လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

မတရားပြုကျင့်သေဆုံးခဲ့ အမှုမှန် ဖော်ထုတ်ရန်လို

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) မှ စေတနာ့ဝန်ထမ်း ကျောင်းဆရာမ နှစ်ဦးအတွက် ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ ကချင်ပြည်သူ လူထုများကလည်း ဝမ်းနည်းခြင်း ဆုတောင်းပွဲ အခမ်းအနားကို ဇန်နဝါရီလ ၂၅ ရက်တွင် ကျင်းပကာ အမှုမှန်ဖော်ထုတ်ရန် တောင်းဆိုလိုက်သည်။

ကျောင်းဆရာမ နှစ်ဦး၏ အမှုနှင့် ပတ်သက်၍ မြန်မာအစိုးရက တာဝန်ယူ၍ အမှုမှန်ဖော်ထုတ်ပေးရန် ဆုတောင်းခြင်းနှင့်တကွ တောင်းဆိုလိုက်ခြင်းဖြစ်သည်။

ချင်းမိုင်ရှိ ကချင်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်း (WCC)တွင် ဘာသာပေါင်းစုံမှ ကချင်ပြည်သူလူထုများက ကျောင်းဆရာမ နှစ်ဦး အဓမ္မပြုကျင့်ခံရ၍ သေဆုံးခဲ့မှုအပေါ် မိသားစု၊ မိခင် ကချင်ပြည်သူများနှင့်အတူ ထပ်တူ ဝမ်းနည်းကြေကွဲသော အထိန်းအမှတ်အဖြစ် ဆုတောင်းပွဲ ကျင်းပရခြင်းလည်း ဖြစ်သည်ဟု WCC အသင်းတော်၏ ကော်မတီခေါင်းဆောင် ဦးဂျာဝါဇော်က ပြောသည်။

“အဓမ္မပြုကျင့်ခံရတဲ့ ဆရာမနှစ်ဦးအတွက် ဝမ်းနည်းကြေကွဲရတယ်။ ဒီလို ဝမ်းနည်းကြေကွဲနေရတဲ့အချိန်မှာ ကျနော်တို့ ထိုင်းနိုင်ငံရောက်နေတဲ့ ကချင်ပြည်သူ လူထုကလည်း ထပ်တူ ခံစားရတယ်ဆိုတာကို ပြသတဲ့ ခွန်အားယူ ဆုတောင်းပွဲ လုပ်တာဖြစ်တယ်” ဟု သူက ပြောသည်။

မွန်လွဲပိုင်း ၂ နာရီမှ ၄ နာရီထိ ပြုလုပ်ကျင်းပခဲ့ပြီး ချင်းမိုင်မြို့ရှိ ခရစ်ယာန် သာသနာပေါင်းစုံမှ ဆုတောင်းပွဲသို့ ကချင်ပြည်သူလူထုပေါင်း ၂၀၀ ကျော် တက်ရောက်ခဲ့သည်။ ထိုအခမ်းအနားတွင် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ၏ ဒုတိယ ဥက္ကဌဟောင်း ဗိုလ်ချုပ်ကြီး ဂေါ်ရီဇော်ဆိုင်း က ခွန်အားပေးအမှာစကား ပြောကြားခဲ့သည်။

ထို့ပြင် ကချင်အမျိုးသမီးအစည်းအရုံး (KWAT) ကလည်း ဆရာမနှစ်ဦး အဓမ္မပြုကျင့်ခံရ၍ သေဆုံးမှု ဓါတ်ပုံများနှင့် တည်နေရာပြသခြင်းဖြင့် အသေးစိတ် အချက်အလက်များကို တင်ပြခဲ့သည်။ ထိုအခင်းဖြစ်ပွားသည့်နေရာမှ ပေ ၂၀၀ တွင် အကွာအဝေးတွင် အစိုးရ၏ ခမရ ၅၀၃ တပ်က အခြေချနေပြီး ကျေးရွာအတွင်း လုံခြုံရေးယူထားသဖြင့် အစိုးရ စစ်တပ်က သတ်ဖြတ်ခဲ့သည်ဟု ပြောဆိုနေခြင်း ဖြစ်သည်။

အစိုးရ စစ်တပ်နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်တို့ တိုက်ပွဲ စတင်ဖြစ်ပွားခဲ့သော၂၀၁၁ ခုနှစ်စတင်၍ လက်ရှိ ကချင်ကျောင်းဆရာမနှစ်ဦး အမှု အပါအဝင် မြန်မာအစိုးရ စစ်တပ်က အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အဓမ္မ ပြုကျင့်ခြင်း၊ သတ်ဖြတ်ခြင်း ခံရသည့် အမှုပေါင်း ၇၄ မှု ရှိနေပြီ ဖြစ်ကြောင်း KWAT က တွဲဘက် တာဝန်ခံ မဆိုင်းဇင်က ပြောသည်။

“သူတို့နှစ်ယောက်က KBC က စေတနာ့ဝန်ထမ်းတွေ ဖြစ်တယ်။ သူတို့နှစ်ယောက်က အမျိုးသမီးနဲ့ ပတ်သက်တယ်။ ဒီလိုမျိုး အမျိုးသမီးတွေ အများအပြား အဓမ္မနှိပ်စက်ခံရတာကို ပိုသိလာတယ်။ အခုက ဘယ်လောက် များတယ်ဆိုတာ အားလုံး သိသွားပြီ။ ဒီအမှုကို အစိုးရ စစ်တပ်က တပ်ရင်းမှူးတွေက စစ်ဆေးနေပြီလို့ပြောတယ်။ ဆရာမ နှစ်ဦးရဲ့ လက်ထဲက ဆံပင်တွေကို သူတို့ စစ်ဆေးဖို့ ယူသွားတယ်။ ဒါပေမဲ့ သူတို့ ဒီလို စစ်ဆေးခဲ့ပေမဲ့ စစ်ခုံရုံး တရားရုံးမှာဘဲ မပြီးဘူး။ အရင်က KWAT က ကောက်ခံထားတဲ့ အမှုအများဆုံးကို ခုံရုံးက အဆုံးသတ်ခဲ့တယ်။ အရပ်သား တရားရုံးကို ပို့ပြီး စစ်ဆေးတာ နှစ်မှု လောက်ဘဲ ပါတယ်။ အရပ်သားတရားရုံးဆိုပေမဲ့ အပြစ်ပေးတာတွေ မရှိဘူး”

ဆရာမ နှစ်ဦး၏ သေမှုသေခင်းနှင့် ပတ်သက်၍ နိုင်ငံတကာ စုံစမ်းစစ်ဆေးရေးအဖွဲ့နှင့် အမျိုးသမီးအဖွဲ့များ ပါဝင်သည့် လွတ်လပ်သည့် စုံစမ်းစစ်ဆေးရေး အဖွဲ့ ဖွဲ့စည်း၍ စစ်ဆေးရန် မဆိုင်းဇင်က တိုက်တွန်း ပြောဆိုသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် ပန်ဆိုင်းမြို့နယ် နမ့်တောင်းကျေးရွာအုပ်စု ကောင်းခါးကျေးရွာ ကချင်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းရှိ နေအိမ်တွင် စေတနာ့ ဝန်ထမ်း ကျောင်းဆရာမ မရန်လုရာ (Maran Lu Ra) နှင့် တန်ဘောင်ခေါန်နန်စင် (Tangbau Hkawn Nan Tsin) တို့ နှစ်ဦး ဇန်နဝါရီလ ၁၉ ရက် သန်ခေါင်တွင် အဓမ္မပြုကျင့်ခံရ၍ သေဆုံးခဲ့သည်။

သူတို့၏ ဈာပန အခမ်အနားကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့ AD 2000 ခန်းမတွင် ပြုလုပ်၍ ဂျော်ဘွမ်သုဿနန် (Jaw Bum Lupding Lupra) တွင် ဇန်နဝါရီလ ၂၃ ရက်က ကချင်ပြည်သူလူထု သောင်းနှင့်ချီ လိုက်ပို့၍ သဂြိုလ်လိုက်သည်။

အလားတူ အခင်းဖြစ်ပွားခဲ့သော ကောင်းခါးကျေးရွာရှိ ဘုရားကျောင်းတွင်လည်း မနက်ဖြန် ဇန်နဝါရီလ ၂၆ ရက်တွင် ကျောင်းဆရာမ နှစ်ဦး သေဆုံးမှုအပေါ် ဝမ်းနည်းခြင်း သတိရ ဆုတောင်းပွဲ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

Show More

Related Articles

Back to top button