သတင်း

တရုတ်ငှက်ပျောစိုက်ခင်းတွင် ကုမ္မဏီနှင့် အလုပ်သမားများကြား လစာနှင့်ပတ်သက်ပြီး အငြင်းပွားမှုဖြစ်

ဝိုင်းမော်မြို့နယ် ဒိန်ဂျန်ကျေးရွာအနီးရှိ တရုတ်တစ်သျှုးငှက်ပျောကုမ္မဏီတစ်ခုတွင် လုပ်ခလစာနှင့်ပတ်သက်ပြီး အလုပ်သမားများနှင့် ကုမ္မဏီဘက် တာဝန်ခံများ အငြင်းပွားမူဖြစ်နေကြောင်း ငှက်ပျောခင်းတွင် အလုပ်လုပ်ကိုင်နေသူများထံမှ သိရသည်။

လခ လစာကြိုထုတ်ပေးရန်အတွက် ညှိနိုင်းထားသော်လည်း ကြိုထုတ်ပေးခြင်းမရှိသည့်အပြင် အလုပ်ဆင်းရန် ကုမ္မဏီဘက်မှ စေခိုင်းလာသည့်အတွက် ဖြစ်သည်ဟု အလုပ်သမားများနှင့် ကုမ္မဏီကြား စကားပြန်လုပ်ပေးသူ ကိုအားဆန်းက ခုလိုပြောပါသည်။

“သူတို့ပြောထားတဲ့အတိုင်း ရိက္ခာဝယ်ဖို့လစာကြိုထုတ်ပေးမယ်ပြောထားကြပြီး ခုထိမထုတ်ပေးကြဘူး။ ထုတ်ပေးမယ်ဆိုပြီး တစ်ရက်ပြီးတစ်ရက်ချိန်းနေတာ ဒီနေ့က လစာကြိုမထုတ်ပေးတဲ့အပြင် အလုပ်လာဆင်းခိုင်းနေကြတယ်။ အလုပ်သမားတွေကလည်း လစာကြိုမထုတ်ရင် မဆင်းနိုင်ဘူးပြောတော့ မဆင်းနိုင်တဲ့သူ အိပ်ယာလိပ်ပြီးပြန်ဆိုပြီး ပြောလာလို့ ကျနော်စိတ်အရမ်းတိုချင်တာနဲ့ အဲကုမ္မဏီက တာဝန်ခံတစ်ယောက်ကိုတောင် ၂ ချက်စွဲထိုးလိုက်တယ်။ မတရားလုပ်တာတော့ ကျနော်လည်း မကြည့်နိုင်ဘူးဆိုပြီး” စကားပြန်လုပ်သူ ကဆိုသည်။

တစ်သျှူးငှက်ပျောစိုက်ခင်းတွင် နေ့စားလုပ်ကိုင်သူများရှိသကဲ့သို့ အပင်ပြတ်လုပ်ကိုင်သူများလည်းရှိကြောင်း ၎င်းကဆက်ပြောသည်။

ယခုပြသာနာဖြစ်နေသည့် သူများသည် အပင်ပြတ်လုပ်ကိုင်နေကြသူများဖြစ်ပြီး တရုတ်တစ်သျှူးကုမ္မဏီဘက်မှ အလုပ်သမားများအတွက် ၁၅ရက်လျှင် တစ်ကြိမ် တစ်လလျှင် လစာ ၂ကြိမ်ကြိုထုတ်ပေးရန် သဘောတူထားကြောင်း သိရပါသည်။

သို့သော်လက်ရှိတွင် အပင်ပြတ်လုပ်ကိုင်နေကြသည့်အလုပ်သမားများအား ၁၅ ရက်ကျော်လွန်နေပြီ ဖြစ်သော်လည်း လစာကြိုထုတ်ပေးခြင်းမရှိသေးကြောင်း ယင်းဌက်ပျောစိုက်ခင်းတွင် အလုပ်လုပ်ကိုင်နေသူ ဦးလုတ်စိန်ယိန်းချန်းက ခုလိုပြောသည်။

“ကျနော်တို့မှာ ရိက္ခာဝယ်စရာလည်း ပိုက်ဆံမရှိတော့ဘူး။ စားဖို့သောက်ဖို့ ဆေးဖိုးတွေအားလုံးက အဲပိုက်ဆံရမှ အဆင်ပြေမှာ တစ်ချို့ဆိုနေမကောင်းတာတောင် ဆေးဝယ်သောက်ဖို့ ပိုက်ဆံမရှိကြဘူး။ တစ်ကယ်ဘဲ ကျနော်တို့ပြည်သူတွေကို တရုတ်ကုမ္မဏီတွေကအရမ်းနိုင်စားတယ်။”ဟု ပြောပါသည်။

အပင်ပြတ်သမားများသည် တစ်ဦးလျှင်ငှက်ပျောပင် ၂၅၀၀ တာဝန်ယူရပြီး ၄င်းတွင် ငှက်ပျောပင်များအား ပေါင်းရှင်းခြင်းမှ ငှက်ပျောခိုင်ခုတ်လို့ရသည့် အထိပြုစုကြရကြောင်း ပြောပါသည်။

ပေါင်းရှင်းရန်အတွက် အပင်ပြတ်သမားများသည် နေ့စားများပြန်ခေါ်ကြပြီး နေ့စားခကို ကုမ္မဏ်ီဘက်မှ ရှင်းပေးထားပြီး လစာထုတ်သည့်အချိန် ကုမ္ပဏီမှ ပြန်လည် နုတ်ယူကြောင်း သိရပါသည်။

နေ့စားတစ်ရက်လျှင် ၆၀၀၀ ဖြစ်ပြီး အပင်ပြတ်လုပ်ကိုင်ကြသူများသည် ငှက်ပျောခိုင်ခုတ်သည့်ချိန်မှသာ ငှက်ပျောခိုင်အလေးချိန်ပေါ်မူတည်ပြီး တစ်ကျင်းတွင် တရုတ်ယွမ်ငွေပြား၃၀ခန့် ရကြောင်း ယင်းငှက်ပျောခင်းတွင် အလုပ်လုပ်ကိုင်နေသူများက ဆိုသည်။

အပင်ပြတ်လုပ်ကိုင်သူများသည် ယခုပေါင်းရှင်းချိန်မှစကာ စတင်လုပ်ကိုင်ကြပြီး လစာအားငှက်ပျောခုတ်ချိန်မှ ရကြသည့်အတွက် လစာအနည်းငယ်ကြိုထုတ်ပေးရန် နှစ်ဦးသဘောတူလက်မှတ်ရေးထိုးကြသည်။

“ စာချုပ်မှာတော့ တစ်လကို ၈သောင်းကြိုပေးရန်ဆိုပြီး ပါတယ်။ ဒါပေမယ့်တစ်ချို့က နားလည်မူနဲ့ ပိုပေးတဲ့ဟာတွေလည်း ရှိတယ်ကြားတယ်။ ချုပ်တာကတော့ သူတို့အချင်းချင်း နှစ်ဖက်သဘောတူနဲ့ ချုပ်ကြတာဖြစ်တယ်။ ဒါပေမယ့် ခုလိုပြသာနာတွေဖြစ်လာရင်တော့ ရပ်ကျေးအုပ်ချုပ်ရေးအနေနဲ့ ကူညီဖြေရှင်းပေးနေပါတယ်။” ဆိုပြီး ဒိန်ဂျန်အုပ်ချုပ်ရေးမှူး ဦးနော်ဆန့်ကပြောသည်။

လက်ရှိဖြစ်နေသည့် ပြသာနာအား ပြေလည်အောင်ဆောင်ရွက်ပေးထားပြီဟု ရပ်ကျေးအုပ်ချုပ်ရေးမှူးက ဆိုသည်။

“တစ်ချို့နေရာတွေဆို ၁ သိန်းခွဲတောင် ကြိုထုတ်ပေးတယ်။ ကျနော်တို့က ၁ သိန်းတောင်းတယ်။ ဒါပေမယ့် သူတို့က ၈ သောင်းပေးမယ်ဆိုပြီး ပြောတယ်။ မကျေနပ်လည်းမတတ်နိုင်ဘူးလေ ကျနော်တို့လုပ်ထားတဲ့ လုပ်အားခတွေရှုံးကုန်မှာစိုးလို့ လက်ခံလိုက်ပြီ” ဆိုပြီး ယင်းငှက်ပျောစိုက်ခင်းတွင် လုပ်ကိုင်နေသူတစ်ဦးက ဆိုသည်။

ကချင်ပြည်နယ်တွင် တရုတ်တစ်သျှူးငှက်ပျောအား၂၀၁၂ ခုနှစ်ကစတင်စိုက်ပျိုးလာခဲ့ကြပြီးနောက် ဒေသခံနှင့် ကုမ္မဏီများကြားလည်း ပြသာနာများဖြစ်ပွားလာခဲ့ကြသည်။ ယခုပြသာနာဖြစ်သည့် ဒိန်ဂျန်ကျေးရွာတွင် ဧကပေါင်း ၃ ထောင်ခန့်ရှိကြောင်း ရပ်ကျေးအုပ်ချုပ်ရေးရုံးမှ သိရသည်။

“ ဖြစ်နိုင်ရင်တော့ အလုပ်သမားတွေမနစ်နာအောင် သက်ဆိုင်ရာအစိုးရဘက်က တာဝန်ရှိတဲ့သူတွေကိုယ်တိုင် ကွင်းဆင်းစစ်ဆေးပြီး လုပ်ခလစာနဲ့ပတ်သက်တဲ့ ညှိနှိုင်းမူမျိုးကို လုပ်ပေးစေချင်တယ်။” ဟု ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးနော်ဆန့်က ပြောသည်။

Show More

Related Articles

Back to top button