သတင်း

ရှဒူးဇွပ် KBC ဆုတောင်းကုန်းမှာ ပြည်သူ့စစ်အဖွဲ့ လက်နက်ကြီးတပ်ချပြီး ထပ်မံ နေရာယူ

လီဒိုလမ်းမပေါ်၊ ဝါရာဇွပ်ကျေးရွာအုပ်စု ရှဒူးဇွပ် (Jahtu Zup) ကျေးရွာရှိ နှစ်ခြင်းခရစ်ယာန်ဘာသာရေး မြေနေရာဖြစ်တဲ့ ဆုတောင်းတောင်ကုန်းပေါ်မှာ ပြည်သူ့စစ်အဖွဲ့က လက်နက်ကြီးနဲ့ တပ်ချလိုက်ပြီလို့ ဒေသခံတွေ ပြောပါတယ်။

စစ်ကောင်စီ လက်အောက်ခံ မင်းဇေသန့်ပြည်သူ့စစ်အဖွဲ့ဟာ စစ်တပ်အာဏာသိမ်းပြီး ၂၀၂၂ ခုနှစ်မှာလည်း ရှဒူးဇွပ်ကျေးရွာရှိ ကက်သလစ်အသင်းတော်ပိုင် ဆုတောင်းကုန်းကို လက်နက်ကြီးအထိုင်ချတပ်စွဲလိုက်တာ ဒီကနေ့ထိ ဖြစ်ပါတယ်။

အလားတူ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှာ နောက်ထပ် ကချင်နှစ်ခြင်းခရစ်ယာန် KBC အသင်းတော်ရဲ့ ဆုတောင်းကုန်း မြေနေရာမှာ ထပ်မံပြီးတော့ လက်နက်ကြီးအထိုင်ချ တပ်စွဲလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိ ရှဒူးဇွပ်ကျေးရွာရှိ ခရစ်ယာန်ဘာသာရေးအသင်းအဖွဲ့ပိုင် ဆုတောင်းကုန်းပေါ်မှာ ပြည်သူ့စစ်အဖွဲ့က လက်နက်ကြီးချထားတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ဒေသခံတစ်ဦးက KNG ကို အခုလို ပြောပါတယ်။

မင်းဇေသန့် ပြည်သူ့စစ်အဖွဲ့တွေ တပ်စွဲထားတဲ့ နေရာ ၅ နေရာလောက်ရှိပါတယ်။ အခုဆိုရင် ကိုင်းတောစခန်း၊ စံပြစခန်း၊ ရှဒူးဇွပ်အဝင်တံတား စခန်း၊ မင်းဇေသန့်နေအိမ် KBC အသင်းတွေရဲ့ ဆုတောင်းတောင် နေရာက စခန်း၊ RC ကက်သလစ် ဆုတောင်းတောင် စခန်း၊ လောလောဆယ်က ဒီနေရာတွေမှာ တပ်စွဲနေရာယူထားတယ်။ KBC ဆုတောင်းကုန်းနေရာမှာက မနှစ်က ၂၀၂၄ နိုဝင်ဘာနဲ့ ဒီဇင်ဘာလ လောက်မှာ တပ်စွဲလိုက်တယ်။ အရင်တုန်းကတော့ RC တွေရဲ့ ဆုတောင်းကုန်းနေရာမှာပဲ တပ်စွဲထားတာဟုတ်တယ် လို့ ပြောပါတယ်။

ရှဒူးဇွပ်ဒေသမှာ စစ်တပ်အာဏာသိမ်းပြီး ၂၀၂၃ ခုနှစ် သုံးနှစ်တာ ဝန်းကျင်အထိ ပြည်သူ့စစ်ခေါင်းဆောင် မင်းဇေသန့် နေအိမ်၊ စံပြကျေးရွာ ပြည်သူ့စစ်စခန်း၊ RC ဆုတောင်းတောင်၊ ရှဒူးဇွပ်တံတား နဲ့ ကိုင်းတောရွှေမှော်စတဲ့ နေရာတွေမှာ အခိုင်မာ တပ်စွဲနေထိုင်ခဲ့တာ ဖြစ်ပါတယ်။

၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းမှာ ယခင်က တပ်မစွဲသေးတဲ့ KBC အသင်းတော်ပိုင် ဆုတောင်း တောင်မှာ ပြည်သူ့စစ်အဖွဲ့ရဲ့ လက်နက်ကြီး တပ်ချလိုက်သလို ဘန်ကောက်ကျေးရွာအဝင်မှာလည်း ဂိတ်စခန်းတစ်ခု တပ်စွဲလိုက်တာဖြစ်ပါတယ်။

KBC ဆုတောင်းတောင်မှာ မင်းဇေသန့် ပြည်သူ့စစ်အဖွဲ့က တပ်စွဲ လက်နက်ကြီး ချလိုက်တဲ့အပေါ်  ကန့်ကွက်တဲ့အကြောင်း နောက်ထပ် ဒေသခံတစ်ဦးက အခုလိုပြောပါတယ်။

အမှန်တော့ သူ့နေရာနဲ့ သူရှိနေကြတာပဲ။ စစ်နေရာ စစ်နေရာ၊ ဘာသာရေးက ဘာသာရေး။ အခုလိုမျိုး ဘာသာရေးနဲ့ သက်ဆိုင်တဲ့ နေရာမှာ စစ်နေရာလုပ်လိုက်တာက တမင်ဒေသခံ ယုံကြည်သူ အသင်းတော်တွေကို လက်နက်ကိုင်ပြီး ဖိနှိပ်နေတယ်လို့ပဲ မြင်ပါတယ်။ ပြည်သူ့စစ်ကနေ ရွာထဲမှာ အဲ့လိုတွေ လုပ်လို့ ကျနော်တို့ဒေသမှာ ရှင်သန်နေထိုင်ရတဲ့အခါ လုံခြုံမှု လုံးဝမရှိတော့ဘူး” လို့ ပြောပါတယ်။

ဝါရာကျေးရွာအုပ်စုမှာ ပြည်သူ့စစ်အဖွဲ့တွေ တပ်စွဲထားတဲ့ နေရာတွေမှာ ယခင်ကထက် လက်နက်အင်အား၊ လူအင်အား ပိုမိုဖြည်တင်းထားပြီးတော့ တပ်စခန်း နေရာ ၆ ခုခန့်အတွက်  ပြည်သူ့စစ်အင်အား ၃၀၀ နဲ့ ၄၀၀ ကြားမှာ ရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒေသအတွင်း နှစ်ဖက်စစ်တပ် အပြန်အလှန် စစ်ရေးလှုပ်ရှားမှုတွေ ခပ်စိပ်စိပ်ဖြစ်လာပြီး စစ်ရေးတင်းမာလာတာ နှစ်ပတ်ခန့်ကြာမြင့်လာပြီ ဖြစ်ပါတယ်။

ဒါကြောင့် ဝါရာဇွပ်ကျေးရွာတစ်ခုလုံးက တိုက်ပွဲဖြစ်လာမှာကို စိုးရိမ်တဲ့အပြင် အသက်အန္တရာယ်စိုးရိမ်ရတဲ့အခြေနေမှာ ကြုံတွေ့နေရတာကြောင့် ဝါရာဇွပ်ကျေးရွာတစ်ခုလုံး နီးပါး ဘေးကင်းရာကို ထွက်ပြေးတိမ်းရှောင်နေကြတာဖြစ်ပါတယ်။

၂၀၂၃ ခုနှစ်မှာ ပြည်သူ့စစ်ခေါင်းဆောင် မင်းဇေသန့် နေအိမ်၊ စံပြကျေးရွာ၊ ရှဒူးဇွပ်တံတား၊ ကိုင်းတောမှော် ပြည်သူ့စစ်နေရာအားလုံးကို KIA က ဝိုင်းရံပိတ်ဆို့တိုက်ခိုက်ခဲ့မှု ရှိခဲ့ပါတယ်။

အဲဒီနောက် တစ်နှစ်ကျော်ခန့်အကြာ တိုက်ပွဲပြန်လည်ငြိမ်သက်သွားခဲ့တာ ဖြစ်ပါတယ်။

ကချင်ပြည်နယ်အရှေ့ဘက်ခြမ်းအများစုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က အပြီးသတ်သိမ်းပိုက်လိုက်ပြီးနောက် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ လဆန်းပိုင်းအတွင်းမှာတော့ ပြည်နယ်အနောက်ဘက် လီဒိုလမ်းပေါ်မှာ စစ်ရေးတင်းမာလာတာဖြစ်ပါတယ်။

တနိုင်းမြို့နယ်မှာ စစ်ကောင်စီ ဒကစ နဲ့အတူ လီဒိုလမ်းမပေါ်မှာ စစ်ကောင်စီတပ်အများအပြား တည်ရှိနေဆဲ ဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button