အခြေခံပညာစာသင်ကျောင်းများ အောင်စာရင်း ဇွန်လ ၁၃ ရက်နေ့ထွက်မည်

၂၀၁၉-၂၀၂၀ ပညာသင်နှစ် အခြေခံပညာစာသင်ကျောင်းများ၏ အောင်စာရင်းများကို ဇွန်လ ၁၃ရက်နေ့တွင် ထွက်တော့မည်ဖြစ်ကြောင်း ကချင်ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။
“လူစုလူဝေးမဖြစ်အောင်လို့ တစ်နေရာနဲ့တစ်နေရာ အောင်စာရင်းတွေကို ခွဲပြီးကပ်ဖို့မှာထားပါတယ်။ သူ့ရဲ့အတန်းလိုက် အတန်းလိုက်အောင်စာရင်းကို သပ်သပ်စီကပ်ပေးထားဖို့တွက် မြို့နယ်ပညာရေးမှူး အဆင့်ဆင့် ညွှန်ကြားထားပြီးဖြစ်တယ်။ အောင်စာရင်းလာကြည့်တဲ့သူတွေက Social Distancing အတိုင်း တစ်ယောက်နဲ့တစ်ယောက် ၆ပေကွာဖို့နဲ့ အောင်စာရင်းကြည့်တဲ့ခါဘဲဖြစ်ဖြစ် ကျောင်းသားလက်ခံတဲ့ချိန်မှာလည်း၊ ကျောင်းဖွင့်တဲ့ချိန်ဘဲ ကျောင်းသားတွေ၊ ဆရာတွေလိုက်နာရမယ့် ဆောင်ရွက်ရမည့်အရာတွေကို ညွှွန်ကြားထားပြီးဖြစ်တယ်။” ဟု ပြည်နယ်ပညာရေးမှူး ဒေါ်ခင်သန်းနွဲ့ထံမှ သိရသည်။
ထို့နောက် အခြေခံပညာစာသင်ကျောင်းများကို ဇူလိုင်၂၁ ရက်နေ့မှစကာ ကျောင်းများအပ်နှံရေး စတင်တော့မည်ဟု ဆက်လက်ပြောဆိုသည်။
“ကျောင်းဖွင့်ဖို့တွက် မြို့နယ်မှူး၊ ကျောင်းအုပ်တွေအဆင့်ဆင့် ဆောင်ရွက်နေပြီဖြစ်ပါတယ်။ ကျောင်းမှာရှိတဲ့ စာသင်ခန်းအရည်အတွက်၊ စာသင်ချိန်အရေအတွက်၊ ဆရာ၊မတွေရဲ့စာသင်ချိန် အဲဒါတွေနဲ့ညှိနှိုင်းပြီးတော့ တစ်ချို့ကျောင်းတွေမှာဆို ပုံမှန်တိုင်း ၃ချက်စလုံးပြည့်စုံရင် တစ်သုတ်တက်တဲ့ကျောင်း၊ တစ်ချို့ကလည်း ဥပမာအားဖြင့် စာသင်ခန်းရှိတယ် ဆရာမလည်းလုံလောက်တယ် သို့သော်လည်းစာသင်ခုံမလောက်ဘူးဆိုရင် သူတို့က ကျမတို့က တစ်ပတ်ခြားဆီ ဒီပတ်က ၅၀ရာခိုင်နူန်းတက်မယ် ကျန်တဲ့နောက် ၅၀ရာခိုင်နူန်းကတစ်ပတ်တက်မယ်။ အဲဒါမှမလောက်သေးဘူး စာသင်ခုံ၊ စာသင်ခန်းအခက်ခဲရှိတယ်ဆိုရင် အဆင်မပြေသေးဘူးဆိုရင် တစ်ရက်မှာ ၂သုတ်တက်မယ် တစ်ပတ်ခြားဆီတက်ရမယ် အဲဒါမှကျောင်းသားရဲ့ ၂၅ရာခိုင်နူန်းဆီတက်ရမှာဖြစ်ပါတယ်။” ဟု ပြောသည်။
တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းသည်လည်း ယခင်နှစ်များကဲ့သို့ အောင်စာရင်းနဲ့ထုတ်ပြန်ကြေညာမည်မဟုတ်ဘဲ အထက်တန်းပြီးဆုံးကြောင်း ကိုသာကြေညာမည်ဟု သိရသည်။