သတင်း

အင်တာနက်မရသည့် ကချင်ပြည်နယ်က စာသင်ကျောင်း ၃၁ ကျောင်းသို့ DBE BOX များတပ်ဆင်

စနစ်သစ်သင်ရိုးညွှန်းတမ်းသင်ကြားရန်တွက် ကချင်ပြည်နယ်အတွင်း အင်တာနက်မရရှိသည့် မြို့နယ်၇ ခုမှ ကျောင်း ၃၂ ကျောင်းအတွက် DBE BOX (Digital Teaching Resources) ၃၂ လုံးကို ပထမဆုံး စတင်တပ်ဆင်ပေးမည်ဖြစ်ကြောင်း ကချင်ပြည်နယ် ပညာရေးရုံးမှူးရုံး သိရသည်။

အင်တာနက်မရရှိသည့်ကျောင်းပေါင်း ၁၁၄ကျောင်းရှိသော်လည်း ပထမဦးစားပေးအနေဖြင့် ၃၂ကျောင်းကို စတင်တပ်ဆင်ပေးခြင်းဖြစ်သည်ဟု ကချင်ပြည်နယ် ပညာရေးမှူး ဒေါ်ခင်သန်းနွှဲ့ ပြောသည်။

“ကျမတို့ သင်ရိုးသစ်အတွက် အခြေခံပညာရေးဦးစီးဌာနကနေ ဦးဆောင်ပြီးတော့မှ အွန်လိုင်းသင်တန်း လုပ်ဖို့တော့ စမ်းသပ်နေပါပြီ။ နောက်တစ်ခါ စမ်းသပ်တဲ့အဆင့်ရောက်နေပါပြီ။ နောက်တစ်ခါအင်တာနက်လိုင်းမမိတဲ့ အောက်ဖ်လိုင်းပေါ့။ ကချင်ပြည်နယ်မှာဆို အင်တာနက်မမိတဲ့နေရာတွေက ရာဂဏန်းရှိပါတယ်။ အဲတွက်လည်းကျမတို့က ပထမဆုံးအနေနဲ့ DBE BOX ၃၂လုံး ခွဲတမ်းရပါပြီ။ နောက်ထပ်လည်း အင်တာနက်လိုင်းမမိတဲ့ကျောင်းတွေအတွက် ဆက်ပြီးတောင်းထားပါတယ်။ ဆရာ၊ ဆရာမတွေရဲ့လက်ထဲမှာလည်း ဆရာကိုင်လက်ဆွဲစာအုပ်ရှိနေပြီဆိုတော့ BOX နဲ့ ဖွင့်ပြီး သင်ကြားဖို့တွက် ပြင်ဆင်နေပါပြီ” ဟု ပြောသည်။

အင်တာနက်မရရှိသည့်ကျောင်းများမှ ဆရာ၊ဆရာမများအတွက် ဘာသာရပ်ဆိုင်ရာစာအုပ်များ၊ သင်ကြားရေးအထောက်အကူပြု စာအုပ်များ၊ ပညာရေးဆိုင်ရာမူဝါဒများနှင့်ဥပဒေများ အလွယ်တကူလက်လှမ်းမီ လေ့လာနိုင်ရန်တွက် တပ်ဆင်ပေးခြင်းဖြစ်ပြီး အဆိုပါ DBE BOX များကို UNICEF က ထောက်ပံ့ပေးထားခြင်းဖြစ်သည်ဟု ပြောသည်။

သို့သော်လည်း နောက်ထပ်အလုံးများကိုမူ UNICEF က မဟုတ်ဘဲ အခြေခံပညာရေး ဦးစီးဌာန၏ ဘတ်ဂျက်ဖြင့် ပြန်လည်လျှောက်ထားသည်ဟု ဒေါ်ခင်သန်းနွှဲ့က ဆိုသည်။

ကချင်ပြည်နယ်တွင်း အင်တာနက်မရရှိသည့်မြိုနယ်များမှာ ခေါင်လန်ဖူး၊ ချီဖွေ၊ ဆော့လော်၊ နောင်မွန်း၊ ဆွမ်ပရာဘွမ်၊ တနိုင်း၊ နောင်မွန်းစသည်တို့ ဖြစ်သည်။

စနစ်သစ်သင်ရိုးညွှန်းတမ်းသည် Grade 4၊ Grade 7 ၊ Grade 10 ဖြစ်ပြီး လွန်ခဲ့သည့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် Grade 4၊ Grade 7 ၊ စတင်သင်ကြားပေးနေပြီးဖြစ်ကာ Grade 10 သည် ၂၀၂၀-၂၀၂၁ပ ညာသင်နှစ်မှ စတင်သင်ကြားမည်ဖြစ်ကြောင်း သက်ဆိုင်ရာမှ သိရသည်။

ယခင်နှစ်များတွင် စနစ်သစ်သင်ရိုးညွှန်းတမ်းများအတွက် နွေရာသီကျောင်းပိတ်ရက်သင်တန်းများပြုလုပ်နိုင်ခဲ့သော်လည်း ယခုနှစ်တွင်မူ Covid-19 ရောဂါကြောင့် လူစုလူဝေးမပြုလုပ်ရန်ထုတ်ပြန်ထားသည့်အတွက် ရေးဆွဲထားသော စနစ်သစ်သင်ရိုးညွှန်းတမ်းကို အွန်လိုင်းစနင်ဖြင့် သင်ကြားရန်ညွှန်ကြားလာခြင်းဖြစ်သည်ဟု ပြည်နယ်ပညာရေးမှူး ဒေါ်ခင်သန်းနွှဲ့က ဆိုသည်။

စနစ်သစ်သင်ရိုးညွှန်းတမ်းအား အွန်လိုင်းစနစ်ဖြင့် သင်ကြားနိုင်ရန်တွက် မေလ ၁၁ ရက်နေ့မှစကာ အခြေခံပညာရေးဦးစီးဌာနမှ တိုင်းနဲ့ပြည်နယ်အသီးသီးရှိ ဆရာ၊ဆရာမများအား စတင်စမ်းသပ် သင်ကြားပေးနေပြီဖြစ်သည်။

ကချင်ပြည်နယ်တွင်း အခြေခံပညာရေး စာသင်ကျောင်းများဖြစ်သော မူလတန်းကျောင်း၊ မူလွန်ကျောင်း၊ အလယ်တန်းကျောင်းနှင့်အထက်တန်းကျောင်း စုစုပေါင်း ၁၅၅၈ ကျောင်းရှိကြောင်း ကချင်ပြည်နယ်ပညာရေးမှူး ရုံးမှသိရသည်။

 

Show More

Related Articles

Back to top button