သတင်း

ဖားကန့်တွင် လက်လုပ်လက်စားများ လျှောက်လွှာများ စတင်လက်ခံနေ

ကချင်ပြည်နယ် ဖားကန့်မြို့တွင် ပထမဆုံး လက်လုပ်လက်စား ကျောက်စိမ်းတူးဖော်ခွင့်ပြုလိုက်ပြီးနောက် လုပ်ကွက်လျှောက်လွှာများကို မတ်လ ၃ရက်နေ့မှစကာ ဖားကန့်မြို့ အထွေထွေအုပ်ချုပ်ရေးရုံးတွင် ရောင်းချပေးနေသည်ဟု သိရသည်။

ကချင်ပြည်နယ် မှတ်ပုံတင် ၁/ ကိုင်ဆောင်သူများ၊ အိမ်ထောင်စုဇယားပုံစံ (၆၆/၆) ရှိသူများ လျှောက်ထားခွင့်ရှိပြီး တစ်ဦးလျှင်လုပ်ကွက် ၃ကွက်အထိ လျှောက်ထားနိုင်သည်ဟု သိရသည်။

“ဦးစားပေးကတော့ မှတ်ပုံတင် ၁/ ကမန (ကားမိုင်း) ကိုင်ဆောင်တဲ့သူတွေကို ကမန မှတ်ပုံတင်က ဖားကန့်ကဖြစ်တဲ့အတွက် ဦးစားပေးခြင်းဖြစ်တယ်။ ၁/ကမန တော့မရှိဘူး အိမ်ထောင်စုဇယားပုံစံ (၆၆/၆) ရှိရင်တော့ သတ်မှတ်ထားတဲ့စည်းမျဉ်းအတိုင်း စီစစ်ပေးသွားဖို့ရှိတယ်။ နောက်ပြီးတော့ တစ်ဦးလျှင် လုပ်ကွက် ၃ကွက် လျှောက်လို့ရတယ်။ ရမရတော့ သတ်မှတ်စံချိန်စံညွှန်းနဲ့ စီစစ်ပေးမှာဖြစ်တယ်။” ဟု ကချင်ပြည်နယ် သယံဇာတနဲ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးဒရှီလဆိုင်း ပြောသည်။

လျှောက်ထားသူများတွင် လုပ်ကွက်နံပါတ်တူနေပါက အခြားမြို့နယ်များထက် ၁/ ကမန မှတ်ပုံတင်ကိုင်ဆောင်သော ဖားကန့်၊ ကာမိုင်း ဒေသခံများကို အဓိကဦးစားပေးမည်ဖြစ်ပြီး၊ ၁/ကမန ကိုင်ဆောင်သူများအချင်းချင်း သတ်မှတ်ထားသည့် အရည်အချင်း လုပ်ကွက်တူညီနေပြန်လျှင် စဘော်ငွေ ကြိုပေးထားသူများကိုသာ အဓိက ဦးစားပေးမည်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

လက်လုပ်လက်စား လုပ်ကွက်တစ်ကွက်၏ ဧရိယာအကျယ်အဝန်းသည် တစ်ဧကရှိပြီး လုပ်ကွက်သက်တမ်းသည် တစ်နှစ်ဖြစ်သည်။ လုပ်ကွက်တစ်ကွက်လျှင် ပြည်နယ်အစိုးရ၏ စဘော်ငွေကျပ်(၅၀၀၀၀၀)၊ လျှောက်လွှာတစ်စောင်(၁၀၀၀)၊ မှတ်ပုံတင်ကြေး(၃၀၀၀)၊ စစ်ဆေးခ(၅၀၀၀၀)၊ ဒေသဖွံ့ဖြိုးရေး ရံပုံငွေ(၁၀၀၀၀၀) စုစုပေါင်း ၆၅၄၀၀၀ ကျပ် ပေးသွင်းရမည်ဖြစ်သည်။

“ တူးတဲ့အပိုင်းကျတော့ လေးပင်စနစ်ဘဲတူးတူး လုပ်ငန်းပေါ်မူတည်တယ်။ ကျနော်တို့အနေနဲ့တော့ သတ်မှတ်ချက်ပေးထားခြင်းမရှိပါဘူး။ လွှတ်လွှတ်လပ်လပ်တူးခွင့်ရှိတယ်။ ဒါပေမယ့် သုံးရမယ့် စက်ယန္တာရားတော့ ၂၅ကောင်ထက်ကျော်လို့ မရပါဘူး။ “ ဟု သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးက ပြောသည်။

လက်ရှိလက်လုပ်လက်စား ကျောက်စိမ်းလုပ်ကွက်များအနေဖြင့် တာမခန်၊ ဟောင်ပါးဧရိယာဘက်တွင် ၂၃၉ ဧက ၊ မရှီကထောင်၊ ဂျန်ထပ်ဧရိယာဘက်တွင် ၅၄ ဧက ၊ နမ္မဖြစ်ဒေသတွင် ၈၃ ဧက ရှိပြီး လုပ်ကွက်စုစုပေါင်း ၃၇၆ ကွက်ရှိကြောင်း သက်ဆိုင်ရာဌာနမှ သိရသည်။

လျှောက်လွှာကို မတ်လ ၃ရက်နေ့မှ ၁၃ရက်နေ့ထိ လျှောက်ထားခွင့်ပြုပြီး၊ ပြည်နယ်အစိုးရမှ စီစစ်ပြီးနောက် မတ်လ ကုန်ပိုင်းတွင် စတင်လုပ်ကိုင်ခွင့်ပြုမည်ဖြစ်ကြောင်း သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ပြောသည်။

ပြည်ထောင်စုမှ သတ်မှတ်ထားသည့် ကျောက်စိမ်းတူးဖော်ခွင့်ရ ဧရိယာသည် စုစုပေါင်း ဧက ၂၇၇၄၀ဧက ရှိပြီး ယခုပထမအကြိမ်တွင် လုပ်ကွက်စီစစ်ချထားပေးပြီးနောက် ထပ်မံ လျှောက်လိုသူများရှိနေပါက လက်လုပ်လက်စား လုပ်ကွက်များ ဆက်လက် အကွက်ဖော်သွားပေးမည်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

 

Show More

Related Articles

Back to top button