးနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ တိုက်ပွဲကြောင့် မိုးမောက်မြို့နယ် စီအင်ကျေးရွာနေပြည်သူတွေဟာ ဘေးလွတ်ရာ တော၊တောင်နဲ့ ဗန်းမော်ဘက်ကို ထွက်ပြးတိမ်းရှောင်နိုင်ခဲ့ကြပေမဲ့ အသက်ကြီးတဲ့သူတွေနဲ့ မသန်စွမ်းတဲ့သူတစ်ချို့ ရွာမှာကျန်နေခဲ့တာဖြစ်ပါတယ်။ ရွာမှာကျန်ခဲ့တဲ့သူတွေထဲမှာ လေဖြတ်နေတဲ့ အသက် ၈၀ အရွယ် ဦးငွားချီးလည်းပါဝင်တယ်လို့ သိရပြီး မေလ ၁၀ ရက်နေ့  မိသားစုဝင်တွေက ဦးငွါးချီးကို ကယ်ထုတ်ဖို့သွားခဲ့ချိန်မှာတော့ လက်နက်ကြီးကျည်ထိမှန်ထားတဲ့ဒဏ်ရာနဲ့ နေအိမ်အတွင်း သေဆုံးနေတယ်လို့ ဒေသခံအမျိုးသမီးတစ်ယောက်က ပြောပါတယ်။ “ဘယ်အချိန်မှာသေတာလည်းတော့ ရက်အတိအကျမသိဘူး ၁၀ ရက်နေ့ဆိုတာကလည်း သူ့သားတွေ သွားကယ်ထုတ်တဲ့နေ့မှာတွေ့လို့ ရက်သတ်မှတ်လိုက်တာဘဲရှိတာ အလောင်းကလည်း ပုပ်ပွနေပြီတဲ့၊ ရွာထဲမှာ မြုပ်ခဲ့ဖို့လည်းအချိန်မရခဲ့ဘူး၊ မြင်ဘဲမြင်ခဲ့ရပြီး ချက်ချင်းပြန်ထွက်ခဲ့ရတာတဲ့”လို့ပြောပါတယ်။ ဒါ့အပြင် နောက်ထပ် အမည်အသိယောကျ်ား အလောင်းတစ်ခုလည်း ရွာလမ်းမကြီးမှာ ရှိနေတယ်လို့ သိရပါတယ်။လက်နက်ကြီးကျည်ထိမှန်သေဆုံးနေတဲ့ ဦးငွါးချီးနဲ့ အမည်မသိအမျိုးသားကို ဒေသခံတစ်ချို့နဲ့ မိသားစုဝင်တွေက မြေမြုပ်သဂြိုလ်ဖို့ပြင်ဆင်ခဲ့ကြပေမယ့် တိုက်ပွဲပြင်းထန်နေတာကြောင့် သဂြိုလ်ချိန်မရဘဲနေအိမ်ထဲမှာဘဲ ပစ်ထားခဲ့ရတယ်လို့ သိရပါတယ်။   လက်ရှိမှာတော့ မိုးမောက်မြို့တွင်း ကျန်နေခဲ့တဲ့ဒေသခံပြည်သူအားလုံးကို မေလ ၁၀ ရက်နေ့ သွားရောက်ကယ်ထုတ် နိုင်ခဲ့ပြီဖြစ်တယ်လို့ ဆိုပါတယ်။ “အဲ့ဒီနေ့မှာဘဲ အကုန်လုံးကို ကယ်ထုတ်လာနိုင်ခဲ့တာ၊ အခုရွာမှာ ဘယ်သူ့မှ မရှိတော့ဘူး၊ ဒါပေမဲ့ အလောင်းတော့ သယ်လာလို့မရလိုက်ဘူးပေါ့၊ တစ်ခြား မိုးမောက်မြို့ပေါ်တွေမှာတော့ ဘယ်လိုလဲမပြောတတ်ပေမဲ့ စီအင်မှာတော့ မရဘူး”လို့နောက်ထပ်ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။ ပြီးခဲ့တဲ့ မေလ ၈ ရက်ည ၉ နာရီ ဝန်းကျင် စီအင်ကျေးရွာအတွင်း လက်နက်ကြီးအဆက်မပြတ် ကျရောက်ခဲ့တဲ့အတွက် အမျိုးသားတစ်ယောက်သေဆုံးခဲ့ပြီးတော့ နောက်ထပ်အမျိုးသားတစ်ယောက် ဒဏ်ရာပြင်းထန်ရရှိခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ဗန်းမော်မြို့ လီဆူစစ်ရှောင်စစ်ရှောင်စခန်းမှာ လာရောက်ခိုလှုံနေကြတဲ့ စီအင်ကျေးရွာဒေသခံတွေဟာ လက်နက်ပစ်သံတွေမကြာခဏကြားနေရတဲ့အတွက် ထပ်မံတိမ်းရှောင်သွားကြပြီဖြစ်တယ်လို့ စစ်ရှောင်ကူညီသူ အမျိုးသားတစ်ယောက်က ပြောပါတယ်။ “သူတို့က လေယာဉ်ကွင်းနဲ့ ကပ်တော့ ပစ်သံတွေ မခံနိုင်လောက်အောင်ပစ်နေကြတဲ့အတွက်  မံစီမြို့နယ် မံသာရွာဘက်ကို အများကြီးထွက်ပြေးသွားကြပြီ၊ လမ်းကြောင်းတွေ ကလည်းထပ်ပိတ်လိုက်တော့ ကျန်နေတဲ့ ၈၀ လောက် ဘယ်မှထွက်လို့မရဘူး ဖြစ်နေတယ်”လို့ပြောပါတယ်။ စစ်တပ်ဘက်က တိုက်ပွဲဖြစ်ပွားနေတဲ့ မိုးမောက်နဲ့ မံစီမြို့ဘက်ကို ဗန်းမောက်မြို့တွင်းတပ်က အမြှောက်လက်နက်ကြီးတွေနဲ့ နေ့ည မပြတ်တိုက်ဆက် စစ်ကူပစ်ခတ်ပေးနေတာ တစ်ပတ်ကျော် ကြာမြင့်လာပြီဖြစ်တယ်လို့ ဗန်းမော်ဒေသခံတွေက ပြောပါတယ်။ လက်ရှိမှာတော့ ဗန်းမော်မြို့တွင်းမှာလက်နက်ကြီးသံတွေ အဆက်မပြတ်ကြားနေရပြီး မြို့တွင်းတိုက်ပွဲဖြစ်လာမှာ စိုးရိမ်တဲ့အတွက်  ထပ်မံထွက်ပြေးတိမ်းရှောင်နေကြသူတွေလည်း ရှိနေတယ်လို့ သိရပါတယ်။  By – Bu Bu

    Read More »
Back to top button