သတင်း

ကချင်မှာ အာဏာသိမ်း လေးနှစ်တာအတွင်း အရပ်သားသေဆုံးမှု ၅၆၀ ဦး ခန့်အထိ ရှိခဲ့

စစ်တပ် အာဏာသိမ်းကာလ လေးနှစ်အတွင်း ကချင်ဒေသမှာ စစ်တပ်ရဲ့ အရပ်သားများအပေါ် လေကြောင်းပစ်ခတ်မှု၊ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် အရပ်သားသေဆုံးမှု ၅၆၀ ဦးခန့်အထိ ရှိခဲ့တယ်လို့ သိရပါတယ်။

လေကြောင်းတိုက်ခိုက်မှု၊ တိုက်ပွဲဖြစ်ပွားမှုနဲ့  လက်နက်ကြီးပစ်ခတ်မှုဖြစ်စဉ်တွေကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စုစုပေါင်း သေဆုံးသူ ၇၇၅၇ ဦး အထိရှိခဲ့ရာ ကချင်ဒေသမှာ ၅၆၀ ဦးရှိခဲ့တာဖြစ်တယ်လို့ Myanmar Pace Monitor MPM ရဲ့  စုစည်းထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။

လေးနှစ်တာကာလအတွင်း ၂၀၂၄ ခုနှစ်ထဲမှာ သေဆုံးမှု အများဆုံးဖြစ်တယ်လို့ MPM coordinator ကို နှင်းကိုဦးက ပြောပါတယ်။

တိုက်ပွဲ ကာလအတွင်းမှာ သေဆုံးမှုဖြစ်စဉ် အဖြစ်ဆုံးကိုပြောရမယ်ဆိုရင်တော့ ၂၀၂၄ ခုနှစ်အတွင်းမှာက ပြီးခဲ့တဲ့ နှစ်တွေထက်စာရင် ပိုပြီးများလာတယ်။ များလာတာတောင် နှစ်ဆနီးပါလောက်ရှိတယ်။ ဒေတာအရကြည့်မယ်ဆိုရင် တိုက်ပွဲကာလအတွင်းမှာ သေဆုံးတဲ့ အရပ်သားအရေအတွက်တွေက တစ်နှစ်နဲ့ တစ်နှစ်တော့ မတူဘူး။ ၂၀၂၄ မှာက ၁၇၁ ဦးအထိရှိခဲ့တယ် လို့ ပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် မဟုတ်ဘဲ တိုက်ပွဲအတွင်းသေဆုံးခဲ့တဲ့ အရပ်သားဦးရေမှာ လေးနှစ်တာအတွင်း ၄၀၅ ဦးရှိခဲ့ပြီး အဲဒီအထဲ ၂၀၂၄ မှာတော့ အများဆုံးရှိခဲ့ပါတယ်။

ဒါ့အပြင် လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့တဲ့ အရပ်သားဦးရေမှာ ၂၀၂၂ ခုနှစ် ၈၃ ဦး၊ ၂၀၂၃ ခုနှစ် ၃၂ ဦး နဲ့ ၂၀၂၄ မှာ ၃၄ ဦး စုစုပေါင်း ၁၄၉ ဦးရှိခဲ့ပါတယ်။

စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ တိုက်ပွဲအတွင်း သေဆုံးခဲ့တဲ့ အရပ်သား စုစုပေါင်း ၅၆၀ ခန့်ထဲမှာ ကလေးသူငယ်၊ သက်ကြီးရွယ်အိုနဲ့ အမျိုးသမီးလူဦးရေ အများဆုံးပါဝင်တယ်လို့ သိရပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်ထဲမှာ ကချင်ဒေသ တိုက်ပွဲတချို့ရှိခဲ့သော်လည်း တိုက်ပွဲကြောင့် အရပ်သားသေဆုံးမှု မရှိသလောက် နည်းပါးခဲ့တယ်လို့ သိရပါတယ်။

Myanmar Peace Monitor MPM ရဲ့ အချက်အလက်တွေဟာ သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်နဲ့ ဒေသအတွင်း ကူညီဆောင်ရွက်ပေးနေတဲ့ လူမှုအဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်တွေကနေ စုစည်းခဲ့တယ်လို့ ဆိုပါတယ်။

ကချင်ပြည်နယ် တစ်ဝှမ်း ၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၁ ရက်နေ့က စတင်ပြီး ဖုန်းနဲ့ အင်တာနက်လိုင်း ဖြတ်တောက်ခံထားရဖြစ်ပြီး ဆက်သွယ်ရေး အခက်အခဲကြောင့် တိုက်ပွဲနဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း အရပ်သား သေဆုံးမှုအချက်အလက်တွေကို အသေးစိတ် ဖော်ပြနိုင်ရန် သတင်းဌာနတွေကလည်း ခက်ခဲလာနေတာဖြစ်ပါတယ်။

ဒါကြောင့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်ခံရမှုအပြင် တိုက်ပွဲနဲ့ လက်နက်ကြီးကြောင့် သေဆုံးသွားတဲ့ အရပ်သားပြည်သူတွေရဲ့ သေဆုံးမှုစားရင်ဟာ မြေပြင်စာရင်းနဲ့ ကွာဟမှုနိုင်တယ်လို့လည်း MPM တာဝန်ရှိသူတွေ ပြောပါတယ်။

စစ်တပ်အာဏာသိမ်း လေးနှစ်တာအတွင်း ကချင်ပြည်နယ်အတွင်း ဖားကန့်ဒေသ KIO တပ်မဟာ ၉ နယ်မြေဖြစ်တဲ့ အနန့်ပါ၊ KIO ဌာနချုပ် လိုင်ဇာမြို့အနီးရှိ မုန့်လိုင်ခက် စစ်ရှောင်စခန်း၊ မြို့သစ်ကုန်းလောကျေးရွာတွေမှာ လေယာဉ်ဗုံးကြဲခံရတဲ့အတွက် အရပ်သားအစုပြုံလိုက် သေဆုံးခဲ့ရတာဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button