လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

ဆရာမ ၂ ဦး အဓ္ဓမပြုကျင့် သတ်ခံရမှု အစိုးရပေါ်တာဝန်ရှိဟု ဆို

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC)၏ ပညာရေးဌာနမှ သာသနာပြုနေသည့်  ကချင်ကျောင်းဆရာမ နှစ်ဦး အဓမ္မပြုကျင့်ခံရ၍ သတ်ဖြတ်ခံရမှုကို တရားမျှတမှုနှင့် အမှုမှန်ပေါ်လွင်၍ ထိရောက်စွာ အရေးယူပေးရန်နှင့် ယခု ဖြစ်ပွားမှုအပေါ် အစိုးရအပေါ် တာဝန်ရှိသည်ဟု ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ ကိုမြအေးက ပြောဆိုခဲ့သည်။

ကျောင်းဆရာမ နှစ်ဦး မတရား သတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍ ကချင်ပြည်သူထုထုနှင့်အတူ ရှိနေကြောင်း ပြသသောအားဖြင့် ဇန်နဝါရီလ ၂၃ ရက်တွင် ကျင်းပသော ဈာပန အခမ်းအနားတက်ရောက်ခဲ့သော ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမြအေးက ယင်းသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“ကျနော်တို့ လာတာ ဒီဆရာမလေးနှစ်ယောက် သတ်ဖြတ်ခံရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ကချင်ပြည်သူလူထုနဲ့ အတူ ရှိတယ်ဆိုတာကို ပေါ်လွင်စေချင်လို့ လာတာပါ။ အစိုးရက နိုင်ငံသူ နိုင်ငံသားတွေရဲ့ အေးချမ်းစွာ နေထိုင်ရေးဆိုတဲ့ ဘဝအာမခံချက်၊ ဘဝလုံခြုံမှု မပေးနိုင်ဘူး ဆိုလို့ရှိရင် ဒီအစိုးရက အစိုးရ တစ်ရပ်လို့ မမီပါဘူး။ အဲဒါကြောင့်မို့ ဒီကိစ္စနဲ့ပတ်သက်လို့ အစိုးရမှာ အဓိက တာဝန်ရှိတယ်လို့ ပြောချင်ပါတယ်” ဟု သူက ပြောသည်။

“ကျနော်မြင်တာက လူ ၆ သောင်း ၇ သောင်းလောက်ရှိတယ်ထင်တာဘဲ။ အရမ်းများတယ်။ သူတို့အားလုံးကို ကြည့်ရင် စိတ်ချမ်းသာစရာ တစက်မှ မရှိဘူး။ အားလုံးက ထိခိုက်ခံစားနေရတဲ့ အခြေအနေ၊ မကျေလည်တာ တွေ ဖြစ်နေတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျနော်မြင်တာက အမှုမှန်ဖော်ထုတ်ပြီးတော့ ထိထိ ရောက်ရောက် အရေးယူပေးဖို့ အစိုးရမှာတာဝန်ရှိတယ်လို့ ကျနော်မြင်တယ်” ဟု ကိုမြအေးက ပြောသည်။

ထိုဈာပန အခမ်းအနားသို့ ကိုမြအေး အပါအဝင် ကိုပြုံးချို၊ ကိုစိုးထွန်း၊ မနီလာသိန်း၊ မစန်းစန်းမော်၊ မသင်ဇာခိုင်တို့ တက်ရောက်ခဲ့ပြီး ရန်ကုန်မြို့မှ အရပ်ဘက် လူ့အဖွဲ့အစည်းမှ အမျိုးသမီးအဖွဲ့မှ ကိုယ်စားလှယ် နော်စူစန်နာလှလှစိုးတို့လည်း တက်ရောက်ခဲ့သည်ဟု သိရသည်။

ယနေ့ ဇန်နဝါရီလ ၂၃ ရက် နံနက် ၉ နာရီချိန်တွင် ကချင်ပြည်သူလူလူထု လူဦးရေ ၅ သောင်းကျော်သည် မြစ်ကြီးနားမြို့ ရှမ်းစုတောင်ရပ်ကွက်ရှိ KBC ရုံးချုပ်မှ တပ်ကုန်းရပ်ကွက်ထိ ဆရာမနှစ်ဦး၏ အခေါင်းကို လမ်းလျှောက်၍ ထိုမှသည် နောင်နန်းကျေးရွာရှိ အေဒီ ၂၀၀၀ ခန်းမထိ ကားဖြင့် ဆက်လက် သယ်ဆောင်၍ ထို AD 2000 ခန်းမတွင် ဆုတောင်းဝတ်ပြုမှု ပြုလုပ်ကာ KBC ကချင်နှစ်ခြင်းခရစ်ယာန်ဘာသာဝင်များ၏ မော်ကွန်းဝင် ပုဂ္ဂိုလ်များကို သဂြိုလ်သည့် ဂျော်ဘွမ်သုဿာန်တွင် သဂြိုလ်ခဲ့ခြင်း ဖြစ်သည်။

အလားတူ ရန်ကုန်၊ ရှမ်းပြည်နယ်၊ တရုတ်နယ်စပ် လိုင်ဇာ၊ မိုင်ဂျာယန် စသည့် နေရာများ အပါအဝင် နေရာအများအပြားရှိ ကချင်နှစ်ခြင်းခရစ်ယာန်ဘာသာဝင်များက ဝမ်းနည်းခြင်း အထိမ်းအမှတ် ဆုတောင်းဝတ်ပြုမှုများ ပြုလုပ်ခဲ့ကြသည်။

ထိုကချင်အမျိုးသမီး နှစ်ဦး အဓမ္မပြုကျင့်သတ်ဖြတ်ခံရမှုအပေါ် ဝမ်းနည်းခြင်း အထိန်းအမှတ်အဖြင့် ဇန်နဝါရီလ ၂၃ ရက် နံနက် ၉ နာရီတွင် မဟာဗန္ဓုလပန်းခြံတွင် လူထု ၃၀ ခန့် လွမ်းသူ့ပန်းခွေချခဲ့သည်ဟု Facebook လူမှုကွန်ယက် တွင် ဖော်ပြထားသည်။

ဇန်နဝါရီလ ၁၉ ရက် ညက ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် နမ့်တောင်းမြို့နယ် ကောင်းခါးကျေးရွာရှိ ကချင်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းဝင်းရှိ ကျောင်းဆရာမ မရန်လုရာနှင့် တန်ဘောင်ခေါန်နန်စင်တို့ နေထိုင်နေသော နေအိမ်အတွင်း အဓမ္မပြုကျင့်ခံရ၍ သေဆုံးခဲ့ခြင်း ဖြစ်သည်။

ဇန်နဝါရီလ ၂၀ ရက်တွင် သေဆုံးသူ ကျောင်းဆရာမ နှစ်ဦး၏ အလောင်းကို ရှမ်းပြည်နယ် မူဆယ်ဆေးရုံတွင် ဆေးစစ်ချက်များ ယူ၍ ဇန်နဝါရီလ ၂၁ ရက်တွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့သို့ သယ်ယူခဲ့ရာ လမ်းတစ်လျှောက် ကချင်ပြည်သူလူထုက ဖယောင်းတိုင်မီးများ ကိုင်ဆောင်၍ ကြိုဆိုကာ ဝမ်းနည်းခြင်း ဆုတောင်းဝတ်ပြုမှုများ ပြုလုပ်ခဲ့ရာ ထောင်နှင့်ချီသောလူထုများ လိုက်ပါပို့ဆောင်ခဲ့ကြသည်။

အဆိုပါ ကောင်းခါးကျေးရွာအတွင်း အစိုးရ၏ ခမရ တပ်ရင်း (၅၀၃) တပ်စွဲထားပြီး အခင်းဖြစ်နေရာ အနီးတစ်ဝိုက် စစ်ဖိနပ်ရာများ၊ စစ်ခါးပတ်စသော အသုံးအဆောက်များ တွေ့ရှိရသဖြင့် ဒေသခံများက စစ်တပ်ဟု စွပ်စွဲပြောဆိုမှုများ ရှိနေသည်။

ဆရာမ နှစ်ဦးသည် ထိုးသွင်းဒဏ်ရာ၊ ပြတ်ရှဒဏ်ရာနှင့် ဦးခေါင်းပေါက်ပြဲ ဒဏ်ရာတို့ဖြင့် သေဆုံးနေကြောင်း တွေ့ရှိရပြီး အခင်းဖြစ်နေရာမှ သွေးစွန်းနေသည့် စတီးဓါး တစ်ချောင်းနှင့် ထင်းချောင်း တစ်ချောင်းနှင့် အခြား သေးလွန်စများ တွေ့ရှိရသဖြင့် ပြည်နယ်အစိုးရမှ မူဆယ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးစီးပါဝင်သည့် စုံစမ်းစစ်ဆေးရေး ခုံရုံးဖွဲ့စည်းကာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်ဟု ဆရာမ နှစ်ဦး အသတ်ခံရမှုနှင့် ပတ်သက်၍ ပြန်ကြားရေးဝန်ကြီးဌာနက ဇန်နဝါရီလ ၂၂ ရက်က သတင်းထုတ်ပြန်ထားသည်။

Show More

Related Articles

Back to top button