လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

မံစီမြို့မှာ စစ်တပ်ရဲ့လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့်  လူနေအိမ် ၂၀ ကျော်မီးလောင်ပျက်စီး

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့မှာ စစ်ကောင်စီတပ်ရဲ့လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် လူနေအိမ် ၂၀ ကျော် မီးလောင်ပျက်စီးသွားတယ်လို့ မံစီမြို့ခံတွေက ပြောပါတယ်။

မေလ ၁၃ ရက်နေ့ မံစီမြို့ မြို့မရဲစခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်သိမ်းပိုက်ထားပြီး ကျန်ရှိနေသေးတဲ့ စစ်တပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိိုက်ခံနေတာကြောင့် မြို့တွင်းနှစ်ဖက်တပ်တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပါတယ်။

တိုက်ပွဲတွင်း စစ်တပ်က နေ့တိုင်းဆိုသလို လေကြောင်းအသုံးပြု တိုက်ခိုက်နေတဲ့အတွက် ရဲစခန်း၊ စစ်တပ်နဲ့ နီးစပ်တဲ့လူနေရပ်ကွက်က နေအိမ် အလုံး ၂၀ ကျော် မီးလောင်ပျက်စီးသွားပြီလို့ မံစီမြို့ခံ တစ်ဦးက KNGကိုပြောပါတယ်။

လေယာဥ်ကဒီနေ့မနက်လည်းလာဝဲတယ် မနက်အစောကြီးနှစ်လုံးကျဲသွားတယ်။ မနေ့ကတော့တစ်ရက်ထဲကို အလုံး ၂၀ ကျော်ကျဲသွားတယ် ကောင်ရာရပ်ကွက်ထဲကစာသင်ကျောင်းထိပြီးပျက်စီးသွားတယ် မနေ့ကအထိဆိုရင်အိမ်ကအလုံး ၂၀ ကျော်တော့မီးလောင်သွားပြီ။ အဲ့တာကလုံးဝရစရှိကိုမရှိအောင်လောင်သွားတာ တစ်ချို့မီးဖို့ချောင်ပဲလောင်တာလည်းရှိတယ် မနေ့ကလည်းအိမ်နှစ်လုံးမီးဖိုချောင်တစ်လုံးလောင်သွားတယ်လို့ သူကပြောပါတယ်။

ဒေသခံတွေပြောချက်အရ လက်ရှိ စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲ တိုက်ခိုက်မှုကြောင့် မံစီမြို့ ပေါ်ရပ်ကွက်တွေဖြစ်တဲ့ ကောင်ရာရပ်ကွက်က လူနေအိမ် ၁၀ လုံးကျော်၊ ဂျိမ်းဖော့မြေရပ်ကွက် လူနေအိမ် ၁၀ လုံးကျော်နဲ့ မံစီမြို့နယ် နမ့်ခမ်းကျေးရွာက လူနေအိမ် ၂လုံး၊ မီးဖိုချောင်တစ်လုံး စုစပေါင်း လူနေအိမ် ၂၀ ကျော်အပါအဝင် စာသင်ကျောင်းတစ်ချို့လည်း မီးလောင်ပျက်စီးသွားပြီလို့ သိရပါတယ်။

လူနေအိမ်အများဆုံးမီလောင်ပျက်စီးသွားတဲ့ ကောင်ရာရပ်ကွက်နဲ့ ဂျိမ်းဖော့မြေရပ်ကွက်ဟာ မံစီးမြို့မရဲစခန်း နဲ့ နီးတဲ့ရပ်ကွက်တွေဖြစ်တဲ့အပြင် ထွေအုပ်ရုံး၊ စည်ပင်ရုံးတွေနဲ့အခြား အစိုးရဌာနဆိုင်ရာရုံးတွေအများစုရှိတဲ့နေရာမှာရှိတဲ့ ရပ်ကွက်ဖြစ်ပါတယ်။

မံစီမြို့ထဲက ရဲစခန်းကို KIAKPDF ပူးပေါင်းတပ်တွေက မေလ ၁၃ ရက်နေ့ အပြီးသတ်သိမ်းပိုက်လိုက်ပြီး မြို့ကို ထိန်းချုပ်ထားနိုင်တဲ့အနေအထားမှာရှိနေပေမယ့် လက်ရှိချိန်ထိ နှစ်ဖက်တိုက်ပွဲပြင်းထန်နေဆဲမို့ အရပ်သားတွေကိုတော့ လုံးဝဝင်ခွင့်မပေးသေးဘူးလို့ မံစီမြို့က ထွက်ပြေးတိမ်းရှောင်နေတဲ့ စစ်ရှောင်အမျိုးသားတစ်ဦးက KNGကိုပြောပါတယ်။

မြို့ထဲကိုတော့အခုပြည်သူတွေဘယ်သူ့ကိုမှဝင်ခွင့်မပေးသေးဘူးဗျ။ သူတို့တာဝန်ရှိတဲ့လူတွေလောက်ပဲ ဝင်ထွက်သွားလာလို့ရတယ် နယ်မြေရှင်းလင်းရေးတွေလုပ်နေတယ်တုန်းတဲ့ မနေ့ကလည်း အလောင်းတွေစုပြီး မီးရှို့နေတယ်လို့သူကပြောပါတယ်။

မံစီမြို့မှာ မေလ  ရက်နေ့ကတည်းက နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားနေတာဖြစ်ပြီး မေလ ၁၃ ရက်နေ့ရဲစခန်းသိမ်းတိုက်ပွဲကရရှိတဲ့ ရုပ်အလောင်းတွေနဲ့ လွန်ခဲ့တဲ့နေ့တွေက တိုက်ပွဲတွေမှာသေဆုံးခဲ့တဲ့စစ်ကောင်စီစစ်သားတွေရဲ့ရုပ်အလောင်းအများအပြားကိုမနေ့က စုပုံပြီးမီးရှို့တာတွေပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေကဆိုပါတယ်။

လက်ရှိမံစီမြို့ထဲက ရဲစခန်းကိုသိမ်းပိုက်ထားပေမယ့် မံစီမြို့အဝင်ဆိုင်းဘုတ်အနီးက ခမရ ၃၁၉ တပ်နဲ့ မံစီ– ဗန်းမော်ကားလမ်းပိုင်းရှိ မံစီမြို့အနီးက ခမရ ၆၀၁ တပ်တွေကျန်ရှိနေသေးတာကြောင့် အဲ့ဒီကျန်ရှိနေတဲ့တပ်စခန်းတွေကို ဆက်လက်တိုက်ခိုက်သိမ်းပိုက်နေဆဲ ဖြစ်တယ်လို့သိရပါတယ်။

ကျနော်တို့နဲ့နည်းနည်းဝေးတော့လက်နက် ကြီးသံပဲကြားရတယ် လက်နက်ကြီးသံတွေကတော့ ခုထိကြားနေရတုန်းပဲ အခုလောလောဆယ် စစ်ကောင်စီတွေထိုင်ထားတဲ့နေရာကသုံးနေရာရှိတယ် ခမရ ၃၁၉ ရယ်၊ ၆၀၁ ရယ်ပြီးတော့ အဲ့ဒီတပ် နှစ်တပ်ကြားမှာ အမြောက်တပ်တစ်ခုရှိသေးတယ်အဲ့တာတော့သေးသေးလေးပဲအမြောက်တပ်ထိုင်ထားတာ အဲ့တာတွေကျန်နေသေးတယ်လို့ အထက်မှာဖော်ပြခဲ့တဲ့ ခရစ်ယန်ဓမ္မဆရာတစ်ဦးကပြောပါတယ်။

လက်ရှိဗန်းမော်ခရိုင်ထဲမှာ KIAKPDF ပူးပေါင်းတပ်တွေက မံစီ၊မိုးမောက်၊ ဗန်းမော်စတဲ့နေရာတွေမှာမြို့သိမ်းပိုက်ပွဲတွေ ၊စခန်းသိမ်းတိုက်ပွဲတွေဆင်နွဲနေတာကြောင့် ဒေသခံပြည်သူ ထောင်ချီစစ်ဘေးရှောင်နေရတာဖြစ်ပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button