သတင်း

မြန်မာနယ်စပ်သို့် တရုတ် တိုက်ခိုက်ရေး တပ်ဖွဲ့၏ စစ်စခန်းများ အမြန် တည်ဆောက်နေ

တရုတ်အစိုးရသည် မြန်မာပြည်နှင့် နယ်နမိတ်ချင်း ဆက်စပ်သည့် ၎င်း၏ ယူနန်ပြည်နယ်၊ မန်ဟိုင်းမြို့တွင် ယခင် နယ်ခြားစောင့် တပ်များသာ ထားရှိခဲ့ရာမှ ယခု တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်ဖွဲ့ (People’s Liberation Army) ၏ စစ်စခန်းများ အမြန် တည်ဆောက်နေပါသည်။

ယခုချိန် ဆောက်လုပ်ခြင်း ပြီးစီးတော့မည့် ထို မန်ဟိုင်း တရုတ် တိုက်ခိုက်ရေး စစ်စခန်းသည် မြန်မာဘက်ခြမ်း ရှမ်းပြည်နယ် မြောက်ပိုင်း မုံဂိုးမြို့နှင့် တစ်မိုင်ခန့် အကွာတွင် တည်ရှိသည်။

စစ်စခန်းတွင် (၄) ထပ်တိုက်ဆောင်တစ်ခုနှင့် ၎င်း၏အနီးတဝိုက်တွင် တိုက်ငယ် အဆောင်များစွာကိုလည်း တည်ဆောက်နေကြောင်း ဒေသခံမျက်မြင်သက်သေများ ကချင်သတင်းဌာနသို့ ပြောပါသည်။

မုံဂိုးမြို့ခံတစ်ဦးက “အရင်က အဲတာတွေမရှိဘူး။ ခုတော့ မန်ဟိုင်း တိုက်ဆောက်တာ ပြီးတော့မယ်။ အဲတာပြီးတာနဲ့တော့ စစ်တပ်တွေ ဆင်းလာမယ်လို့ပြောတယ်။ သူတို့နှစ်သစ်ကူးပြီးရင်။” ဟု ပြောသည်။

၎င်းစစ်စခန်းအား ဆောက်လုပ်ပြီးပြီးချင်း PLA တိုက်ခိုက်ရေးတပ် တပ်ရင်းတစ်ရင်း အခြေစိုက်မည်ဖြစ်ကြောင်း နယ်စပ် တရုတ်စစ်တပ်နှင့်နီးစပ်သည့် သတင်းရပ်ကွက်က ဆိုပါသည်။

နှစ်နိုင်ငံနယ်စပ်တွင် တရုတ်စစ်တပ်စခန်း အမြန်ပြီးစီးအောင် တည်ဆောက်နေခြင်းအား “အရင်က အဲ့မှာ စစ်တပ် မထားရဘူး။ နယ်ခြားစောင့်တပ်ပဲရှိတာ အခုအဲမှာ စစ်တပ်ကိုယ်၌ လာထိုင်မယ်ဆိုတော့ တစ်ခုက မြန်မာစစ်တပ်ကို မယုံလို့ ဖြစ်နိုင်တယ်။ တစ်ခုကတော့ ဒီ တော်လှန်ရေးအဖွဲ့တွေကို ထိန်းချုပ်နိုင်ဖို့ အချိန်ပြည့် စောင့်ကြည့်ဖို့အတွက် ထားရှိတာဖြစ်မယ်။” ဟု ဒေသခံမှ သုံးသပ်ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လမှ စစ်စခန်းအား အမြန်ပြီးအောင် နေ့ည မရပ်မနား တည်ဆောက်နေကြောင်းကိုလည်း ဒေသခံ မျက်မြင်သက်သေများ ပြောပါသည်။ စစ်စခန်း ဆောက်လုပ်နေခြင်းအား မည်သူမှ ဓါတ်ပုံရိုက်ယူခြင်း မပြုနိုင်အောင် တရုတ်စစ်သားများ စောင့်ကြပ်နေကြောင်း စုံစမ်း သိရှိရပါသည်။

နှစ်နိုင်ငံနယ်စပ် ပြဿနာနှင့် ဆက်စပ်ပြီး တရုတ်-မြန်မာ စစ်ပွဲများ ပြီးခဲ့သည့် ၁၉၄၉ မှ ၁၉၈၈ နှစ်အတွင်း ဖြစ်ပေါ်ခဲ့သည်။

ယခုတဖန် မြန်မာစစ်အစိုးရသည် တရုတ်၏ မဟာပြိုင်ဘက် အမေရိကန် အစိုးရနှင့် ပိုမို ဆက်သွယ်လာခြင်းကြောင့် တရုတ်-မြန်မာ အရေးအခင်း တဖန်ဖြစ်လာနိုင်ပါသည်။ သို့သော်လည်း တရုတ်ဘက်က များစွာစိုးရိမ်ခြင်း မရှိကြောင်း သိရသည်။

အကြောင်းရင်းကတော့ စစ်ရေးအတွေ့အကြုံရှိပြီး အသက်အရွယ် ငယ်သေးသည့် တရုတ်စစ်သားဟောင်း ၂ သိန်းကျော်သည် မြန်ပြည်အတွင်း (အထူးသဖြင့် အောက်မြန်မာပြည်) ပြီးခဲ့သည့် ၄ နှစ်ကတည်းက စီးပွါးရေးခေါင်းစဉ် အမျိုးမျိုးသပ်ကာ ရောက်ရှိနေခြင်းကြောင့် ဖြစ်ကြောင်း နယ်စပ် တရုတ်အာဏာပိုင်များနှင့် နီးစပ်သည့် သတင်းရပ်ကွက်က ဆိုပါသည်။

နယ်စပ်ရှိ တရုတ်နိုင်ငံရေး လေ့လာသူ တစ်ဦးကလည်း “တရုတ်အစိုးရဟာ ၎င်း၏ မြန်မာပြည်ရှိ ကြီးမားတဲ့ ရင်းနှီးမြှပ်နှံမှု ရှူံးဆုံးသွားခြင်းထက်၊ မြန်မာပြည်သို့ အမေရိကန် ဝင်လာမည့်အရေးကို အစိုးရိမ်ဆုံး ဖြစ်တယ်။” ဟု ပြောသည်။

ယခုလို မြန်မာနယ်စပ်ဘက်သို့ တရုတ်တိုက်ခိုက်ရေးတပ်များ ထားရှိရန် ပြင်နေခြင်းသည် မြန်မာ စစ်ခေါင်းဆောင်များ နှင့် အမေရိကန် အရာရှိများကြား ပိုမိုတွေ့ဆုံလာခြင်းပေါ် တရုတ်၏ တုံ့ပြန်မှုတစ်ခု ဖြစ်နိုင်ကြောင်း နယ်စပ် နိုင်ငံရေး လေ့လာသူများ သုံးသပ်ကြပါသည်။

Show More

Related Articles

Back to top button