သတင်း

NUG စိုးမိုးနယ်မြေမဟုတ်တဲ့နေရာတွေကို စက်သုံးဆီရောင်းချခွင့်ပိတ်ပင်ကြောင်း ဟုမ္မလင်း ပအဖထုတ်ပြန်

စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ် အမျိုးသားညီညွှတ်ရေးအစိုးရ NUG ရဲ့ စိုးမိုးနယ်မြေမဟုတ်တဲ့နယ်မြေတွေမှာ စက်သုံးဆီသယ်ယူရောင်းချခွင့်မပြုဘူးလို့ ဟုမ္မလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မနေ့က မေလ ၁၅ ရက်နေ့မှာသတင်းထုတ်ပြန်ပါတယ်။

မုံရွာ၊ ကျွန်းလှနဲ့ တစ်ခြားမြို့နယ်တွေကနေ ဟုမ္မလင်းမြို့နယ်ထဲကိုသယ်ဆောင်လာတဲ့ စက်သုံးဆီတွေကို ဟုမ္မလင်းမြို့နယ်အတွင်း NUG စိုးမိုးထားတဲ့နယ်မြေအတွင်းမှာပဲ သယ်ယူရောင်းချခွင့်ပြုမှာဖြစ်တယ်လို့ ဆိုပါတယ်။

NUG စိုးမိုးနယ်မြေမဟုတ်ပဲ ပိတ်ပင်ထားတဲ့နယ်မြေတွေမှာ စက်သုံးဆီကိုသယ်ယူရောင်းချရင်တော့ ပြင်းထန်စွာ အရေးယူသွားမယ်လို့ဆိုပြီး သယ်ယူရောင်းချခွင့်ရှိတဲ့နေရာတွေကိုလည်း အခုလိုထုတ်ပြန်ထား ပါတယ်။

သယ်ယူရောင်းချခွင့်ရှိသော ဂိတ်ဆုံးနယ်မြေများမှာ ချင်းတွင်းမြစ်ကြောင်းအတိုင်းဆိုလျှင် ရွှေပြည်အေး မြို့ အထိ ကုန်းလမ်းကြောင်းဆိုပါက အောင်ပင်ကျေးရွာအထိသာ သယ်ယူရောင်းချခွင့်ပြုပါမည်။ ကန့်သတ်ထားတဲ့ နယ်မြေပြင်ပသို့ သယ်ယူရောင်းဝယ်ဖောက်ကားပါက ပြင်းထန်စွာအရေးယူဆောင်ရွက် သွားမည် ဖြစ်ကြောင်း” ထုတ်ပြန်ချက်မှာအသိပေးထားပါတယ်။

ခုလို အမျိုးသားညီညွှတ်ရေးအစိုးရ NUG ရဲ့ စိုးမိုးနယ်မြေမဟုတ်တဲ့ နယ်မြေတွေမှာ စက်သုံးဆီ သယ်ယူရောင်းချခွင့် တားမြစ်ခြင်းဟာထုတ်ပြန်ချက်ထုတ်တဲ့ မေလ ၁၅ ရက်နေ့ကစပြီး အတည်ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီအခြေနေနဲ့ပတ်သက်လို့ ဟုမ္မလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို ဆက်သွယ်မေးမြန်းဖို့ကြိုးစားနေပေမယ့် ဖုန်းလိုင်းအခက်အခဲကြောင့် ဆက်သွယ်လို့မရသေးပါဘူး။

ဒါကြောင့် ဟုမ္မလင်းမြို့နယ်ကာကွယ်ရေးတပ်ဘက်ကို KNG က ဆက်သွယ်ခဲ့ပေမဲ့ အခုလို စက်သုံးဆီသယ်ယူ ရောင်းချခွင့်တားမြစ်ချက်ဟာ ပြည်သူ့အုပ်ချုပ်ရေးဘက်ကထုတ်ပြန်တာဖြစ်တဲ့အတွက် သူတို့နဲ့မဆိုင်ဘူး လို့အကြောင်းပြန်ပါတယ်။

ဟုတ်ကဲ့ဒါက ပအဖဘက်ကလုပ်ဆောင်တဲ့ကိစ္စပါ သူတို့ကိုပဲမေးပါဗျ။ ကျနော်တို့နဲ့မဆိုင်ပါဘူးဗျ” 

စစ်ကိုင်းတိုင်းဟုမ္မလင်းမြို့နယ်မှာ စစ်ကောင်စီတပ်၊ရှမ်းနီအမျိုးသားတပ်မတော် SNA အဖွဲ့တွေနဲ့ ကာကွယ်ရေး ပူးပေါင်းတပ်တွေအကြား မကြခဏထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေတဲ့တဲ့ဒေသဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ နိုဝင်ဘာလ ၂၃ ရက်နေ့မှာတော့ ဟုမ္မလင်းမြို့နယ် ရွှေပြည်အေးမြို့ကို ကာကွယ်ရေးပူးပေါင်း တပ်ဖွဲ့တွေကအပြီးသတ်သိမ်းပိုက်ခဲ့ပြီး ဒီနေ့အထိမြို့ကိုထိန်းချုပ်ထားဆဲဖြစ်ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ မေလ ၁၃ ရက်နေ့မှာလည်း ဟုမ္မလင်းမြို့နယ်အနီး ဖောင်းပြင်မြို့မှာ စစ်ကောင်စီတပ်နဲ့ ပူစောထီး ပူးပေါင်းအထိုင်ချထားတဲ့ စခန်းကို ကာကွယ်ရေးပူးပေါင်းတပ်တွေက သွားရောက်တိုက်ခိုက်ခဲ့ပြီး နှစ်ဖက် အကျအဆုံးတွေရှိခဲ့သလို လက်နက်ခဲယမ်းတချို့ကာကွယ်ရေးတပ်ဘက်က သိမ်းပိုက်နိုင်ခဲ့ပါသေးတယ်။

By – အမိုး

Show More

Related Articles

Back to top button